သီတင်းကျွတ် မီးအိမ်လုပ်ငန်းများ နယ်ဈေးကွက် အားကိုး

0
514

မြိတ်မြို့နယ်တွင် သီတင်းကျွတ် ကာလအတွင်း အသုံးပြုသည့် ရိုးရာ မီးအိမ်(ဒေသအခေါ် မီးပုံး) လုပ်ငန်းများ နယ်ဈေးကွက်ကိုသာ အဓိက အားကိုး နေရကြောင်း မြိတ်မြို့ပေါ်ရှိ မီးအိမ် လုပ်ငန်းများထံမှ သိရသည်။


ယခင်က သီတင်းကျွတ်ကာလတွင် မီးအိမ်များကို မြို့ပေါ်တွင် တွင်ကျယ်စွာ အသုံးပြုဖူးသော်လည်း ပြီးခဲ့သည့် ၈ နှစ်ဝန်းကျင်မှစပြီး အလှဆင် လျှပ်စစ် မီးလုံးများကို အသုံးပြုမှုများလာပြီး မီးအိမ်အသုံးပြုမှု နည်းသွားကြောင်း အထက်ပါ လုပ်ငန်းများမှ သိရသည်။
မြို့ပေါ်တွင် အသုံးပြုသူနည်းပြီး နယ်ဘက်မှ အဝယ်များသည်ဟု မီးအိမ် လုပ်ငန်းလုပ်ကိုင်သူ ဦးကြီးမြင့်က ပြောသည်။
” နယ်ဘက်ကတော့ နှစ်တိုင်း ရောင်းရပါတယ်၊ သူတို့ဆီမှာ တချို့ က လျှပ်စစ်မီးတွေ ရနေပေမယ့် မီးပုံး (မီးအိမ်)တွေကိုတော့ ရိုးရာမပျက် အစဉ် အလာအတိုင်း အသုံးပြုနေကြတာပါ” ဟု ဦးကြီးမြင့်က ပြောပြသည်။သီတင်းကျွတ်ကာလတွင် မီးအိမ် များကို အသုံးပြုသည့်အခါ အနည်းဆုံး ၅ လုံးခန့် သုံးမှ အဆင်ပြေကာ ကုန်ကျ စရိတ်မှာ ကျပ် ၁၅၀၀ ခန့်ရှိပြီး အလှဆင် လျှပ်စစ်မီးလုံး ဈေးနှုန်းနှင့် အတူတူဖြစ် သည့်အတွက် အလွယ် တကူပင် လျှပ်စစ် မီးလုံးများကို အသုံးပြုခြင်းဖြစ်ကြောင်း မြို့သစ်ရပ်နေ ဦးစန်းအေးက ပြောသည်။
” မီးပုံးက မီးလောင်မှာလည်း စိုးရိမ် ရတယ်” ဟု ဦးစန်းအေးက ဆိုသည်။
ထို့အပြင် မီးအိမ်လုပ်ငန်း လုပ်ကိုင် သူ တဖြည်းဖြည်း လျော့နည်း လာပြီး မြိတ်မြို့ပေါ်တွင် ရိုးရာ မီးပုံးလုပ်ငန်း လုပ်ကိုင်သူ ၃ ဦးခန့်သာ ရှိတော့သည်ဟု ဦးကြီးမြင့်က ပြော သည်။
သီတင်းကျွတ်ကာလတွင် အသုံး ပြုလေ့ ရှိကြသည့် မီးအိမ်များကို ဝါး၊ ဆီစိမ် စက္ကူ၊ စက္ကူကြမ်း၊ မှန်ကျင် စက္ကူ တို့ဖြင့် ပြုလုပ်ကြကာ မီးအိမ် အမျိုး အစားများမှာ ဆင်ချေးတုံး၊ ကြယ်၊ ကြိဂံ၊ ပန်းခြင်းတောင်းနှင့် လန်ဒန် ဆေးလိပ် အခွံ့ဖြင့် ပြုလုပ်သည့် မီးအိမ်တို့ ရှိကြပြီး ဈေးနှုန်းမှာ တစ်လုံးကို အနည်းဆုံး ကျပ် ၂၀၀မှ အများဆုံး ကျပ် ၃၅၀အထိ ရှိကြောင်း သိရသည်။