အောက်တိုဘာလ ၃ ရက်နေ့တွင် လာရောက်မည့် ထိုင်းဘုရင်သမီးတော် သီရိဒုံ၏ခရီးစဉ်အတွက် ထားဝယ်တွင် ကျူးကျော်ဆိုင်များနှင့် ကျုးကျော်အမိုးဖီများကို ဖျက်သိမ်းရန် ထားဝယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စက်တင်ဘာလ ၂၈ ရက်နေ့ကအကြောင်းကြားထားကြာင်း စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
တနင်္သာရီ တိုင်းဒေသကြီးမြို့တော်ဖြစ်သည့် ထားဝယ်မြို့သို့ ရက်ပိုင်းအတွင်း အရေးကြီးပုဂ္ဂိုလ်များ ရောက်လာမည်ဖြစ်၍ တိုင်းဒေသကြီးမြို့တော်အင်္ဂါရပ်နှင့်အညီ သပ်ရှင်းသန့်ရပ်မှုရှိစေရေး၊ လမ်းမပိတ်ဆို့စေရေးနှင့် လမ်းဘေးကျူးကျော်ဆိုင်များနှင့် ကျူးကျော်အမိုးဖီများကြောင့် မြို့ကျက်သရေမညှိုးနွမ်းစေရေးတို့အတွက် လမ်းဘေးကျူးကျော်ဆိုင်နှင့် ကျူးကျော်အမိုးအဖီများကို စက်တင်ဘာလ ၃၀ ရက်နေ့နောက်ဆုံးထား၍ ဖျက်သိမ်းရှင်းလင်းရန် အကြောင်းကြားထားကြောင်း ယင်းအကြောင်းကြားစာတွင်ဖော်ပြထားသည်။

“ယာယီသဘောပါပဲ။ ဆိုင်တိုင်းကို မဟုတ်ပါဘူး။ နောက်ဆုတ်လို့ရရင် နောက်ဆုတ်ပေးဖို့နဲ့ နောက်ဆုတ်ပေးဖို့မရှိရင် ယာယီဖျက်ပြီး ၃ ရက်လောက်နေမှ ပြန်ဖွင့်ဖို့ပြောတာပါ” ဟု ထားဝယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထားဝယ်မြို့အတွင်း သီရိဒုံသွားရောက်မည့် လမ်းများဖြစ်သည့် လေယာဉ်ကွင်းလမ်း၊ အာဇာနည်လမ်း၊ ရေးလမ်း၊ နိဗ္ဗာန်လမ်း၊ ဗိုလ်ချုပ်လမ်းနှင့် ကမြောကင်းလမ်းတစ်လျှောက်ရှိ လမ်းဘေးဈေးဆိုင်များကို အကြောင်းကြားစာများေ ပးပို့ထားကြောင်း စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
“နောက်ဆုံးထားပြီး ဖျက်ပေးရမယ့်ရက်ကိုပဲ ပြောတယ်။ ပြန်ဖွင့်လို့ရမယ့်ရက်မပြောဘူး” ဟု ထားဝယ်မြို့၊ ရွှေတောင်စားလမ်းတွင် ကွမ်းယာရောင်းသူတစ်ဦးက ပြောသည်။
၎င်းအပြင် ထိုင်းဘုရင်သမီးတော် သီရိဒုံ ထားဝယ်မြို့သို့လာမည့်ခရီးစဉ်ကြောင့် ၎င်းသွားမည့်လမ်းတစ်လျှောက်တွင် ဖုန်းတိုင်များ ထုံးသုတ်ခြင်း၊ လျော့ကျနေသည့် ဖုန်းကြိုးများကို ကြိုးဖြင့်ချည်နှောင်ခြင်း၊ ဓာတ်တိုင်၊ ဓာတ်ကြိုးနှင့်မလွတ်သည့် သစ်ပင်အကိုင်းအခတ်များကို ခုတ်ခြင်း စသည်တို့ကို ပြီးခဲ့သည့် တစ်ပတ်ကတည်းက လုပ်ဆောင်နေကြောင်း သက်ဆိုင်ရာဌာန၀န်ထမ်းအသိုင်းအ၀ိုင်းထံမှ သိရသည်။
ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံ ထားဝယ်နှင့် မြိတ်မြို့များသို့ အောက်တိုဘာလ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် လာရောက်မည်ဖြစ်ကြောင်း သိရသည်။