တစ်နှစ်နှင့် ငါးနှစ်အောက်ကလေးသေနှုန်းမှာ မွန်ပြည်နယ် အနည်းဆုံး

0
527

မွန်ပြည်နယ်သည် တစ်နှစ်အောက်နှင့် ၅ နှစ်အောက် ကလေးသေနှုန်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနည်းဆုံး ပြည်နယ်ဖြစ်သည်ဟု ၂၀၁၄ ခုနှစ် မွန်ပြည်နယ် သန်းခေါင်စာရင်း အစီရင်ခံစာအရ သိရသည်။


မွန်ပြည်နယ်၏ တစ်နှစ်အောက် ကလေးသေနှုန်းမှာ အရှင်မွေးကလေး ၁၀၀၀ ဦးလျှင် ၄၃ ဦးရှိပြီး တစ်နိုင်ငံလုံး၏ တစ်နှစ်အောက် ကလေးသေနှုန်း ၆၂ ဦးထက် များစွာလျော့နည်းနေကာ မြန်မာနိုင်ငံတွင် တစ်နှစ်အောက်ကလေးသေနှုန်း အနိမ့်ဆုံး ပြည်နယ်ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုအတူ အသက် ၅ နှစ်အောက် ကလေးသေနှုန်းလည်း အရှင်မွေးကလေး ၁၀၀၀ ဦးလျှင် ၄၈ ဦးရှိပြီး မြန်မာနိုင်ငံ ၏ အသက် ၅ နှစ်အောက်ကလေး သေနှုန်းမှာ ၇၂ ဦးရှိကာ အသက် ၅ နှစ်အောက် ကလေးသေနှုန်း အနိမ့်ဆုံး ပြည်နယ်ဖြစ်သည်။
မြန်မာနိုင်ငံတွင် တစ်နှစ်အောက် ကလေး သေဆုံးမှုနှုန်း အများဆုံးမှာ မကွေးတိုင်း ဒေသကြီးဖြစ်ပြီး အရှင်မွေး ၁၀၀၀ မှာ ၈၉ ဦးဖြစ်ပြီး ၅ နှစ်အောက် ကလေးသေဆုံး မှုမှာ ၁၀၈ ဦးဖြစ်ကြောင်း သိရသည်။
၂၀၁၄ခုနှစ် မတ်လ၂၉ ရက် ည တွင်ရှိသော မွန်ပြည်နယ်လူဦးရေ စုစုပေါင်းမှာ ၂ သန်းကျော်ရှိရာ ကျားဦးရေ ၉ သိန်း ၈ သောင်းကျော်နှင့် မဦးရေ ၁ သန်းကျော် ရှိရာ မွန်ပြည်နယ်၏ လူဦးရေသည် မြန်မာနိုင်ငံလူဦးရေ၏ ၄ ရာခိုင်နှုန်းရှိသည်။
မွန်ပြည်နယ်လူဦးရေသည် ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းတွင် ၁ သန်း ၃ သိန်း ကျော်ရှိပြီး၊ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းတွင် ၁ သန်း ၆ သိန်းကျော်ရှိခဲ့ရာ ၂၀၁၄ ခုနှစ်တွင် ၂ သန်းကျော်ရှိလာသည်။ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းနှင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကာလအကြားတွင် မွန်ပြည်နယ် လူဦးရေ ၂၂ ရာခိုင်နှုန်း တိုးတက်လာသည်ကို တွေ့ရှိရကြောင်း အစီရင်ခံစာတွင် ပါရှိသည်။
၂၀၁၄ ခုနှစ်က ကောက်ယူထားသည့် လူဦးရေသန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များကို ပြည်သူလူထုများ သိရှိနားလည်နိုင်အောင် မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနက စက်တင်ဘာ ၂၃ ရက်နေ့ မှစပြီး ပြည်နယ်အဆင့် စတင် ရှင်းလင်းနေပြီ ဖြစ်သည်။