မွန်တွင် မဲစာရင်းမပါ၍ ဆယ်ရက်အတွင်း လျှောက်ထားသူ ၂၀၀၀ ခန့်ရှိ

0
534

မွန်ပြည်နယ်တွင် ဆယ်ရက် အတွင်း မဲစာရင်းတွင် အမည်မပါ၍ ပြန်လည် လျှောက်ထားသူ ၂၀၀၀ ခန့်ရှိ ကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတာဝန်ခံအရာရှိ ဦးဟိဏ်းလင်း ထက်က ပြောသည်။


ယခုအကြိမ်မဲစာရင်းကို စက်တင် ဘာလ ၁၄ ရက်နေ့မှ ၂၇ ရက်နေ့ထိ ထုတ်ပြန် ကြေညာမည်ဖြစ်ပြီး ပြီးခဲ့သည့် ခန့်မှန်း မဲစာရင်း ထုတ်ပြန်စဉ်ကထက် စိတ်ဝင်စားသူများလာ သည်ဟု ဦးဟိဏ် လင်းထက်က ရှင်းပြသည်။ ” ဒီတခါ မဲစာရင်းကတော့ စိတ် ဝင် စားသူများလာတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် အကြိမ် ခန့်မှန်းအခြေခံ မဲဆန္ဒရှင်များစာရင်းထုတ်ပြန်ခဲ့စဉ်က မွန်ပြည်နယ် အခြေခံမဲစာရင်း ၁၄ သိန်း ၂ သောင်းကျော် ရှိကာ ပုံစံ (၃) ဖြင့် လျှောက်သူ ၂၃၀၀၀ ကျော်၊ ပုံစံ (၄) ဖြင့် လျှောက်ထားသူ ၉၀၀၀ ကျော်နှင့် ပုံစံ (၄-ဂ) ဖြင့် လျှောက်ထားသူ ၁၄၀၀၀ ကျော်ရှိခဲ့သည်။
သို့သော် ထိုစဉ်က ပြန်လည် လျှောက်ခဲ့သူတချို့ ယခုတစ်ကြိမ်မဲ စာရင်းတွင် ပြန်ပါလာခြင်းမရှိဟု မွန်မဲ ဆန္ဒရှင်တစ်ချို့က ပြောသည်။
“အရင်တစ်ကြိမ်မှန်ပြီးသား အချို့ စာရင်းတွေပါ မှားယွင်းတာတွေရှိသလို ပျောက်သွားတာတွေလည်း ရှိနေတယ်” ဟု ရေးမြို့ခံ ဦးအောင်နိုင်ဝင်းက ပြောသည်။
မဲစာရင်းတွင် မိမိအမည်မပါလျှင် ပုံစံ (၃) ဖြင့်လည်းကောင်း၊ အချက် အလက်များ မမှန်လျှင် ပုံစံ (၄-ဂ) ဖြင့် လည်းကောင်း၊ ကွယ်လွန်ပြီးသူ များနှင့် မဲပေးပိုင်ခွင့်မရှိသူများ ပါဝင်နေလျှင် အထောက်အထားနှင့် အတူ ပုံစံ (၄) ဖြင့် ပြင်ဆင်ခြင်း၊ ကန့်ကွက်ခြင်း လျှောက်ထား ခြင်းတို့ ပြုလုပ်ရမည်ဖြစ်သည်။
မွန်ပြည်နယ်အတွက် ယခုတစ်ကြိမ် ထုတ်ပြန်ထားသည့် မဲစာရင်းတွင် တပ်မတော်သား မိသားစုဝင်များ၊ ရဲတပ်ဖွဲ့ ဝင် မိသားစုများ၊ ရက်ပေါင်း ၁၈၀ အတွင်း နေထိုင်သူများ အပါအဝင် မဲဆန္ဒရှင် ၁၄ သိန်း ၆ သောင်း ကျော်ရှိသည်ဟုလည်း ကော်မရှင်က ပြောသည်။
မဲစာရင်းကို စိတ်ဝင်စားသူများ လာသော်လည်း ယခုတစ်ကြိမ် ထုတ် ပြန်သည့် မဲစာရင်းတွင်လည်း အမှား အယွင်းများဆဲ ဖြစ်ကြောင်း မဲဆန္ဒရှင် များနှင့် မဲစာရင်း စောင့်ကြည့်သူများက ပြောသည်။