တနင်္သာရီတိုင်းအတွင်း မဲဆန္ဒရှင် ခြောက်သောင်းနီးပါး တိုးလာ

0
515

စက်တင်ဘာလ ၁၄ ရက်နေ့တွင် ထပ်မံကြေညာသည့် မဲစာရင်းတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း မဲဆန္ဒ ရှင် ခြောက်သောင်းနီးပါး တိုးလာကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။


ပထမအကြိမ်ကပ်စဉ်က မဲဆန္ဒရှင် ရှစ်သိန်း လေးသောင်းခန့် ရှိသည့် တနင်္သာရီတိုင်းဒေသကြီးတွင် စက်တင် ဘာလ ၁၄ ရက်နေ့ မှ ၂၅ ရက်နေ့အထိ ထပ်မံကပ်သည့် မဲစာရင်းတွင် ကိုးသိန်း ကျော်ရှိကြောင်း ယင်းကော်မရှင် အဖွဲ့ခွဲ ထံမှ သိရသည်။
“ရှေ့စာရင်းမှာ မပါလို့ ထပ်တိုး တာရှိတယ်။ တပ်မတော်သားနဲ့ ရဲတပ် ဖွဲ့လည်း ပါလာတယ်” ဟု တိုင်းဒေသ ကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ရွေးကောက်ပွဲအရာရှိ ဦးထိန်လင်းဦးက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ရှိသည့် စုစုပေါင်း မဲရုံ ၁၁၇၀ တွင် တပ်မတော်သားမိသားစုဝင်များ အတွက် မဲရုံ ၈၀ ခန့်ရှိမည် ဖြစ်ပြီး တပ်မတော်နှင့် ရဲတပ်ဖွဲ့များမှ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ သုံးသောင်းခန့်ရှိမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပထမအကြိမ် မဲစာရင်းကပ်ခဲ့စဉ်က လာရောက်ပြင်ဆင်သူ ငါးသောင်းကျော် သာရှိခဲ့ပြီး မဲဆန္ဒရှင် စုစုပေါင်း၏ ၅ ရာနှုန်းကျော်သာ လာရောက်ပြင်ဆင်ခဲ့ ကြောင်း သိရသည်။
ထပ်မံကပ်ထားသည့် မဲဆန္ဒရှင် စာရင်းတွင် အမည်ထပ်နေခြင်း၊ ယခင် မဲစာရင်းတွင် ပါဝင်သူ တချို့နှင့် ပြင်ဆင် ပြီးသူတချို့ ပြန်မပါလာခြင်းစသဖြင့် အမှားအယွင်းများ ရှိနေသည့်အပြင် အချို့ရပ်ကွက်^ကျေးရွာတို့တွင် မဲစာရင်း ကို စာအုပ်ပုံစံပြုလုပ်ကာ ကပ်ထား သဖြင့် အမည်ရှာဖွေရန် မလွယ်ကူခြင်း စသည့် ပြဿနာများလည်း ဖြစ်ပေါ်နေ သည်။
မဲစာရင်းကို စာအုပ်ပုံစံ ကပ်သည် ကိုလက်မခံဘဲ ပြန်ပြင်ခိုင်းမည်ဖြစ်ပြီး မဲစာရင်းထပ်မံမှားယွင်းမှုများမှာ ကော် မရှင် ဝန်ထမ်းများ၏ နည်းပညာ ပစ္စည်း များနှင့် မယဉ်ပါးခြင်းကြောင့် ဖြစ်ကာ ကျန်ခဲ့သည့်မဲစာရင်းများကို ဖြည့်ပေး ခြင်း၊ ထပ်နေသည့် မဲစာရင်းများကို ပြင်ပေးခြင်းတို့ကို လုပ်ဆောင်သွား မည်ဟု အထက်ပါရွေးကောက်ပွဲ အရာရှိ က ပြောသည်။
” ရှာရတာက ခက်လိုက်တာ။ တွေ့ လည်းမတွေ့သေးဘူး။ ဒီလိုသာ ရှာနေရ မယ်ဆိုရင်တော့ မဲပေးချင်မှ လည်းပေးရ တော့” ဟု ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက် အုပ်စုတွင် မဲစာရင်းလာကြည့်သူ အမျိုး သမီးက ဆိုသည်။
ထပ်မံထုတ်ပြန်သည့် မဲဆန္ဒရှင် စာရင်းတွင် ယခင်ကကဲ့သို့ မဟုတ်ဘဲ အမည်ကို အက္ခရာစဉ်လိုက် စီထား သဖြင့် မိသားစုဝင်များတကွဲတပြား ဖြစ် နေခြင်းကြောင့် ရှာရခက်သည်ဟု လည်း မဲစာရင်းကြည့်သူများက ဝေဖန်သည်။
လောင်းလုံးမြို့နယ်၊ ကမြောကင်း ကျေးရွာတွင် ကပ်ထားသည့် စာရင်းအရ မဲဆန္ဒရှင် ၁၃၀၀ ကျော်တွင် ၅၀ ကျော်မှာ အမည်စာရင်းထပ်နေပြီး မောင်းမကန် ကျေးရွာတွင်လည်း ယခင်မဲစာရင်းက ပါသူများမပါဝင်ခြင်း၊ ပြင်ဆင်ပြီး သူများ မပါဝင်ခြင်းစသဖြင့် အမှားအယွင်းများရှိ နေကြောင်း ဒေသခံများထံမှ သိရသည်။