မဲဆွယ် ကာလနှင့် ယောင်ဝါးဝါးလျှပ်စစ်စီမံကိန်းများ

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

အိန္ဒိယနိုင်ငံမှာ ရွာသားတွေက သူတို့ရဲ့ လွှတ်တော် အမတ်နှစ်ဦးကို လမ်းလယ်ခေါင်မှာ ကြိုးနဲ့ တုပ်ထား ကြတယ်။ မဲဆွယ်ကာလက ပေးထားတဲ့ ကတိတွေ ဘာမှဖြစ်မလာတဲ့အပြင် ရွေး ကောက်ပွဲနီးမှ ရွာကို ပြန်ရောက်လာတဲ့ အတွက် ဝိုင်းဖမ်းထားကြတယ်လို့ ဆိုပါ တယ်။ မြန်မာနိုင်ငံမှာ ရွာသား တွေက အဲလိုလုပ်ရင် အမတ် ဘယ်နှယောက်များ ကြိုးတုပ်ခံရမလဲ မသိဘူး။

လက်ရှိ ရွေးကောက်ပွဲ ဝင်မယ့် အမတ်လောင်းတွေ ဒီလို ဖြစ်မလာအောင် သတိထားဖို့ လိုပါတယ်။ လာမယ့် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ကျင်းပမယ့် မြန်မာပြည် ရွေးကောက်ပွဲဟာ ၂၀၁၀ တုန်းကလို တစ်ကောင်တည်းပြေးတဲ့ မြင်းပွဲမျိုး မဟုတ်တော့ဘူး။ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ် လာမှာပါ။
ဒီလိုအခြေအနေမှာ ကိုယ်စားလှယ် လောင်းတွေ မဲဆွယ်တဲ့အခါ
(၁) ကိုယ်လုပ်ပေးနိုင်တဲ့အရာကိုပဲ ပြည်သူတွေကို ကတိပေးဖို့၊
(၂) ကတိပေးထားတဲ့အတိုင်း ဖြစ် အောင်လုပ်ပေးနိုင်ဖို့ အလွန် အရေးကြီး ပါတယ်။

ကိုယ်နဲ့ ကိုယ့်ပါတီ အနိုင်ရရေး အတွက် လျှပ်စစ်ဓာတ်အားတွေကို (ဘယ်လိုရအောင် လုပ်ပေးမယ်၊ ဘာကို သုံးပြီး ထုတ်မယ်၊ ဘယ်လို ဈေးသက် သာမယ် စသည်ဖြင့်) မစားရ ၀ခမန်း ဟောပြောမဲဆွယ် ကြတော့မယ်။ ၂၀၁၅ အလွန်မှာ ပေါ်ပေါက်လာမယ့် အစိုးရ အဖွဲ့သစ်ဟာ မဲဆွယ် ကာလတစ်လျှောက် ပြည်သူတွေကို ကတိ ပေးထားတဲ့အတိုင်း အကောင်အထည် ဖော်ပေးရမှာ ဖြစ်ပါ တယ်။ ဒါကြောင့် ရွေးကောက်ပွဲ မတိုင်မီ မှန်ကန်တိကျတဲ့ လျှပ်စစ်ပေါ်လစီ ချမှတ် နိုင်ရေးဟာလည်း အင်မတန်အရေးကြီး ပါတယ်။
ကိုယ်စားလှယ်လောင်းတွေအနေနဲ့ စီးပွားရေးသမားတွေက” မီတာခ ဈေး ပေါပေါရမယ်” ဆိုပြီး မက်လုံးပေးတိုင်း လွယ်လွယ်ယုံလို့ မဖြစ်ဘူး။ ၂၀၁၀ မဲဆွယ်စဉ်က သဘာဓာတ်ငွေ့သုံး လျှပ် စစ်တစ်ယူနစ် ကျပ် ၂၅၀ နဲ့ရမယ် ဆိုပြီး ပြည်သူကို ကတိပေးခဲ့ပေမဲ့ လက်တွေ့မှာ တော့ ကျပ် ၃၀၀ ဈေးနဲ့ ရောင်းတာတောင် သိန်းထောင်ချီ ရှုံးနေသေးတယ်။
not_sure_project
“ကျောက်မီးသွေးနဲ့ တစ်ယူနစ် ကျပ် ၂၀၀ လောက်နဲ့ ရမယ်” ဆိုခဲ့ပေမဲ့ လက်တွေ့မှာတော့ မီးသုံးအားနည်းလို့ တစ်ယူနစ် ကျပ် ၃၅၀ အောက် လျှော့ ချလို့ မရဘဲ ဖြစ်ခဲ့ရတာကို သတိပြု ရပါမယ်။
မြန်မာပြည်မှာ တောရောမြို့ပါ လျှပ်စစ်ပြည့်ပြည့်၀၀ ရရှိနေမှသာ ထမင်း ဟင်းချက်ဖို့ ထင်း၊ မီးသွေး အသုံးပြုမှု လျှော့ချနိုင်မယ်။ ထင်း၊ မီးသွေး လိုအပ်မှု လျှော့ချနိုင်ခြင်းဟာ လက်တွေ့ကျတဲ့ သစ်တော၊ သစ်ပင်၊ ဒီရေတော ထိန်းသိမ်း ခြင်းပဲ ဖြစ်တယ်။ အိမ်တိုင်း လျှပ်စစ်မီး ရှိလို့ ထမင်းပေါင်းအိုးနဲ့ ချက်နိုင်ပြီဆိုရင် ထမင်းရေငှဲ့ စရာမလိုတော့တဲ့အတွက် သန်မာထွားကျိုင်းတဲ့ လူငယ်မျိုးဆက် သစ်တွေ ပေါ်ပေါက်လာနိုင်ပါတယ်။
တနင်္သာရီတိုင်းဒေသကြီးအတွက် လျှပ်စစ် ရရှိနိုင်တဲ့ နည်းလမ်းနဲ့ အရင်း အမြစ်တွေကို တန်းစီလိုက်မယ်ဆိုရင် လေအား၊ အမှိုက်၊ ဆိုလာ၊ ဘိုင်အိုဒီဇယ်၊ မီးထိုးဆီ၊ ရေအား၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့နှင့် ဒီဇယ်တို့ပဲ ဖြစ်ပါ တယ်။ အဲဒီထဲက ဖြစ်နိုင်ခြေ အနည်းဆုံး နည်းလမ်းတွေကို အစဉ်လိုက် ဖယ်သွား ပါမယ်။

လေအား၊ အမှိုက်၊ ဆိုလာ

လေအားလျှပ်စစ်ဟာ ရင်းနှီး မြှုပ်နှံ ငွေ များလွန်းတဲ့အတွက် အရင်ဆုံးပယ် ပါတယ်။ ဒုတိယအနေနဲ့ ငြသ Gas ခေါ် အမှိုက်နဲ့ သစ်တိုသစ်စ လောင်စာ တွေ သုံးတဲ့နည်းကို ပယ်ပါတယ်။ စွန့်ပစ် အမှိုက်ကို သုံးပြီး လျှပ်စစ် ထုတ်တာဟာ စိတ်ကူးယဉ်လို့ အင်မတန်ကောင်းပါ တယ်။ ဒါပေမဲ့ မြို့တစ်မြို့ကို ဓာတ်အား ပေးနိုင်ဖို့အတွက် တစ်နေ့ တန်ချိန်ရာနဲ့ ချီတဲ့ အမှိုက်တွေရဖို့ မဖြစ်နိုင်ပါဘူး။
ဆိုလာကတော့ လယ်တဲ၊ ဥယျာဉ် ခြံတွေအတွက်ပဲ အဆင်ပြေပါတယ်။ ဒါတောင်လေးငါးလ လောက်နေရင် ဟိုဟာပျက် ဒီဟာပျက် ဒုက္ခပေးတာပဲ။ နိုင်ငံခြား ဆိုလာကုမ္မဏီတွေကတော့ တနသာရီတိုင်းကို တော်တော်မျက်စိ ကျကြတယ်။ အခု အစိုးရသက်တမ်း ၅ နှစ်အတွင်း လာရောက် လေ့လာတဲ့ အဖွဲ့ပေါင်း ၂၀ မကတော့ဘူး။ အားလုံး ဟာ Sကမလနပ အဆင့်ကနေ မတက်ဘူး။

နိုင်ငံတော် အဆင့်မှာတောင် လွန်ခဲ့ တဲ့ ဆယ်နှစ်ခန့်ကတည်းက ပြောဆိုနေ ကြပေမဲ့ အခုအချိန်အထိ တစ်ခုမှ ဖြစ်မ လာသေးပါဘူး။ ဆိုလာနဲ့ မီးပေးမယ့် အဖွဲ့တွေ တနင်္သာရီတိုင်းမှာ အလုပ်မဖြစ် ဘဲ ပြန်သွားရတဲ့ အကြောင်းအရင်းကို ဆန်းစစ်ကြည့်မယ်ဆိုရင် . . .
(၁) ရင်းနှီးမြှုပ်နှံမှု ကြီးမားပြီး အရင်း ပြန်ရရန် ၁၀ နှစ်ခန့် အထိ စောင့် ရခြင်း
(၂) နေရောင်ခြည် တိုက်ရိုက်ရရှိ သည့် နေ့အချိန်တွင် မီးသုံးအားနည်းခြင်း။
(၃) မီးသုံးများသည့် ညအချိန် အတွက် ဓာတ်အားသိုလှောင်ရန် ဘက် ထရီ အများအပြားနဲ့ charger, inverter များလိုအပ်ခြင်း တို့ကြောင့်ပဲ ဖြစ်ပါတယ်။

ဘိုင်အိုဒီဇယ်၊ မီးထိုးဆီ
ဘိုင်အိုဒီဇယ်ဆိုတာကတော့ ၂၀၁၀ မတိုင်မီက ဒီဇယ်ကို အစားထိုးမယ်ဆိုတဲ့ ” ကြက်ဆူဆီ” ပဲ ဖြစ်ပါတယ်။
” ကြက်ဆူဆီ တစ်ဂါလံ” ရဖို့ ကြိတ် တဲ့အခါ ” ဒီဇယ်တစ်ဂါလံ” နီးပါးကုန်ပါ တယ်။ ကြက်ဆူစီမံကိန်း စစ်ဆေးတဲ့ လူကြီးတွေ လာတဲ့အခါ “ပုံးထဲက ကြက်ဆူဆီ”ကို ပြပြီး “ပုလင်း ထဲက ဒီဇယ်ဆီ”နဲ့ စက်မောင်း ပြခဲ့ကြရပါ တယ်။ တိုးတိုးတိတ်တိတ် မျက်လှည့် ပြခဲ့ရပေမဲ့ တစ်ရွာလုံး သိကြတယ် လို့ ဆိုပါတယ်။ အဲဒီခေတ်ကတည်းက ပြော ချင်ခဲ့ပေမဲ့ မပြောရဲလို့ အခုမှ ပြောရတာ ဖြစ်ပါတယ်။

မီးထိုးဆီ (FO) လောင်စာကို သုံးပြီး လျှပ်စစ်ထုတ်တဲ့အခါ ဒီဇယ်ထက် ၂၀% ခန့် ပိုသက်သာပါတယ်။ ဒါပေမဲ့ နော် ဇယ်နဲ့ အခြား စက်ပိုင်းဆိုင်ရာများကို မကြာခဏ ဒုက္ခပေးတတ်တဲ့အတွက် ရေရှည်မှာ တွက်ချေ မကိုက်ပြန်ဘူး။ နောက်ပြီး FO ဆီဈေးကလည်း အရင် ကလို ဒီဇယ်ထက် ထက်ဝက်ခေါက်ချိုး သက်သာတာမျိုး မဟုတ်တော့ဘူး။ ဒါကြောင့် ဒီဘက်ခေတ်မှာ မသုံးကြ တော့ဘူး။ ကိုယ်တိုင် တစ်နှစ်ခန့် စမ်း သပ် အသုံးပြုဖူးတဲ့ အတွေ့အကြုံအရ ပြောခြင်း ဖြစ်ပါတယ်။

ရေအားရေအားဟာ မြန်မာ့လျှပ်စစ်အတွက် အဓိက အရင်းအမြစ် ဖြစ်ပါတယ်။ တနင်္သာရီတိုင်းမှာတော့ ကျွန်းစုနဲ့ မလိကျွန်း ရေအား လျှပ်စစ် နှစ်ခုပဲ ရှိပါတယ်။ ၁၉၉၆-၉၇ ခန့်က တည် ဆောက်ခဲ့ပြီး မိုးရာသီမှာ ကီလိုဝပ် ၁၀၀ ကျော်စီ ထွက်ရှိကြောင်း သိရှိရပါတယ်။ အရင် အစိုးရ လက်ထက်ကဆိုရင် စစ်ဘက် အရာရှိကြီးတွေ ခရီးထွက် တဲ့အခါ လမ်းမှာ ရေအိုင်၊ ရေချောင်းတွေ တွေ့လိုက်တာနဲ့ ရေအားလျှပ်စစ် လုပ်ခိုင်း တော့တာပဲ။
” အိုင်တွေ့တိုင်း လျှပ်စစ်ထုတ်”၊ ” မြေတွေ့တိုင်း ကြက်ဆူစိုက်” ရင်းနဲ့ပဲ ကမ္ဘာမှာ လျှပ်စစ်ရရှိမှု အနည်းဆုံးနိုင်ငံ ဖြစ်သွားရပါတယ်။
တနင်္သာရီတိုင်းမှာ တည်ဆောက် မယ်ဆိုတဲ့ ရေအားလျှပ်စစ်စက်ရုံ စီမံ ကိန်းပေါင်း မနည်းတော့ဘူး။ ဒါပေမဲ့ အခုအချိန်အထိ ဘာမှ ဖြစ်မလာခဲ့ဘူး။ ရေအားလျှပ်စစ်တစ်ခု တည်ဆောက် မယ်ဆိုရင် ရှုထောင့်အစုံကနေ လေ့လာ သုံးသပ်ဖို့ အရမ်း အရေးကြီးပါတယ်။

အနီးစပ်ဆုံးအနေနဲ့ သရက်ချောင်း ရေအား လျှပ်စစ်စက်ရုံကို ဥပမာ ပြုလို ပါတယ်။ အားသာချက်အနေနဲ့ ရေရှည် မှာ ဓာတ်အားခ သက်သာနိုင်ပါတယ်။ အားနည်းချက်အနေနဲ့ ကျပ်သိန်းပေါင်း တစ်ထောင်ခန့် ကုန်ကျခံထားပြီး အောင် မြင်ရင်တောင်မှ ရပ်ကွက် တစ်ကွက် စာသာလျှင် ဓာတ်အား ပေးနိုင်မှာ ဖြစ် တယ်။ မိုးရာသီမှာ ၁၀၀ ကီလိုဝပ်ခန့် ထုတ်ပေးနိုင်ပြီး ဆောင်းနဲ့ နွေမှာဆိုရင် တော့ အချိန်အကန့်အသတ်နဲ့သာ မီးပေး နိုင်မှာ ဖြစ်ပါတယ်။
နောက်တစ်ခုက သရက်ချောင်းမြို့ရဲ့ သင်္ကေတဟာ ရေတံခွန်ဖြစ်ပါတယ်။ ရေတံခွန်ဆိုတာ ရေတွေခွန်နဲ့အားနဲ့ စီးဆင်းနေမှသာလျှင် အသက်ဝင် လှပ နေမှာ ဖြစ်ပါတယ်။ မိုးရာသီမှာ ပြဿနာမရှိပေမဲ့ မိုးကုန်ရင် ညဘက် စက်လည်လို့ရအောင် ရေကို အသေ ပိတ်ထား ရတတ်ပါတယ်။ ဒါကြောင့်မို့ ထွက်ရှိမဲ့ လျှပ်စစ်ပမာဏနဲ့ ရေတံခွန်ရဲ့ သဘာဝ အလှကို ချင့်ချိန်ကိုင်တွယ်နိုင်ဖို့ လိုအပ်ပါတယ်။

တာဝန်ရှိသူများက စေတနာနဲ့ တည်ဆောက်ပေးထားတာ မှန်သော် လည်း ဒီမိုကရေစီခေတ်နဲ့အညီ သုံးသပ် တင်ပြခြင်းသာ ဖြစ်ပါတယ်။
တနင်္သာရီတိုင်းမှာ နောက်ထပ် ရေအားလျှပ်စစ်စက်ရုံတွေ ထပ်ဆောက်ဖို့ စဉ်းစားတဲ့အခါ ကီလိုဝပ် ဘယ်လောက်ထွက်ပြီး ဘယ်လောက်ကုန်မလဲ အရင်စဉ်းစားရပါမယ်။ တစ်နှစ်ပတ်လုံး ရေစီး သန်နေရဲ့လား၊ စက်ရုံကနေ ရွာအထိ ဆောက်ရမယ့် ဓာတ်အားလိုင်းရဲ့ အရှည်ကရရှိတဲ့ ဓာတ်အားပမာဏနဲ့ ကာမိရဲ့လား။ အဲဒါတွေကို ကြိုတင်စဉ်းစားသုံး သပ်ပြီးမှ လုပ်သင့်ပါတယ်။ နို့မဟုတ်ရင် ဘတ်ဂျက် ငွေတွေ အမြောက်အများကုန်ပြီး “ဖွတ်မရ ဓားမဆုံး” ဖြစ်သွားနိုင်ပါ တယ်။
မြန်မာပြည်တစ်ခွင်လုံး ဘတ်ဂျက်ငွေတွေ သောက်သောက်လဲ ကုန်ထားပြီး ရေမရှိလို့ မလည်ရတဲ့ အသေးစားရေအား လျှပ်စစ်စက် ရုံတွေ အများအပြား ရှိနေပါတယ်။

ပညာရှင်တွေကလည်း တနင်္သာရီတိုင်းမှာ (တွက်ခြေကိုက်မယ့်) ရေအားလျှပ်စစ်ထုတ်နိုင်တဲ့နေရာ သိပ်မရှိတော့ဘူးလို့ ဆိုထားပါ တယ်။

ကျောက်မီးသွေး
တရုတ်နိုင်ငံမှာ ဟောင်းနွမ်းပြီး အန္တရာယ်ရှိနေတဲ့ ကျောက်မီးသွေး ဓာတ် အားပေးစက်ရုံပေါင်း ၅၀၀၀ ကျော်ကို တဖြည်းဖြည်း ပိတ်သိမ်းဖို့ အစိုးရက ညွှန်ကြားထားပြီး ဖြစ်ပါတယ်။

ပတ်ဝန်းကျင်ကလူတွေ ကင်ဆာဖြစ် အများဆုံးနဲ့ အန္တရာယ်အပေး ဆုံးစက်ရုံတွေကို အရင်ဆုံး ပိတ်သိမ်းနေပါတယ်။ အဲဒီ အစောဆုံး ပိတ်ထားတဲ့ ကျောက်မီးသွေးစက်အစုတ်တွေဟာ ဓာတ်အားခဈေး ကောင်းရတဲ့ တနင်္သာရီတိုင်းမှာ လာဆောက်ဖို့ ကျားချောင်းချောင်းနေ ကြပါတယ်။
ပြီးခဲ့တဲ့လက ထိုင်းနိုင်ငံမှာ ” ကရ ဘီ” ကျောက်မီးသွေးဓာတ်အား ပေးစက်ရုံ ပိတ်သိမ်းပေးဖို့ အစာငတ်ခံ ဆန္ဒပြမှုတစ်ခု ထပ်မံဖြစ်ပွား ခဲ့တယ်။ ဆန္ဒပြမှု ဖြစ်ပေါ်ပြီး သိပ်မကြာခင်မှာပဲ “ထိုင်းလျှပ်စစ်အတွက် မြိတ်ဒေသမှာ ကျောက်မီးသွေးစက်ရုံတည်ဆောက်တော့မည်” ဆိုပြီး ထိုင်းမီဒီယာတွေမှာ ဖော်ပြလာပါတယ်။ ဒါကြောင့် Thai PBS ရုပ်သံလိုင်းနဲ့ မီဒီယာအချို့ မြိတ်မြို့နယ် မွှေးရှောင်အထိ လာရောက် သတင်းယူတာကို တွေ့ရပါတယ်။ မွှေးရှောင်ဒေသခံ တွေရဲ့ ကြက်ခြေ ခတ်လက်မြှောက်ပြီး ကန့်ကွက်ကြတဲ့ ဓာတ်ပုံတွေဟာလည်း ထိုင်း မီဒီယာ စာမျက်နှာတွေပေါ် ရောက်ရှိနေပြီ ဖြစ်ပါတယ်။

သဘာဝဓာတ်ငွေ့နှင့် ဒီဇယ်သာလျှင်
တနင်္သာရီတိုင်း တစ်ခုလုံး၏ လျှပ်စစ်အတွက် အခုရော၊ နောင် ရော သဘာဝဓာတ်ငွေ့နဲ့ ဒီဇယ်သာလျှင် အကောင်းဆုံး ဖြစ်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့နည်းလမ်းများစွာဟာ ကုန်ကျစရိတ်များ တဲ့အတွက် ချမ်းသာတဲ့နိုင်ငံတွေမှာသာ လုပ်နိုင်တဲ့ကိစ္စတွေ ဖြစ်ပါ တယ်။
လက်ရှိအချိန်မှာ မြန်မာတစ်ပြည်လုံး ဆိုးဆိုးရွားရွား ရေကြီး နစ်မြှုပ်နေတာဟာ သဘာဝပတ်ဝန်းကျင် ပျက်စီးနေမှုရဲ့ အကျိုးဆက် တွေဆိုတာ ဘယ်သူငြင်းချင်ပါသလဲ။

ဒီလိုအချိန်မှာ လျှပ်စစ်ဓာတ်အား အစွန်းထွက်ကလေးသုံးခွင့်ရဖို့ အတွက် ထိုင်းကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တွေကို ဆောက်ခွင့် ပေးမယ် ဆိုရင်တော့ အင်မတန် မိုက်မဲရာကျပါလိမ့်မယ်။

ထားဝယ်ခရိုင်မှာ ဂက်စ်လျှပ်စစ်ကို တစ်ယူနစ် ကျပ် ၃၀၀ နှုန်းနဲ့ သုံးခွင့်ရနေတာ သုံးလခန့်ရှိ သွားပြီ။ မြိတ်ဒေသမှာ သဘာဝဓာတ်ငွေ့ လျှပ်စစ်ကို သုံးခွင့် ရချင်တယ်ဆိုရင်တော့ ကံပေါက်-မြိတ် မဟာဓာတ် အားလိုင်း အမြန်ရောက်လာအောင် ပြည်ထောင်စုအစိုးရကို တောက် လျှောက် ဖိအားပေးဖို့ လိုအပ်ပါတယ်။
ဘ၀တူ ဖွံ့ဖြိုးဆဲနိုင်ငံတွေဖြစ်ခဲ့တဲ့ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က ပြည်သူ ၂၅ရာခိုင်နှုန်းသာ လျှပ်စစ်ရရှိခဲ့ပြီး ယခုအခါ ၇၅ ရာခိုင်နှုန်းအထိ ဓာတ်အား ရရှိနေပါပြီ။ သူတို့ဟာ ကမ္ဘာ့ဘဏ်ရဲ့ အကူအညီနဲ့ “မဟာဓာတ်အားလိုင်းကို တစ်ဆင့်ချင်း ချဲ့ထွင် ဆက်ဆွဲတဲ့နည်း”ကိုပဲ သုံးသွားတာ ဖြစ်ပါတယ်။ ကော့သောင်း ခရိုင်ကတော့ မဟာဓာတ်အားလိုင်းနဲ့ အလှမ်းဝေးလွန်းတဲ့အတွက် ဒီဇယ်နဲ့ပဲ စခန်းသွားရမယ့် အခြေအနေရှိပါတယ်။


Diesel Engine & Mini-grid (DEM)

တနင်္သာရီတိုင်းရဲ့ မြို့အားလုံးဟာ ၂၄ နာရီလျှပ်စစ်မီးရရှိပြီး သားဖြစ်ပါတယ်။ ဒါကြောင့် ကျေးလက်ဒေသတွေမှာ ဓာတ်အားခ ကျဆင်းရေးနဲ့ ၂၄ နာရီ ရရှိရေး အစီအမံများ ချမှတ်ဖို့ လိုအပ်ပါတယ်။ ကျေးလက်မီးလင်းရေးကို အဆင့်မြှင့်တင်ဖို့အတွက် Diesel Engine & Mini-grid (DEM) စံနစ်ကို သုံးဖို့ အကြံပြုလိုပါတယ်။ DEM ဆိုတာ လေးငါးရွာခန့်ရှိတဲ့ ကျေးရွာအုပ်စုတစ်ခုကို အလယ်စင်တာ ကျတဲ့ရွာမှာ စက်ထိုင်ပြီး၊ ၁၁၀၀၀ ဗို့ ဓာတ်အားလိုင်းနဲ့ မီးပေးတဲ့စံနစ်ကို ခေါ်ပါတယ်။ ရွာချင်းဆက် ရွာတန်းရှည်ဆိုရင် ပိုပြီး စရိတ်သက်သာ ပါတယ်။

၁၁၀၀၀ ဗို့ဓာတ်အားလိုင်း တစ်မိုင်လျှင် ကျပ်သိန်း ၂၂၀ ခန့်နဲ့ ၂၀၀ KVA ထရန်စဖော်မာတစ်လုံးအတွက် ၁၂၅ သိန်းခန့် ကုန်ကျ စရိတ်ရှိပါတယ်။ DနM စံနစ်ရဲ့ အားသာချက်က စက်တစ်လုံး တည်းကနေ ဓာတ်အား ကွန်ရက် ငယ် (Mini-grid) နဲ့ ချိတ်ဆက်ထား တဲ့အတွက် ၂၄နာရီဓာတ်အားပေးလို့ရပါတယ်။ ဓာတ်အား ပျောက်ဆုံး မှု နည်းတဲ့အတွက် ဓာတ်အားခ လျှော့ချနိုင်ပါတယ်။
ရွာမှာ မူလမီးပေးစားနေသူတွေ အနေနဲ့လည်း မိမိရဲ့ ဒီဇယ်စက် များကို မောင်းနှင်စရာမလိုတော့ဘဲ တဆင့်ဝယ်ယူ ဖြန့်ဖြူးနိုင်မှာ ဖြစ်ပါတယ်။ တိုင်းအတွင်း မြို့ရွာတော်တော်များများမှာ ၂၄ နာရီ မီးရရှိနေတာဟာ DEM စနစ်ကို အခြေခံပြီး ဆောင်ရွက်ထားလို့ ဖြစ်ပါတယ်။

အားလုံးကို ခြုံငုံသုံးသပ်မယ်ဆိုရင် ၂၀၁၅မှာ တက်လာမယ့်အစိုးရ အဖွဲ့သစ်ဟာ လျှပ်စစ်အတွက် အရေးကြီးတဲ့ အချက်နှစ်ချက်ကို စွမ်း ဆောင်ပေးရပါမယ်။ ပထမတစ်ချက်က ကံပေါက်-ထားဝယ်မဟာ ဓာတ်အားလိုင်း တည်ဆောက်နိုင်ဖို့ ပြည်ပချေးငွေရှာပေးနိုင်တဲ့ အစိုးရ အဖွဲ့ဖြစ်ဖို့ လိုပါတယ်။
ဒုတိယအချက်က ကျေးလက် မီးလင်းရေးအတွက် DEM စနစ်ကို လက်တွေ့ကျကျ ဖော်ဆောင်ပေးနိုင်မယ့်ပုဂ္ဂိုလ်များ ဖြစ်ဖို့လိုပါတယ်။ ဒါမှသာ မဟာဓာတ်အား လိုင်းရောက် လာတဲ့အခါ အဆင်သင့်ဖြစ်နေတဲ့ မြို့ရွာများရှိ Mini-grid တွေနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို မဟုတ်ဘဲ လမ်းစဉ်ဟောင်းကြီးအတိုင်း မသေချာ မရေရာတဲ့ “ယောင်ဝါးဝါး လျှပ်စစ်စီမံကိန်း” တွေနဲ့ မဲလာဆွယ်မယ်ဆို ရင်တော့…။

ကျော်ဟိန်းစကား ငှားပြောလိုက်မယ်။

” ဆယ်နှစ် ”

” ဆယ်နှစ်” ။