မောတောင်ဒေသထွက် ပန်း ဝယ်ရောင်းများ အမြတ်အစွန်းနည်းလာ

0
393

တနင်္သာရီမြို့နယ် မောတောင် ဒေသ နှင့် တစ်ဆက်တည်းရှိ ထိုင်းနိုင်ငံ ပရာကျွတ်မြို့ ပရာကျွတ်ဈေးအတွင်း ရောင်းချသည့် မောတောင်ဒေသထွက် ပန်းဝယ်ရောင်းများ အမြတ်အစွန်း နည်းလာကြောင်း ယင်းပန်းဈေးကွက် အတွင်းမှ သိရသည်။

လွန်ခဲ့သည့် ၄ နှစ်ဝန်းကျင်က စ၍ တဖြည်းဖြည်း အမြတ်အစွန်း နည်းလာ ခြင်းဖြစ်ပြီး ဝယ်လိုအားလည်း ကျဆင်း လာသည်ဟု သိရသည်။
၂၀၀၅ နှင့် ၂၀၀၆ ခုနှစ်ဝန်းကျင်က ထိုင်း ဘတ်ငွေ ၁၀၀၀ ဖိုးဝယ်ပြီး ပြန် ရောင်းပါက အများဆုံး ဘတ်ငွေ ၁၀၀၀ အထိ အမြတ်အစွန်းရရှိခဲ့သော်လည်း လက်ရှိတွင် ဘတ်ငွေ ၃၀၀ ဝန်းကျင်သာ အမြတ်အစွန်းရှိတော့သည်ဟု မောတောင် ဒေသနေ တောပန်းများရောင်းချနေသူ မမြင့်ကြူက ရှင်းပြသည်။
” ဒါတောင် တစ်ပတ်လောက် ရောင်း ရတယ်” ဟု မမြင့်ကြူက ပြောပြသည်။
mawtg_flowers
ယခင်က ဘတ် ၅၀ ခန့်အထိ ရတတ်သည့် ပန်းခိုင်တစ်ခိုင် ပေါက်ဈေး မှာ လက်ရှိတွင် ဘတ် ၁၀ ဝန်းကျင် သာရှိတော့သည့်အပြင် ရောင်းချသူများ လည်း များလာသည့်အတွက် ယင်းသို့ အမြတ် အစွန်းနည်းကာ ဝယ်လိုအား လည်း ကျဆင်းသွားခြင်း ဖြစ်ကြောင်း သိရသည်။ယင်းကဲ့သို့ အမြတ်အစွန်းရရှိမှု နည်းပါးလာသည်မှာ ၄ နှစ် ဝန်းကျင် ခန့်ရှိနေပြီဖြစ်ကြောင်း တောပန်းများ ရောင်းချနေ သူတစ်ချို့က ဆိုသည်။

ထိုင်းနိုင်ငံသားများ၏ ဝယ်ယူမှုကို အဓိက အားထားရသည့် ယင်းဈေးတွင် သင်္ကြန်ကြို၊ ကျောက်မီးကြီး၊ ကျောက် မီးငယ်၊ ရှစ်မြောက်၊ တောင်သလင်းပန်း၊ တောပန်း၊ ဖယောင်းပန်း၊ စီတို၊ လက် တန်းရှည်၊ လက်တံတိုစသည့် ဒေသ ထွက် အပင်မျိုးအစား ၁၀ မျိုး ကျော် ခန့်ရှိကြောင်း သိရသည်။

ထို့ပြင် လူကြိုက်များသည့် သစ်ခွ ပန်းများနှင့် ကျားပရုံးအပင်များတို့လည်း ရောင်းချသည်။
မောတောင်ဒေသမှ ပရာကျွတ် ဈေးအတွင်း သွားရောက်ရောင်းချနေကြ သည့် တောပန်းများ၊ သစ်ခွပန်းများနှင့် ကျားပရုံး အပင်များကို ထိုင်းက ဝယ်ယူ ပြီး ဆေးဝါးများဖြင့် ပြန်လည်စိုက်ပျိုးပြီး မြန်မာဈေးကွက် အတွင်းသို့အချောထည် ပစ္စည်းများ အဖြစ် ပြန်လည်တင်ပို့မှုများ ရှိနေကြာင်း မောတောင်ဒေသခံ တစ်ချို့ ထံမှ သိရသည်။