မွန်တွင် ရုတ်တရက်အကြမ်းဖက်မှု ဖြစ်ပေါ်နိုင်သည့် မဲရုံ ရေးမြို့နယ်တွင်အများဆုံး

0
447

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပ မည့် အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်အတွင်း ရုတ်တရက် အကြမ်း ဖက်မှုဖြစ်ပေါ်နိုင်သည့် မဲရုံ ၉၂ ရုံ သတ်မှတ်ထားရာ ရေးမြို့နယ်အတွင်းရှိ မဲရုံများမှာ အများဆုံးပါဝင်လာသည်။


ယင်းပြည်နယ်အတွင်းရှိမြို့နယ် ၆ မြို့နယ်တို့မှ မဲရုံများကို ထိုသို့သတ် မှတ်ထားခြင်းဖြစ်ပြီး ကျိုက်မရောမြို့ နယ်တွင် မဲရုံ ၂၁ ရုံ၊ သံဖြူဇရပ်မြို့နယ်တွင် ၄ ရုံ၊ ရေးမြို့နယ်တွင် ၅၀ ရုံ၊ ကျိုက်ထို မြို့နယ်တွင် ၅ ရုံ၊ ဘီးလင်းမြို့နယ်တွင် ၇ ရုံနှင့် သထုံမြို့နယ်တွင် ၅ ရုံ အသီး သီးရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။
” ပဋိပက္ခဖြစ်နိုင်ဖွယ်ရှိတယ်လို့ဆိုပေမယ့်လည်း များသောအားဖြင့်တော့ ဖြစ်လာနိုင်မယ်လို့ ကျွန်တော်တို့က မထင်ဘူး။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဆိုရင်လည်း ငြိမ်းချမ်းရေး အတွက် စိတ်ဝင်စားစွာလုပ်နေတာတွေရှိတယ်ဆိုတော့ ပဋိပက္ခဖြစ်လာနိုင်မယ် လို့မထင်ဘူး။ အားလုံး ငြိမ်းချမ်းစွာ ဆန္ဒမဲပေးနိုင်မယ်လို့ကျွန်တော် ယုံကြည် တယ်” ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ဘိုဘိုဦးက ပြောသည်။
လာမည့်ရွေးကောက်ပွဲတွင် မွန်ပြည် နယ်၌ မဲရုံ ၉၁၉ ရုံထားရှိမည်ဖြစ်ပြီး တပ်တွင်းမဲရုံနှင့် ပတ်သက်ပြီး လက်ရှိ တွင် ၄၅ ရုံ လျာထားကာ အတိုးအလျှော့ ရှိနိုင်သည်ဟု ပြည်နယ်ကော်မရှင်ထံ မှသိရသည်။
လက်ရှိတွင်မဲဆန္ဒရှင်ပြည်သူများအတွက်သတ်မှတ်ထားသည့် မဲရုံ ၉၁၉ အတွက်အထူးရဲတပ်ဖွဲ့ဝင် ၉၁၉ ဦး ကိုခန့်အပ်ထားပြီးဖြစ်ကြောင်း တပ်တွင်း မဲရုံအတွက် အထူးရဲများ ဆက်လက်ခန့် အပ်သွားမည်ဖြစ်ကြောင်း ရဲမှူးကြီးက ပြောသည်။