လယ်တဲငှား၍ မူးယစ်ဆေးဝါး သုံးစွဲနေသည်ဟု ယူဆရသူ နှစ်ဦး ဖမ်းမိ

0
648

ထားဝယ်မြို့၊ ကြက်စားပြင် ရပ် ကွက်ရှိ ဆိပ်ကမ်းအာဏာပိုင်ရုံးအနီး လယ်မြေတွင်လယ်တဲကို ငှား၍ မူးယစ် ဆေးဝါး သုံးစွဲနေသည်ဟု ယူဆရသူ ၂ ဦးကို စက်တင်ဘာလ ၁၇ ရက်ညက ဖမ်းမိခဲ့ကြောင်း ထားဝယ်မြို့ မရဲစခန်း ထံမှ သိရသည်။

လယ်တဲ ငှားကာ နေ့ဘက်မနေဘဲ ညဘက်ကျမှသာ လူငယ်များ စုရုံးလာ ရောက်နေသည်ကို မသင်္ကာသဖြင့် ရပ်ကွက်နေ သူတချို့က သတင်းပေး လာသဖြင့် သွားရောက် စောင့်ကြည့်ကာ ဖမ်းဆီးရာမှ မူးယစ်ဆေးဝါး သုံးစွဲနေသူ ဟု ယူဆရသူ ၄ ဦးတွင် ၂ ဦးဖမ်းမိပြီး ကျန် ၂ ဦးမှာ ထွက်ပြေး လွတ်မြောက် သွားသည်ဟု ထားဝယ်မြို့မရဲစခန်းမှ စခန်းမှူးက ပြောသည်။

” ည ၈ နာရီလောက်မှာ တဲအိမ်ကို တပ်ဖွဲ့ဝင်တွေနဲ့ ဝင်ဝိုင်းတယ်။ တဲ က ခြေတံရှည်တဲ။ တဲပေါ်က ခုန်ချ လာကြ တယ်။ ပထမ တစ်ယောက်ပဲ မိတယ်။ ပြန်ယောင်ပြပြီး ပြန်ဖမ်းမှ နောက်တစ် ယောက်ထပ်မိတာ” ဟု ဟု စခန်းမှူး ဒုရဲမှူး မျိုးမြင့်ဦးက ပြောသည်။

ပထမဆုံး ဖမ်းမိသူတွင် ဘောင်း ဘီအိတ်ထဲမှ WY ဆေးပြား ၃၂ ပြားနှင့် ခဲပြား၁၀ခု၊ အအေးစုပ်ပိုက် တစ်ချောင်း တို့ တွေ့ရှိရပြီး တဲပေါ်တက် ရှာရာ ခဲပြား လိပ် ၁ လိပ်၊ ဘောပင် ခွံ့ ၁ ခု၊ ဂက်စ် မီးခြစ်အနီရောင် ၁ လုံးတို့ တွေ့ရှိခဲ့ကြောင်း ထားဝယ်မြို့မ ရဲစခန်း ထံမှ သိရသည်။
မူးယစ်ဆေးဝါးသုံးနေသည်ဟု မသင်္ကာသည့် တဲကို ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကျော်ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
” ညဘက် မမြင်ရတော့ ဘာမှ မမြင်ရဘူး။ တပ်ဖွဲ့ဝင်တွေက ဝင်လုံးပြီး ဖမ်းရတာ။ တကယ်လို့ သူတို့မှာ ဓား သို့မဟုတ် လက်နက် တစ်ခုခုရှိနေရင် တပ်ဖွဲ့ဝင်တွေအတွက် အန္တရာယ် ရှိနိုင် တယ်” ဟု စခန်းမှူးက ဆိုသည်။

ဖမ်းမိသူ နှစ်ဦးတွင် တစ်ဦးမှာ ဘုမ္မော်ရပ်ကွက်မှဖြစ်ပြီး ကျန်တစ်ဦးနှင့် ထွက်ပြေးလွတ်မြောက်နေသူ နှစ်ဦးတို့ မှာ ကြက်စားပြင်ရပ်ကွက်နေထိုင်သူ များဖြစ်ကာ အားလုံးမှာ အသက် ၂၀ ဝန်းကျင် အရွယ်များဖြစ်သည်ဟု ၎င်းက ဆိုသည်။
လယ်တဲကိုငှား၍ မူးယစ်ဆေးဝါး သုံးစွဲနေသည်ဟု သံသယရှိသူ လေးဦး ကို ထားဝယ်မြို့မရဲစခန်းက မယ(ပ) ၂၀/၂၀၁၄၊မူး^စိတ်ပုဒ်မ ၁၅^၁၆(ဂ)^ ၁၉(က) တို့ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းမှ သိရသည်။