တနင်္သာရီတိုင်းရဲ့ သမိုင်းအသစ် ရေးရအောင်

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

၂၀၁၅ခုနှစ် ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၆၀ လောက် လိုတဲ့အချိန်မှာ နိုင်ငံရေးပါတီတွေ အပြိုင်အဆိုင် စည်းရုံး ရေးတွေ လုပ်နေတာကို တွေ့ရပါတယ်။ နိုင်ငံသမိုင်း အသစ်ရေးထိုးဖို့၊ ပြည်သူ အတွက် အလုပ်အကျွေးပြုနိုင်ဖို့ ကြိုးစား နေကြတာကို တွေ့ရလို့ ဝမ်းသာမိပါတယ်။ ဆင်းရဲနုံချာပြီး အဘက်ဘက်က နိမ့်ကျနေတဲ့  ပြည်သူဘ၀တွေကို မြှင့်တင်ပေးနိုင်မယ် လို့ မျှော်လင့်မိပါတယ်။


ဒီလိုအချိန်မှာ ” သမိုင်းကို မအ အောင် သင်တယ်” ဆိုတဲ့ ဆရာကြီး ဒေါက်တာသန်းထွန်းစကားကို သတိရ ပါတယ်။ မြန်မာနိုင်ငံသမိုင်းကို ပြန် တွေးမိရင် ခေါင်းဆောင်ကောင်း ရတဲ့ အခါ အင်မတန်မှ တိုးတက်ကြီးပွား ခဲ့သလို ခေါင်းဆောင် ညံ့ဖျင်းတဲ့အခါ တိုင်းပြည် ပျက်ခဲ့ရတာတွေကို လေ့လာ ရပါတယ်။ မကြာမီကာလမှာ တိုင်းပြည် ခေါင်းဆောင်တွေကို ပြည်သူက ရွေးချယ် မှာဖြစ်လို့ တိုင်းပြည်အကျိုးဆောင် ရွက်နိုင်မည့် ခေါင်းဆောင်ကောင်းတွေ ပေါ်ပေါက် စေချင်ပါတယ်။

အသက်ပေါင်းများစွာ၊ ပျက်စီးခြင်း များစွာခံပြီး နယ်ချဲ့လက်အောက်ကနေ လွတ်လပ်ရေးကို ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ပြီး ပြည်သူတစ်ရပ်လုံး ကြိုးစားခဲ့တယ်။ လွတ်လပ်ရေးရပြီး သိပ်မကြာပါဘူး၊ ညီအစ်ကို မိသားစု ချင်း တိုက်ကြခိုက်ကြတာ အခုအချိန် တိုင်အောင်ပါပဲ။ ဒီတိုက်ပွဲတွေအတွက် တိုင်းပြည်မှာရှိတဲ့ မြေပေါ်မြေအောက် သယံဇာတတွေလည်း သူနဲ့ငါ အပြိုင် ရောင်းချခဲ့တာလည်း အားလုံး သိပါ တယ်။ ပညာရေး၊ ကျန်းမာရေးစတဲ့ တိုင်းပြည်ထူထောင်ရေးမှာ အသုံးချခဲ့ရင် အာရှမှာ အတော်ကြီးကျယ်မှာပါ။ ဒါ့အပြင် စစ်တိုက်နေရတော့ စစ်သားပဲ အရေးပါခဲ့ပြီး ပညာရှင်နဲ့ ပြည်သူဆိုတာ အသုံးမဝင်တဲ့ အနေအထား ရောက်ခဲ့ပါ တယ်။ ရှေးမြန်မာ မှတ်တမ်းတွေဖြစ်တဲ့ အမှားတော်ပုံကျမ်းတွေကို ကိုယ်တိုင် တွေ့ကြုံနေခဲ့ရပါတယ်။

new_tanintharyi_history
သမိုင်းတစ်ခုကို ဖော်ထုတ်တဲ့အခါ အစွဲတွေကင်းဖို့ လိုပါတယ်။ မြန်မာ သမိုင်းကို လေ့လာတဲ့အခါ မှန်တာတွေရှိ သလို မှားတာတွေလည်း ရှိပါတယ်။ အထူးသဖြင့် သမိုင်းတစ်လျှောက် အားကြီးသူသာ ရှင်သန်တယ်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အားကြီးသူတွေ ရေး သား မှတ်တမ်းတင်ခဲ့တာတွေကိုသာ    နောက်လူတွေအနေနဲ့ သိရပါတယ်။ ဆရာကြီး ဒေါက်တာသန်းထွန်းက     ကျောက်စာတွေ မြန်မာနိုင်ငံမှာ အများ ကြီးတွေ့ရပါတယ်။ ဒါပေမယ့် အများ အားဖြင့် အလှူမှတ်တမ်းတွေ ဖြစ်တယ်။ ပြည်သူအကြောင်း ဖော်ပြထားတာ အရမ်းနည်းတယ်လို့ ဆိုပါတယ်။

ဒီလိုပါပဲ ဒေသသမိုင်း၊ လူမျိုး စုငယ်တွေ သမိုင်းကို လေ့လာတဲ့အခါ အင်မတန် မျက်နှာငယ်ပါတယ်။ စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေအရ ဖျက်ဆီးခံရ တာတွေ၊ ဖော်ပြခွင့်မရတာတွေ၊ ဝါးမြိုခံ လိုက်ရတာတွေ အများကြီးရှိတယ်။ ဒီလိုပဲ စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူတွေက အသိပညာ အားနည်းပြီး ထိန်းသိမ်းစောင့် ရှောက်လိုစိတ် နည်းပါး ပြီး ပျက်စီး ပျောက်ကွယ် သွားတာလည်း ရှိပါတယ်။

တနင်္သာရီတိုင်းဒေသကြီးမှာဆို ထားဝယ်(သာဂရ)နဲ့ တနင်္သာရီမြို့ ဟောင်းတွေက လူသိများထင်ရှား ပါတယ်။ အခြား မြို့ဟောင်းတွေလည်း အတော်များများ ရှိပါတယ်။ ဒီဒေသနဲ့ ပတ်သက်ပြီး လေ့လာတဲ့အခါ အတော် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီ ထားဝယ်နဲ့ တနင်္သာရီမြို့ဟောင်းတွေကို ဗမာကလည်း သူပိုင်တယ်လို့ ဆိုတယ်။ မွန်ကလည်း သူပိုင်တယ် ဆိုတယ်။ ရခိုင်ကလည်း အားကျမခံ ငါတို့ဆီက ထွက်ပြေးတဲ့ လူတွေလို့ ဆိုတယ်။ ရှမ်း ကလည်း ငါတို့ပိုင်တယ်တဲ့။ ယိုးဒယား ကလည်း ငါတို့မြေလို့ အမြဲပြောတယ်။

တနင်္သာရီက သူငယ်ချင်းကတော့ ”  ငါတို့မြေလို့ထင်တာ မဟုတ်ဘူးပဲ” လို့ ရွဲ့ဘူးပါတယ်။
ဘာသာစကား လေ့လာတဲ့ ပညာ ရှင်တွေကလည်း ထားဝယ်နဲ့ တနင်္သာရီ ကို ဗမာလိုတစ်မျိုး၊ ယိုးဒယားလိုတစ်မျိုး၊ ရှမ်းလို တစ်မျိုး၊ မွန်လိုတစ်မျိုး၊ မလေး လိုတစ်မျိုး၊ ကရင်လိုတစ်မျိုး ဘာသာ ပြန်ကြလေရဲ့။ ထားဝယ်နဲ့တနင်္သာရီ စကားတွေထဲမှာ ဘယ်စကားလုံးက ငါ တို့စကားလုံးမို့ ဒီမြေက ငါတို့မြေဆိုတာ တွေလည်း မနည်းပါဘူး။ ဆရာမစ်ကီဟတ်            ရဲ့အဆိုအရ ဘာသာစကားတစ်ခုကို လေ့လာတဲ့အခါ စကားလုံး (အထူးသဖြင့် နာမ်တွေ)ကိုသာ လေ့လာတဲ့အခါ မပြည့်စုံပါဘူးတဲ့။ စကားလုံးတွေ တည် ဆောက်ထားတဲ့ သဒ္ဒါကိုလည်း လေ့ လာပြီးမှပြောတာ ပိုမှန်တယ်လို့ ဆိုပါ တယ်။
ထားဝယ်ဘက်ကို ကြည့်တဲ့အခါ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀၀ လောက် ကတည်းက လူတွေရှိနေပါပြီ။ ဘယ်သူ တွေဆိုတာ ဆက်လက် ငြင်းခုံရအုံးမှာပါ။

ထားဝယ်သမိုင်းတွေအရ အစောဆုံးမြို့ တွေ ရှိပါတယ်။ သာသနာသက္ကရာဇ် ၁၇ခုနှစ်မှာ နရုတိမင်းက အောင်သာ ၀တီမြို့ (ယခု ကလိန်အောင်မြို့) ကို တည်တယ်။ ကလိန်ဆိုတဲ့အရာကို အောင်တယ်လို့ ထင်တယ်။ ကလိန် ဆိုတာ ကာလိန်နဲ့ တူတယ်။ အိန္ဒိယ တောင်ပိုင်းသားတချို့ရဲ့ အမည်ဖြစ် တယ်။
သာသနာသက္ကရာဇ် ၂၃၈ခုမှာ ကနက်သီရိ(နတ်ဆိပ်)ကို တည်တယ်။ နဂါးမင်း၊ ဓမ္မသေနမင်းနဲ့ ကောရမ္ဘမင်း တို့ ပေါင်းတည်တယ်။ ထားဝယ်မြစ်ဝမှာ တည်တယ်။ နတ်ဆိပ်ဆိုတဲ့ နာမည်က ဘယ်လောက်လှလဲဗျာ။ ကောဇာ သက္ကရာဇ်အစမှာ အောင်သာဝရမြို့ကို ရန္တပိုမင်း၊ ကောဇာသက္ကရာဇ် ၉၄ခုမှာ  ဘုမ္မိဒေ၀နာဂရဲမြို့၊ ကောဇာသက္ကရာဇ် ၁၁၃ခုမှာ သာဂရမြို့ကို သမန္တမင်း ဆိုတာတွေကို အစောဆုံးတွေ့ရတယ်။ ဒီမြို့တည်နှစ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ အများကြီး ရှိပါတယ်။

ထားဝယ်ဒေသမှာ တွေ့ရှိရတဲ့ ရှေးယဉ်ကျေးမှု အထောက်အထားတွေအရ ကျောက်ချော လက်နက်တွေ၊ ပုတီးစေ့ တွေ၊ လက်ရေးစင်းပါ အုတ်တွေ၊ ဒင်္ဂါး တွေ၊ အရိုးအိုးတွေ၊ မြေထည်ပစ္စည်းတွေ စတဲ့ အထောက်အထားတွေက လွန်ခဲ့ တဲ့ နှစ်ပေါင်း ၄၀၀၀ လောက်က စတယ်။ ဒီလိုအထောက်အထားတွေနဲ့ မှတ်တမ်းတွေအရ ပြောရရင်ထားဝယ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ လောက်က တည်းက မြို့ပြတည်ထောင် နေတယ်လို့ တွေ့ရတယ်။ ဆက်ပြီး ငြင်းခုံကြမယ်ဗျာ။

တနင်္သာရီမြို့ဟောင်း ဆိုရင်လည်း ကောဇာသက္ကရာဇ် (၆၃၅)ခု (ခရစ်နှစ် ၁၂၇၃ခု)မှာ ဧကဒယ်ရာဇာကတည် တယ်လို့ဆိုတယ်။ ကောဇာသက္ကရာဇ် ၅၅၈ခု(ခရစ်နှစ် ၁၁၉၆ခု)ထိုး ဓမ္မရာဇိက ကျောက်စာမှာ တနင်္သာရီလို့ ဖော်ပြ ထားပါတယ်။ ဒီတော့ ဘယ်တနင်္သာရီကို ပြောလဲလို့ မေးစရာဖြစ်လာတယ်။
ဆရာကြီး ဦးပညာရေးတဲ့ ကရင် ရာဇဝင်ကို ဖတ်ကြည့်တော့ ပြည့်စင်ပန်း တွေနဲ့ မြတ်စွာဘုရား ထားဝယ်ရောက် တုန်း လှူဖူးလို့ ၇ ကြိမ် မင်းဖြစ်ဖို့ ဗျာဒိတ်ရတဲ့အကြောင်းလည်း တွေ့ရ တယ်။  ဒီတော့ ကျွန်တော်တွေမိတာက ထားဝယ်နဲ့တနင်္သာရီကို ဗမာ၊ မွန်၊ ရခိုင်၊ ကရင်၊ ရှမ်း၊ ယိုးဒယားစတာတွေက သိနေတော့ ဒီလူတွေ ထင်ရှားကျော် ကြားနေချိန်နဲ့ မတိုင်မီကတည်းက ထင် ရှား ပြီးသားဖြစ်နိုင်တယ်။ အရေး ပါပြီးသား ဖြစ်နိုင်တယ်။
နောက်လာမည့် နှစ်ပေါင်း ၂၀၀၀ ဖြစ်တဲ့ သက္ကရာဇ် ၄၀၀၀ လောက်မှာ ထင်ရှားတဲ့ ရှေးဟောင်း သုတေသန ပညာရှင်ကြီး တစ်ယောက် မြန်မာနိုင်ငံ ဆိုတဲ့ အမည်ကို အဓိပ္ပာယ်ဖော်တဲ့အခါ ဘယ်လို အဓိပ္ပာယ်ဖော်မလဲသိချင်ပါ တယ်။
ပြီးတော့ ထားဝယ်ကို လေ့လာ တဲ့အခါ ဘယ်လိုပြောမလဲ သိချင်မိပါ တယ်။