ကျွန်းစုမြို့နယ် အင်န်အယ်လ်ဒီ အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌပါ ၅ ဦး ကို လက်ရှိ တာဝန်မှ ရပ်ဆိုင်း

0
397

ရွေးကောက်ပွဲ အောင်နိုင်ရေးကို နှောင့်ယှက်သည်ဟု ဆိုကာ ကျွန်းစုမြို့ နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ အပါ အဝင် ၅ ဦးတို့အား တာဝန်မှ ယာယီ ရပ်ဆိုင်းကြောင်း စက်တင်ဘာလ ၈ ရက် ရက်စွဲဖြင့် အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ အကြောင်း ကြားစာအရ သိရသည်။

ကျွန်းစုမြို့နယ် အင်န်အယ်လ်ဒီ အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးကို လေး၊ ဒုဥက္ကဋ္ဌ ဦးဇော်မင်းလေး၊ ဦးကျော်လှိုင်၊ ဦးသန်းမြင့်ထွန်းနှင့် ဦးခင်မောင်ဝင်းတို့ အား လက်ရှိပါတီ တာဝန်များကို ယာယီ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။
” လက်ရှိအချိန်မှာတော့ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် တော်တော်လေး အဆင်ပြေသွားပါတယ်” ဟု ဥက္ကဋ္ဌ ဦးကိုလေးပါ ၅ ဦးတို့ကို တာဝန်မှ ယာယီရပ်ဆိုင်းခြင်းအပေါ်တွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဥက္ကာမင်းက တုန့်ပြန် ပြောသည်။

ဗဟိုမှ ရွေးချယ်ခဲ့သည့် ကျွန်းစု မြို့နယ် ကိုယ်စားလှယ်လောင်များအနက် ဒေါ်တင်တင်ရီ ပြည်သူလွှတ်တော် မဲဆန္ဒ နယ်နှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၈)မှ ဦးဥက္ကာမင်းနှင့် တိုင်း ဒေသကြီး လွှတ်တော် မဲဆန္ဒနယ် (၁) မှ ဦးတိုးလွင်တို့ကို ပြန်လည် စိစစ်ပေးရန် ယင်းမြို့နယ် အင်န်အယ်ဒီမှ ဩဂုတ်လ ၄ ရက်နေ့ ရက်စွဲဖြင့် ကျွန်းစုမြို့နယ် ဗဟို အလုပ်အမှုဆောင်အဖွဲ့မှ ၁၁ဦး နှင့် မြို့နယ် အောင်နိုင်ရေး အဖွဲ့မှ ၁၅ ဦးတို့ က လက်မှတ်ထိုးပြီး ဗဟိုသို့ စာပို့ခဲ့သည်။
ထို့ပြင် စက်တာဘာလ ၁ ရက်နေ့ ရက်စွဲဖြင့်လည်း ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး ကျွန်းစု အင်န်အယ်လ်ဒီ တည်မြဲရပ်တည်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ နှင့် ကိုယ်စားလှယ်လောင်းများသည် ပါတီဖွဲ့စည်း ပေါ်ပေါက်ချိန်မှ ယနေ့အထိ တာဝန်ယူမှု တာဝန်ခံမှု တစ်စုံတစ်ခုမှ လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိ၍ ၎င်းတို့၏ ရွေးကောက်ပွဲ အောင်နိုင်ရေးကို မြို့နယ် အဖွဲ့ချုပ်ရုံးမှ လုံးဝမဆောင်ရွက်နိုင်ဟု ရေးသားထားသည်။

လက်ရှိ တာဝန်ယူဆောင်ရွက်နေ သော မြို့နယ်အလုပ်အမှုဆောင်များ၏ သဘောတူညီချက်၊ ခွင့်ပြုချက် ခွင့်ပြု ချက်ရယူခြင်းမရှိဘဲ အဖွဲ့ချုပ်ရုံးသော့ များ တံခါးများ ရိုက်ချိုးဖျက်ဆီးခြင်း၊ ခိုးဝင်ညအိပ်ခြင်း၊ အဖွဲ့ဆိုင်းဘုတ်နှင့် အလံများဖြုတ်ယူခြင်းများ ပြုလုပ်ပါက ဥပဒေအရ အရေးယူသွားမည်ဟုလည်း အထက်ပါ ကြေညာစာတွင် ဖော်ပြသည်။

မြိတ်ခရိုင် ကျွန်းစုမြို့နယ် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှု ဆောင် အဖွဲ့ဥက္ကဋ္ဌ ပါ ၅ ဦးတို့အား တာဝန်မှ ယာယီရပ်ဆိုင်းခဲ့သည့်ကို ကျေနပ်မှုမရှိသဖြင့် စက်တင်ဘာလ ၁၂ ရက်နေ့ ယင်းမြို့နယ်တွင် သတင်း စာရှင်းလင်း ပွဲပြုလုပ်သွားမည် ဟု ဥက္ကဋ္ဌ ဦးကိုလေးက ပြောသည်။