ဒီရေတောဧရိယာ သတ်မှတ်ခံလယ်မြေများ လုပ်ကိုင်ခွင့်မရမည်ကို ကျွန်းစုလယ်သမားများ စိုးရိမ်

0
474

ကျွန်းစုမြို့နယ် သန္တုတ် ကျေးရွာ အုပ်စု သန္တုတ်ကျေးရွာရှိ ယခုနှစ်တွင် ဒီရေတော ဧရိယာအဖြစ် သတ်မှတ် ခံထားရသဖြင့် စိုက်ပျိုးစရိတ် ချေးငွေ မရဖြစ်နေသည့် လယ်သမား ၂၁ ဦးက လာမည့်နှစ်များတွင် လယ်ယာလုပ်ပိုင် ခွင့်မရှိဖြစ်မည်ကို စိုးရိမ်နေကြရသည်ဟု ယင်းရွာနေ လယ်သမားများထံမှ သိရ သည်။

ယခုနှစ် စိုက်ပျိုးစရိတ်ချေးငွေ စနစ် တွင် လယ်ယာမြေ လုပ်ကိုင်ခွင့် လက်မှတ် ပုံစံ (၇) ရရှိသူများကိုသာ ထုတ်ချေးပေးခဲ့ သည့်အတွက် ဒီရေတော သတ်မှတ် ဧရိယာထဲ ပါနေသဖြင့် ပုံစံ (၇) မရသေး သည့် လယ်သမားများ လက်ရှိအချိန်အထိ ချေးငွေမရသေးပေ။
ယင်းရွာရှိ သစ်တောဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ဒီရေတောဧရိယာ အတွင်းရှိ လယ်ယာများကို သိမ်းခွင့်ရှိ ကြောင်း ပြောဆိုခဲ့ဖူးသဖြင့် ယင်းသို့ စိုးရိမ်ခြင်းဖြစ်ကြောင်း လယ်သမား တစ်ဦးက ပြောသည်။

” မစိုးရိမ်ပါနဲ့ သူတို့ (လယ်သမား တွေ) သဘောမတူဘဲနဲ့ လာမလုပ်ပါ ဘူး” ဟု မြိတ်ခရိုင် သစ်တော ဦးစီးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အခြားတစ်ဘက်တွင်လည်း ဒီရေ တော စိုက်ထားပြီးသား နေရာ များတွင် လယ်ကွက်ဖော်ပြီး လာရောက် စိုက်ပျိုး မှု ပြုလုပ်ခွင့်မရှိဟု အထက်ပါ တာဝန်ရှိ သူက ပြောသည်။

ဒီရေတောဧရိယာအဖြစ် သတ်မှတ် ထားသည့် လယ်သမား ၂၁ ဦး၏ လယ်ယာမြေ ၁၀၀ ဧကကျော်ကို ဒီရေ တောအဖြစ်မှ ပယ်ဖျက်ပေးပါရန် ၂၀၁၅ ခုနှစ် ဇွန်လ ၅ ရက်နေ့ ရက်စွဲဖြင့် တိုင်း ဒေသကြီးနှင့် သက်ဆိုင်ရာဝန်ကြီးဌာန များသို့ လက်မှတ်ထိုး တင်ပြထားကြောင်း လယ်သမားများက ပြောသည်။
မြိတ်ခရိုင် သစ်တောဌာနကမူ ဒီရေတော ဧရိယာအဖြစ်မှ မပယ်ဖျက် နိုင်သော်လည်း ချေးငွေ ပုံမှန်ရအောင် မှတ်ပုံတင်ခွင့်ပြုသင့်ကြောင်း သက်ဆိုင် ဌာနများသို့ တင်ပြထားသည်ဟု ပြော သည်။