စကားပြောခြင်း အနုပညာ

1110
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

စကားပြောဆိုခြင်း အမှုကိစ္စကို တချို့က အတတ်ပညာဟု သဘော ထား ကြလေသည်။ တချို့ကလည်း အနုပညာဟု ယူဆကြလေသည်။ ဆိုလိုသည်မှာ သာမန်ပြောရိုးပြောစဉ် ပဋိသန္ဓာရစကား ပြောဆိုခြင်းထက် ပိုပြီး မိမိဘက်တိမ်းညွတ်လာအောင်၊ မိမိ အယူအဆကို တစ်ဖက်သား လက်ခံ လာအောင်၊ သို့တည်းမဟုတ် တစ်ဖက် သားစိတ်မှာ ထိထိခိုက်ခိုက် ဖြစ်အောင် ပြောဆို စည်းရုံးနိုင်စွမ်းကို ဆိုလိုခြင်း ဖြစ်ပေလိမ့်မည်။

ထားလိုက်ပါတော့။ စကားပြောဆိုခြင်း သည် အတတ်ပညာ ဖြစ်စေ၊ အနုပညာဖြစ်စေ၊ သို့မဟုတ် လူလူချင်း ဆက်သွယ်ရာ၌ မဖြစ်မနေ အသုံးပြုရသော ကြားခံဆက်သွယ်ရေး ကိရိယာတစ်ခု သက်သက်ဖြစ်စေ သန်းပေါင်း များစွာသော လူသားများ သည် နေ့စဉ် မိုးသောက် စကားပြော ဆိုခြင်း အမှုကိစ္စကို မဖြစ်မနေ ပြုလုပ် ကြရစမြဲပင်။
နေ့စဉ်မိုးသောက် မနက်အိပ်ရာ ထချိန်မှ ညအိပ်ရာဝင်ချိန်ထိ ကျွန်တော် တို့ လူသားများမှာ စကားပြောဆိုခြင်းကို မဖြစ်မနေ ပြုလုပ်ကြရပါသည်။ ရည်ရွယ် ချက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ စိတ်အား ထက်သန်မှုကြောင့်ဖြစ်စေ ဝတ္တရားအရဖြစ်စေ မလွှဲမရှောင်သာ စကားပြောဆိုခြင်း အမှုကို ကျွန်တော်တို့ ပြုလုပ်ရ စမြဲပင်။

အဘယ်ကြောင့် ယခုလို ကျွန်တော် တို့ စကားပြောဆိုကြပါသနည်း။အဖြေက ရှင်းပါသည်။ မိမိ သဘောထားကို တစ်ဖက်သား သိရှိနိုင်စေဖို့၊ မိမိလိုအင် ဆန္ဒကို တစ်ဖက်သား နားလည်နိုင်စေဖို့ ဘာသာစကားကို မဖြစ်မနေ အသုံးပြု ဆက်သွယ်ရခြင်း ဖြစ်ပါသည်။ တကယ် တော့ ဘာသာစကားဟူသည် လူ့သမိုင်း တစ်လျှောက် လူလူချင်း ဆက်သွယ်ရာ၌ ရှေး အကျဆုံးနှင့် အသုံးအဝင်ဆုံး ကြားခံ ဆက်သွယ်ရေး ကိရိယာတစ်ခု ဖြစ်ပါ သည်။ နည်းပညာတွေ မည်သို့ပင် ပြောင်းလဲ တိုးတက်လာပါစေ လူလူချင်း ဆက်သွယ်ရာ၌ ဘာသာစကားထက် ပို၍အသုံးတည့်သော ကြားခံ ဆက်သွယ် ရေး ကိရိယာတစ်မျိုးကို ပညာရှင်များ တီထွင်နိုင် လိမ့်မည် မထင်ပါ။speaking-culture
ထိုသို့ နေ့စဉ်မိုးသောက် မဖြစ် မနေ စကားပြောဆိုကြရာ၌ များသော အားဖြင့် ကျွန်တော်တို့သည် တစ်ဖက်သားပြော သမျှ ဂရုတစိုက် နားထောင်ပေးဖို့ထက် ငါ့စကားနွားရ ပြောဆိုဖို့သာ ပိုမိုစိတ် အားထက်သန် လေ့ရှိပါသည်။

တစ်ခါ တရံ တစ်ဖက်သား စကားမဆုံးသေးခင် မိမိပြောမည့် စကားကို အတွေးထဲမှာ စာစီထားပြီး ပါးစပ်တပြင်ပြင် ဖြစ်နေ တတ်လေသည်။ တချို့သော စကားဝိုင်း များမှာ နားထောင်သူ တစ်ဦးတစ် ယောက်မျှမရှိဘဲ မိမိပြောဆိုမည့် အကြောင်း အရာမှာ ပိုအရေးကြီးသည်ဟု ကိုယ်စီ ကိုယ်ငှ သဘောထားလျက် သူတစ်ပေါက် ငါတစ်ပေါက် အလုအယက် ဝိုင်းဝန်း ပြောဆိုနေပုံမှာ လူလူချင်း ပြောဆို နေကြသော စကားဝိုင်းနှင့် မတူဘဲ လက်ပံပင် ဆက်ရက်ကျ နေသလိုပင်။ထိုအပြင် တချို့သော စကားဝိုင်းများ၌ စကားပြောဆိုခွင့် ပါမစ်ကို တစ်ဦး တစ်ယောက်တည်း ရယူထားသလို သူ တစ်ပါးကို အလှည့်မပေးဘဲ ကရား ရေလွှတ် တတွတ်တွတ် ပြောဆိုတတ်ကြ သူများနှင့် ကြုံရတိုင်း နားမအီမလည် ဖြစ်ကာ စာပေဟောပြောပွဲ တစ်ခုကိုများ ရောက်ရှိနေပြီလားဟု ကိုယ့်ကိုယ်ကိုယ် ပြန်လည် မေးခွန်းထုတ်ရ မလောက်ပင်။တစ်ခါက သူငယ်ချင်းတစ်ဦးကမူ စကား ပြောဆိုခြင်းနှင့်ပတ်သက်ပြီး ယခုလို အကြံပေးဖူးပါသည်။

” ငါတို့ လူလူချင်း မျက်နှာချင်းဆိုင် စကားပြောတဲ့အခါ  ဖုန်းပြောသလို သဘောထား သင့်တယ်။ ယဉ်ကျေးမှုအရ တစ်ဖက်သား ပြောသမျှ ဆုံးအောင် နားထောင်ပြီးမှ ကိုယ့်သဘောထားကို ပြန်ပြောပေါ့” ဟူလို။ သဘောတူခြင်း မတူခြင်းကို အပထားပြီး အလေးအနက် ထား စဉ်းစားသင့်သော အဆိုပြုချက် တစ်ခုဖြစ်ပါသည်။

ကျွန်တော့်တစ်သက် စကားဝိုင်း ပေါင်း များစွာကို ဖြတ်သန်းခဲ့ဖူးသလို စကားပြောကောင်းသူ အမြောက်အမြား ကိုလည်း တွေ့ကြုံခဲ့ဖူးပါသည်။ အများ အားဖြင့် စကားပြောကောင်းသူတို့၏ ကြန်အင်လက္ခဏာတစ်ရပ်မှာ ဂရိ အတွေးအခေါ် ပညာရှင်ကြီး ဒိုင်အိုဂျီးနီး(စ်) ပြောသလို နားထောင်ကောင်းခြင်း ဖြစ်ပါ သည်။ ထိုထိုသော စကားပြော ကောင်း သူတို့မှာ ပါးစပ်တစ်ပေါက်ထက် နားနှစ် ဖက်ကို ပိုအလုပ်ပေးလေ့ ရှိကြလေသည်။တစ်ဖက်သား ပြောစကားကို ဂရုတစိုက် နားထောင်ကာ သင့်တင့်လျောက်ပတ် သော နှုတ်ထွက်စကားများကို ပြန်လည် ပြောဆို တတ်လေသည်။

ရုန့်ရင်း ကြမ်းတမ်းသော ဖရုသဝါစာများကို ရှောင်ရှားကာ ပီယဝါစာ စကားများဖြင့် တုံ့ပြန် ပြောဆိုတတ်ကြသလို တစ်ဖက် သား၏ နားလည်လက်ခံနိုင်စွမ်းအပေါ် မူတည်ပြီး စကားကို ရေချိန်ညှိ ပြောဆို တတ်ကြလေသည်။ ထို့အပြင် မိမိကျွမ်း ကျင်လိမ္မာရာ နယ်ပယ်တစ်ခု အတွင်းသို့ တစ်ဖက်သားကို ဇွတ် အတင်းဆွဲခေါ်ပြီး ကထိကကြီးတစ်ဦးက ကျောင်းသား များကို စာသင်ခန်းထဲ လက်ချာပေး နေသလို အပေါ်စီးမှ ပြောဆိုဖို့ထက် စကားဝိုင်းကို အတိုင် အဖောက်ညီညီနှင့် လှလှပပ နိဂုံးချုပ်နိုင်ဖို့သာ စိတ်အား ထက်သန် ကြလေသည်။ ထိုထိုသော ပုဂ္ဂိုလ်များနှင့် ခဏတာ စကားပြောဆို ရတိုင်း အချိန်ကာလတည်းဟူသော ပညတ်ချက်တစ်ခုကို မေ့လျော့ကာ စိတ်လက် ကြည်သာ ချမ်းမြေ့ရစမြဲပင်။

ယခုလို စကားအရာ၌ မှော်အောင် နေသူများနှင့် ကြုံတွေ့ ဆက်ဆံဖူးသလို တစ်ခါစကားပြောဖူးရုံနှင့် တစ်သက်တာ ပြောဆိုဆက်ဆံရ ဝန်လေးသွားရလောက် အောင် စကားပြောဆိုခြင်းအမှု၌ နုံချာလှ သူများနှင့်လည်း တွေ့ကြုံခဲ့ရဖူးပါ သည်။ ကံမကောင်း အကြောင်းမလှစွာ ထိုထိုသော ပုဂ္ဂိုလ်များနှင့် စကားလက်ဆုံ ပြောဆိုရသော မိနစ်တိုင်း စက္ကန်တိုင်းမှာ ရှည်လျားလှသော ငရဲခန်းတစ်ခုကို ဖြတ်သန်းနေ ရသလိုပင်။ ထိုအခိုက် အတန့်မျိုး၌ တစ်ဖက်သား ပြောကြား သမျှကို စိတ်မပါလက်မပါ နားထောင် ရင်း ဗုဒ္ဓဘုရားရှင် ဆိုဆုံးမတော်မူခဲ့သော စကားကြီး ခြောက်ခွန်းကို အလိုလို သတိရမိပါသည်။

၁။ မဟုတ်မမှန်။ အကျိုးစီးပွားမရှိ။သူတစ်ပါးတို့လည်း မနှစ်သက်။
၂။ ဟုတ်မှန်၏။ အကျိုးစီးပွားမရှိ။သူတစ်ပါးတို့လည်း မနှစ်သက်။
၃။ ဟုတ်မှန်၏။ အကျိုးစီးပွားရှိ၏။သူတစ်ပါးတို့လည်း မနှစ်သက်။
၎။ မဟုတ်မမှန်။ အကျိုးစီးပွားမရှိ။သူတစ်ပါးတို့လည်း နှစ်သက်၏။
၅။ ဟုတ်မှန်၏။ အကျိုးစီးပွားမရှိ။သူတစ်ပါးတို့ နှစ်သက်၏။
၆။ ဟုတ်မှန်၏။ အကျိုးစီးပွားရှိ၏။သူတစ်ပါးတို့လည်း နှစ်သက်၏။

အဆိုပါ စကားကြီး ခြောက်ခွန်း အနက် ဘုရားရှင်နှင့် သူတော်ကောင်း တို့က တတိယနှင့် ဆဋ္ဌမစကားတို့ကို သာ အခါခပ်သိမ်း ပြောဆိုလေ့ရှိပြီး သာမာန် ပုထုဇဉ်များသာ ဖြစ်သော ကျွန်တော်တို့မှာ အဆိုပါ စကားနှစ်ခွန်း မှအပ ကျန်စကားကြီး လေးခွန်းကိုသာ အဖန်တလဲလဲ ပြောဆိုလျက် ရှိကြ လေသည်။
တစ်ခါက ဆေးကုမ္ပဏီဝန်ထမ်း ချာတိတ်လေးတစ်ဦးနှင့် အမှတ်မထင် သိကျွမ်းခင်မင် ခဲ့ဖူးပါသည်။ အဆိုပါ ပုဂ္ဂိုလ်လေးမှာ စကားပြောဆိုတိုင်း သူ့ဝါ ကျကို ” ကျွန်တော်ပြောတာ ရှင်းလား” ဟူသော သမားဂုဏ်ပြ အသုံး အနှုန်းဖြင့် ပုဒ်မ ချလေ့ရှိပါသည်။ တစ်ခါတရံ ဘာမှ မပြောပလောက်သော အကြောင်းအရာ လေးတစ်ခုကိုပင် အိမ်သာကျင်း တူးနေ သူတစ်ဦးကို အာကာသတွင်းနက်ကြီး တွေအကြောင်း နားလည် သဘောပေါက် အောင် ရှင်းပြနေရ သယောင်ယောင်နှင့် ” ကျွန်တော်ပြောတာ ရှင်းလား” ဟူသော အသုံးအနှုန်းကို ထပ်ခါတလဲလဲ သုံးနှုန်း လေ့ ရှိပါသည်။တစ်နေ့ စကားဝိုင်း တစ်ခု တွင် မသိသား ဆိုရွားနိုင်လှသော ကျွန် တော်က သူ့ကို ယခုလို မေးမြန်းမိပါ သည်။

” ညီလေး…မင်းငါတို့နဲ့ စကား ပြောတိုင်း ဘာလို့ ကျွန်တော် ပြောတာ ရှင်းလားဆိုတဲ့ အသုံးအနှုန်းကို ထပ်ခါ တလဲလဲ သုံးနှုန်းရ တာလဲ၊ ဆိုလိုတာက မင်းပြောတဲ့ အကြောင်းအရာဟာ နက်နဲလွန်းတော့ ငါတို့ သဘောမပေါက် မှာ စိုးလို့လား”
ယခုလို မေးမြန်းလိုက်သောအခါ ပုဂ္ဂိုလ်လေးက သူအကျင့်ပါနေလို့ ပြောဆိုမိကြောင်း   ပြာပြာသလဲ ပြန်လည် ဖြေရှင်းချက်ထုတ်လေသည်။

ထိုကြောင့် ကျွန်တော်က
” ကဲ….ကောင်းပြီ၊ ဒါဖြင့် မင်းတို့ ကုမ္ပဏီမှာ ဆေးသစ်တစ်မျိုး ဝင်လာ တိုင်း အထူးကုဆရာဝန်ကြီးတွေဆီ ပရို မိုးရှင်း ဝင်တဲ့အခါ ဆရာကြီး ဒီဆေးက ……ရောဂါအတွက်သုံးတာပါ၊ ကျွန်တော် ပြောတာ ရှင်းလား ဆရာကြီးလို့ မင်းပြော ပါ့မလား ”
” ဒီ…..ဒီလိုပြောလို့တော့ ဘယ်ဖြစ် မလဲ အစ်ကို ”

” ဪ…..သူ့အကျင့်ပါပုံက ဒီလို ကိုး”  ဟူ၍သာ ဖြေတွေးလေး တွေးပေးရ လေတော့သည်။

ထိုအပြင် စကားဝိုင်းမှာ ဘယ်သူ ဘာပြောပြော ” ဟင့်အင်း” လိုက်ရမှ ကျေ နပ်သော” ကိုဟင့်အင်း”  များနှင့်လည်း ကြုံတွေ့ဖူးပါသည်။ ယခုလို ကျွန်တော် ပြောတာရှင်းလားဟု ပြောဆိုလိုက်တိုင်း၊ ဟင့်အင်းလိုက်တိုင်း တစ်ဖက်သား၏ ခိုးခိုးချနေသော သက်ပြင်းကို အဆိုပါ ပုဂ္ဂိုလ်များ သတိမှထားမိပါလေစ။ မိမိနှုတ်ဖျားမှ စီးဆင်းလာသော စကား လုံးတိုင်းသည် တစ်ဖက်သား၏နားဝကို အဆိပ်သင့်စေမှန်း သိမှသိ ပါလေစ။
အနှစ်ချုပ်ရလျှင် ဤကမ္ဘာ လောကကြီး၌ ဘာသာစကားနှင့် စာပေကို နိုင်နိုင်နင်းနင်း အသုံးချတတ်သူမှာ လူသားများသာ ဖြစ်ပါ သည်။ ဘာသာ စကားဟူသည် အပြောစကားပြေ ဖြစ်ပြီး စာပေကား အရေးစကားပြေ ဖြစ်ပါသည်။ ထိုသို့ ဘာသာစကားနှင့် စာပေကို နိုင်နိုင်နင်းနင်း အသုံးချတတ်သောကြောင့်လည်း လူသည် သတ္တ လောက၏ အရှင်သခင်များ ဖြစ်ခဲ့ကြလေသည်။နေ့စဉ် ကျွန်တော်တို့ ပြောဆိုနေကြသော စကားလုံးများသည် ဩဇာအထက် မြက်ဆုံး ဆေးတစ်ပါးဟု ရုဒ်ယတ် ကက်ပလင်က ဆိုခဲ့လေသည်။ ထိုသို့ အစွမ်း ထက်လှသော ဆေးတစ်ပါးကို ကံအားလျော်စွာ ကျွန်တော်တို့ နေ့စဉ်မိုးသောက် မှီဝဲ နေကြသော်လည်း အစွမ်းထက်မှန်း မသိသူတွေက အနမတ္တဂ္ဂပင်။ ထိုသူများကို ကျွန်တော့်အနေနှင့် ကမ္ဘာကျော် မိတ္တဗလဆရာကြီး ဒေးလ်ကာနက်ဂျီ၏ စကားလေးတစ်ခွန်း လက် ဆောင်ပါး လိုက်ချင်ပါသည်။
” ပျားရည်တစ်စက်သည် မုတ်ခါး ရည် တစ်ဂါလံထက် ယင်ကောင် ပိုမိ နိုင်ပါသည်။”