မြိတ်တွင် ခိုးဆိုးလုယက်သူများ သောင်းကျန်းနေ

0
471

လက်တလောတွင် မြိတ်မြို့ပေါ် ရပ်ကွက်များ၌ ဖုန်းပြောနေသူများ၊ လမ်းသွား လမ်းလာများ ဆက်တိုက် လုယက်ခံနေရပြီး နေအိမ်၊ ဆိုင်ခန်း များတွင်လည်း ခိုးဆိုးလုယက်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း မြိတ်မြို့ ခံများထံမှ သိရှိရသည်။

ပြီးခဲ့သည့် ၂ ပတ်ခန့်က မြိတ်မြို့ ကန်ခေါင်းရပ်ကွက်၊ လပြည့်ဝန်း စာရေး ကိရိယာဆိုင်အနီး လူစည်ကားချိန်တွင် အမျိုးသမီးတစ်ဦးထံမှ ဖုန်းနှင့် ပိုက်ဆံ အိတ်ကို ဆိုင်ကယ်စီးလာသည့် လူငယ် ၂ ဦးက လုယူထွက်ပြေးသွားကြောင်း မြို့ခံ ဦးအောင်နိုင်ဦးက ပြောသည်။
” ပြီးခဲ့တဲ့ ၁ ပတ်လောက်က မြိတ် တောင်နယ်မြေ စက်ဝင်းရပ်ကွက်မှာ အမျိုးသမီးတစ်ဦးဆီကနေ ယိုးဒယားရွှေ ၁ ကျပ်သားတစ်ကုံးကို ဆိုင်ကယ်စီး လူငယ်နှစ်ယောက်က လုယူထွက်ပြေး သွားတယ်၊ အနီးနားကလူတွေ ဝိုင်းလိုက် ပေမယ့် မမီလိုက်ဘူး” ဟု အဆိုပါ ရပ်ကွက်နေ မျက်မြင်သက်သေ အသက် ၂၀ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် လုယက် မှုများတွင် နောက်ယောင်ခံ လုယက်မှု အများဆုံးဖြစ်ကြောင်း သိရသည်။
အထူးသဖြင့် အမျိုးသမီးများထံမှ ပိုက်ဆံအိတ်များ၊ ဟန်းဖုန်းများ၊ ဆွဲကြိုး များကို အလုခံရသည့်အပြင် ကုန်စုံဆိုင် နှင့် ဘဏ်များမှ ထွက်လာသည့်သူများ လည်း အများဆုံး လုယက်ခံရကြောင်း သိရသည်။

ယင်းသို့လုယက်မှုများ ဆက်တိုက် ဖြစ်နေသော်လည်း ကာယကံ ရှင်များက သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများသို့ လာရောက် တိုင်ကြားခြင်း မရှိကြောင်း၊ ပြစ်မှုကျူးလွန်သူများကိုလည်း ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိသေးကြောင်း မြိတ် မြို့နယ်ရဲစခန်းမှတာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
လက်ရှိလုယက်မှုကျူးလွန် နေသူ များသည်လူငယ်အများစု ဖြစ်သည့် အတွက်မူးယစ်ဆေးဝါး သုံးစွဲသူများ နှင့်အကြွေစေ့လောင်းကစား ပြုလုပ် သူများဖြစ်နိုင်ဖွယ်ရှိကြောင်း မြိတ်မြို့ခံ တစ်ချို့က ထင်ကြေးပေးသည်။