မွန်တွင် အနုသုခုမကျောင်း တည်ဆောက်မည်

0
544

မွန်ပြည်နယ်တွင် အနုသုခုမ ကျောင်း တည်ဆောက်ရန် စီစဉ်လျက် ရှိသည်ဟု မွန်ပြည်နယ် ယဉ်ကျေးမှု တာဝန်ခံဝန်ကြီး (ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး) ဒေါက်တာ မင်းနွယ်စိုးက ပြောသည်။

ပြည်ထောင်စု ယဉ်ကျေးမှု ဝန်ကြီး ဌာနမှ ပြည်နယ်အလိုက် အနုသုခုမ ကျောင်းများ တည်ဆောက်ပေးရန်ရှိပြီး ပထမဆုံးအနေဖြင့် ရှမ်းပြည်နယ်နှင့် ကလေးမြို့တို့တွင် တည်ဆောက်ပြီးပါက မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်တွင် တည် ဆောက်ရန် လျာထားကြောင်း သိရသည်။
” ဒီမှာရှိတဲ့ ယဉ်ကျေးမှုတွေ ဆို၊ က၊ ရေ၊ တီး စသဖြင့်ပေါ့ ဒါကို ထိန်းဖို့ပဲ။ ဒီမှာဆိုလို့ မွန်ဆို မွန်တစ်ခုတည်း မဟုတ်ဘူး ဗမာလည်းပါမယ်၊ ကရင် တွေလည်း ပါမယ်။ ပအိုဝ်းတွေလည်း ပါတယ်လေ” ဟု ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးက ဆိုသည်။

ယင်းကျောင်းကို မုဒုံမြို့တွင် တည် ဆောက်ရန် လျာထားပြီး လက်ရှိတွင် မြေနေ ရာရှာဆဲဖြစ်ကြောင်း ၎င်းက ပြော သည်။
တိုင်းရင်းသားယဉ်ကျေးမှု ထိန်း သိမ်းနိုင်ရန်နှင့် ယဉ်ကျေးမှု ဖွံ့ဖြိုး တိုးတက်လာရန် အနုသုခုမကျောင်းသည် လိုအပ်သည်ဟု နိုင်ငံတော်အဆင့် ဆိုက ရေတီး ရွှေတံဆိပ်ဆုရှင် ကိုမင်းအောင် ထူးက ပြောသည်။

” မွန်ယဉ်ကျေးမှုနဲ့ ဗမာ ယဉ်ကျေး မှုက မတူဘူး၊ အားလုံးခြုံပြီး အနုသုခုမ ကျောင်းဆိုရင်တော့ တိုင်းရင်းသား ယဉ်ကျေးမှုတွေအတွက် အကျိုးရှိမှာ မဟုတ်ဘူး၊ ဥပမာ မွန်ရှေးဟောင်း တူရိယာတွေဖြစ်တဲ့ မိကျောင်းတို့ လခြမ်း တို့ ရှေးဟောင်း နှစ်ပါးသွားတို့ လိုမျိုး အဓိက ဘာသာရပ်အနေနဲ့ သေချာ လုပ်စေချင်တယ်၊ တိုင်းရင်း သားတွေရဲ့ အနုသုခုမကို ပိုပြီးလုပ်စေချင်တယ်” ဟု ကိုမင်းအောင်ထူးက ပြောသည်။

လက်ရှိတွင် တိုင်းရင်းသားဂီတ ပညာဖွံ့ဖြိုးတိုးတက်စေရန် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကျင်းပနေသော် လည်း ဂီတပညာရှင် မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်သည့် ကျောင်း၊ သင်တန်း များ လိုအပ်သည်ဟု မွန်ဂီတပညာရှင် နိုင်ကျန်ရစ်က မှတ်ချက်ပြုသည်။
လက်ရှိတွင်ကျောင်းနှင့် ပတ် သက် ပြီး ကျောင်းဝင်ခွင့်ကဲ့သို့သော အခြား အသေးစိတ် အချက်အလက်များကို မသိရသေးပေ။