ရေဖြူမြို့နယ် အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း အများဆုံးဝင်ပြိုင်မည်

0
434

နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ် မည့် အထွေထွေရွေးကောက်ပွဲအတွက် ရေဖြူမြို့နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် (၄)တွင် ကိုယ်စား လှယ်လောင်း အများဆုံး ဝင်ပြိုင်မည်ဖြစ် ကြောင်း ကိုယ်စားလှယ်လောင်း လျှောက် ထားမှုစာရင်းများအရ သိရသည်။

အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် (၄)တွင် ပါတီ ၇ ခုမှ ကိုယ်စား လှယ်လောင်း ၇ ဦး ဝင်ပြိုင် ကြမည်ဖြစ်ပြီး ယင်းမဲဆန္ဒနယ်သည် တနင်္သာရီတိုင်း အတွင်း မဲဆန္ဒနယ်တစ်ခုတည်းတွင် ကိုယ်စားလှယ် လောင်းအများဆုံး ဝင်ပြိုင် သည့် မဲဆန္ဒနယ် ဖြစ်သည်။

ယင်းနယ်တွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးမောင်စိန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)မှ ဦးဟန်ဝင်းသိန်း၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဦးနိုင်မင်းနိုင်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ဦးအောင်မိုး (ခ) ဦးတင်အောင်မိုး၊ ထားဝယ်တိုင်းရင်း သားများပါတီမှ ဦးစိုးသိန်း၊ အမျိုးသမီး ပါတီ(မွန်)မှ မိမြင့်သန်းနှင့် မွန်အမျိုးသား ပါတီမှ ဒေါ်မာမာအေးတို့က ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ကိုယ်စား လှယ်လောင်း လျှောက်ထားမှုစာရင်းများ အရ သိရသည်။

” ကျွန်တော့်အနေနဲ့ စိန်ခေါ်မှု တစ်ခု လို့ မမြင်ပါဘူး။ ပြည်သူတွေရဲ့ လက်ခံ မှုနဲ့ ရွေးချယ်မှုအပေါ် မူတည်ပါတယ်” ဟု လက်ရှိ ယင်းနယ်၏ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သူ ကြံ့ခိုင်ရေးပါတီမှ ဦးမောင်စိန်က ပြော ကြားသည်။
၎င်းအပြင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁) (ထားဝယ်မြို့နယ်)၊ ပြည်သူ့လွှတ်တော် ထားဝယ် မဲဆန္ဒနယ်၊ တိုင်းလွှတ်တော် သရက်ချောင်းမဲ ဆန္ဒ နယ်(၂)၊ တိုင်းလွှတ်တော် ရေဖြူမဲဆန္ဒ နယ်(၁)၊ တိုင်းလွှတ်တော် ရေဖြူမဲဆန္ဒ နယ်(၂) တို့တွင် ကိုယ်စားလှယ်လောင်း ၆ ဦးစီ ဝင်ပြိုင်ကြမည် ဖြစ်သည်။
ကိုယ်စားလှယ်လောင်း ဝင်ပြိုင်မှု အနည်းဆုံး မဲဆန္ဒနယ်မှာ ပြည်သူ့ လွှတ်တော်သရက်ချောင်း မဲဆန္ဒနယ် ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီမှ ဦးကင်းစိန်နှင့် NLD ပါတီမှ ဦးအောင်စိုးတို့ နှစ်ဦးသာ ယှဉ်ပြိုင်မည်ဖြစ်သည်။