ယောနဲ့ ထားဝယ်ဟာ ဆွေမျိုးတွေလား

0
1145

ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က ထားဝယ်သူ စစ်စစ်တွေဖြစ်တဲ့ ကျွန် တော့်အမေနဲ့ သူ့သူငယ်ချင်းများဟာ ဘုရားဖူးခရီးစဉ် အဖြစ်နဲ့ ရန်ကုန်မြို့ကို အလည်အပတ် ရောက်ခဲ့တယ်လို့ ဆိုပါ တယ်။ အဲဒီတုန်းက အမေတို့ သူငယ် ချင်း တစ်စုပြောတဲ့ စကားသံ ကိုကြား ပြီး ယောသူတွေလား… ယောနယ်က လာတာလား… ဆိုပြီး ရန်ကုန်မြို့ခံတွေက မေးကြသတဲ့။

အဲဒီလိုမေးခံရတဲ့အမေတို့ တစ် သိုက်က သူတို့ဟာ ယောသူတွေ မဟုတ် တဲ့အကြောင်း၊ ထားဝယ်သူတွေသာဖြစ် တဲ့အကြောင်း ရှင်းပြခဲ့ရသေး တယ်လို့ ဆိုပါတယ်။ အမေက နောက်နှစ်ပေါင်း ၅၀ နီးပါးကြာလို့ အဲဒီအကြောင်း ကျွန်တော့်ကို ပြန်ပြောပြတဲ့ အချိန်ထိ ထားဝယ်သူကို ယောသူတွေလားဆိုပြီး မေးခံရတာကို နားမလည်ဘဲ ဖြစ်နေပါ တယ်။

ကျွန်တော်လည်း အမေပြောတဲ့ ထားဝယ်သူနဲ့ ယောသူ မှားပြီး မေးခံရတဲ့ ကိစ္စကို သိပ်ပြီးသဘော မပေါက်ခဲ့ပါဘူး။ နောက်ပိုင်း ကျွန်တော်ကိုယ်တိုင် ယောနယ်အတွင်းက ကျေးရွာလေး တစ်ရွာကို ရောက်ခဲ့ရတော့မှ အဲဒီကိစ္စကို ကောင်းကောင်းကြီး သဘောပေါက် သွားရတော့တာပါ။
ပြီးခဲ့တဲ့ ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်များ အတွင်းမှာ မိတ်ဆွေတစ်ယောက်ရဲ့ ဖိတ် ခေါ်ချက်နဲ့ ယောနယ်အတွင်းက ချောင် ကျကျ ကျေးရွာလေးတစ်ရွာကို နှစ်ကြိမ် တိတိ ရောက်ခဲ့ပါတယ်။ ယောနယ်ဟာ မကွေးတိုင်းထဲမှာ ပါဝင်ပါတယ်။ ပခုက္ကူ မြို့ အနောက်ဘက် ချင်းတောင်တန်းကြီး နဲ့ ယှဉ်ပြီးသွယ်တန်းနေတဲ့ ပုံတောင် ပုံညာ နောက်က (ချင်းတောင်တန်းကြီး နဲ့ပုံတောင်ပုံညာ တောင်တန်းအကြား) တောင်နဲ့မြောက် သွယ်တန်းနေတဲ့ မြေပြန့်လွင်ပြင်ဒေသဟာ ယောနယ်ဖြစ် ပါတယ်။
yaw-and-dawei-relatives

မြောက်ဘက်ပိုင်းမှာ ပါဝင်တဲ့ ဂန့်ဂေါမြို့နဲ့ ထီးလင်းမြို့ဝန်းကျင်ကို မြောက်ယောလို့ ခေါ်ပြီး တောင်ဘက် ပိုင်းဖြစ်တဲ့ ကျောက်ထု၊ ယောမြို့ ဟောင်းရွာ၊ ဆောနဲ့ လောင်းရှည်တို့ရှိတဲ့ ဘက်ကို တောင်ယောလို့ ခေါ်ပါတယ်။

ကျွန်တော်ရောက်ခဲ့တာက တောင်ယော ဘက်ဖြစ်တဲ့ ဆောမြို့နယ်၊ ကျောက်ထု မြို့နယ်ခွဲ အတွင်းမှာရှိတဲ့ လက်ပန်းရွာ လေးကိုပါ။ အဲဒီရွာလေးကို ရောက်ဖို့ အတွက် ပခုက္ကူကနေ မိုင် ၉၀ လောက် ဝေးတဲ့ ကျောက်ထုမြို့ကို ကားနဲ့ နေ့ တစ်ဝက်ကျော်ကျော်လောက် သွားရ ပါတယ်။ ကျောက်ထုကို ရောက်တော့ ခြောက်မိုင်ကျော်ကျော်လောက် ဝေးတဲ့ လက်ပန်းရွာလေးကို ကုန်းတက် ကုန်း ဆင်းပေါတဲ့ လမ်းကြမ်းတွေအပြင် ချောင်းတွေကိုပါ အထပ်ထပ်ကျော် ဖြတ်ပြီး ဆိုင်ကယ်နဲ့ သွားခဲ့ရပါတယ်။

ကျွန်တော်ရောက်ခဲ့တဲ့ လက်ပန်း ရွာလေးဟာ လမ်းပန်းဆက်သွယ်မှု ခက်ခဲလှတဲ့ ယောနယ်တွင်းတစ်နေရာမှာ ပိတ်မိနေတဲ့ ရွာလေးတစ်ရွာ ဖြစ်ပါ တယ်။ အဲဒီရွာလေးကို ရောက်ရောက်ချင်း ကျွန်တော့်ကို လာပြီးနှုတ်ဆက်ကြတဲ့ အသက် ၇၀ နဲ့ အထက်အဖိုးကြီး အဖွားကြီးများရဲ့ ပြောစကားတွေထဲက စကားလုံးတွေဟာ ကျွန်တော်တို့ ထား ဝယ် စကားလုံးတွေနဲ့ တော်တော် များ များ တူနေတာကို အံ့ဩစွာနဲ့ သတိထား မိခဲ့တာပါပဲ။ သူတို့ စကားတွေမှာ ဗမာ စကားလုံး ပါဝင်နှုန်းများပေမယ့်လည်း စကားပြောပုံ လေယူလေသိမ်းက ထားဝယ်လေသံနဲ့ တူနေပြီး ထားဝယ် စကားနဲ့ တူနေတဲ့ စကားတွေလည်း ပါနေတာဆိုတော့ ယောစကားရယ်လို့ သီးသန့်ခွဲထွက်လျက်ရှိပါတယ်။
ကျွန်တော် မှတ်သားရသလောက် ထားဝယ်စကားနဲ့ ဆင်တူတဲ့ ယောစကား လုံးများထဲက တချို့ကို ရွေးထုတ်ပြရရင် ……။
– ရေဒွမ်း (ရေတွင်း)
– ရဲစား  (ရည်းစား)
– စားန  (မစားနဲ့)
– သွားန (မသွားနဲ့)
– နမ်းန  (မနင်းနဲ့)
– ထမှန်း  (ထမင်း)
– ဟန်းန၊ မှန်းန (ဟင်းနဲ့ ထမင်းနဲ့)
– သယ်လူ (ဒီလူ)
–  စာသန်တယ် (စာသင်တယ်)   စတဲ့ စကားလုံးမျိုးတွေ ဖြစ်ပါတယ်။
နောက်ထပ် ထူးခြားတဲ့ စကား တစ်ခု ရှိပါသေးတယ်။

ကျွန်တော်တို့ ထားဝယ်စကားမှာ ကလိထိုးတာကို “စစ်ကလစ် ” ထိုးတယ် ဆိုပြီး ပြောကြတာကို သတိထားမိမှာပါ။ ဒီတော့ ကလိထိုးတဲ့ နေရာဖြစ်တဲ့ ချိုင်း ကြားနဲ့ စစ်ကလစ်ဆိုတဲ့စကား ဆက်စပ် မှုက ဒီနေရာမှာ စိတ်ဝင်စားဖို့ ကောင်းနေ ပါတယ်။

တစ်လောတုန်းက အင်တာနက် စာမျက်နှာပေါ်မှာ ယောနယ်သား ဆရာတော်တစ်ပါး ရေးတဲ့ ယောစကား အကြောင်း ဆောင်ပါးမှာ ချိုင်းမွေးကို စစ်ကလစ်မွေးဆိုပြီး သူတို့ ယောနယ်မှာ ခေါ်တဲ့အကြောင်း ရေးသားထားတာကို မှတ်သားလိုက်ရပါတယ်။
ဒါဆိုရင် ကျွန်တော်တို့ ထားဝယ် ဒေသကရော ယောနယ်ကပါ တူညီစွာ သုံးစွဲ ပြောဆိုနေခဲ့တဲ့ “စစ်ကလစ်” ဆိုတဲ့ စကားဟာ လူ့ခန္ဓာကိုယ်က ချိုင်းကြား ဝန်းကျင်နေရာကို ရည်ညွှန်းတယ်ဆိုတာ ထင်ရှားပါတယ်။

နောက်ထပ် ထူးခြားတာတစ်ခုက ” ဗိုင်းတာမ” ဆိုတဲ့ အသုံးနှုန်းပါ။ ဒီအသုံး နှုန်းဟာ ထားဝယ်ဒေသက မိန်းကလေး တစ်ယောက်အတွက် မခံချင်စရာ အကောင်းဆုံး ဆဲဆိုမှုတစ်ခုအဖြစ် သိထားပေမယ့်လည်း တခြားဒေသ ကတော့ အဲဒီ စကားလုံးဟာ ဆဲဆိုတဲ့ စကားလုံးအဖြစ်နဲ့တောင် သိပ်ပြီး မသိကြပါဘူး။ ဒါပေမယ့် ယောဒေသက မိန်းကလေးတွေ အနေနဲ့ တော့ ဗိုင်းတာမ ဆိုတဲ့ အသုံးအနှုန်းနဲ့ ဆဲဆိုခံရရင် အသည်းခိုက်အောင် နာတတ်ကြတယ်လို့ ယောသား သူငယ်ချင်းတစ်ယောက်ရေး တဲ့စာမှာ ဖတ်လိုက်ရပါတယ်။ ဒါတွေ ဟာ ယောနဲ့ထားဝယ်တို့ စကားအသုံးနှုန်း တွေ တူနေတာကို သက်သေပြနေတာ ဖြစ်ပါတယ်။
ထားဝယ်စကားတွေနဲ့ တူနေတဲ့ ယောစကားတစ်ချို့ကို အသက် ၇၀ ကျော် လူကြီးပိုင်းတွေ ပြောတဲ့စကား တွေမှာ ကြားရလေ့ရှိပါတယ်။ အခုလိုမျိုး ယောစကား စစ်စစ်တွေ သက်ကြီးရွယ်အို များအနေနဲ့ ဆက်လက် ပြောဆိုနေကြ သေးတာဟာ အသက်ကြီးတဲ့ သူများ အနေနဲ့ သူတို့ရွာကနေ မိုင် ၅၀ ထက် ပိုဝေးတဲ့နေရာကို မရောက်ဖူးတဲ့သူများပြီး  ပြင်ပဒေသများနဲ့ ထိတွေ့ဆက်ဆံမှု နည်းပါးလို့ဖြစ်မယ်လို့ ယူဆမိပါတယ်။ ဒါကြောင့်လည်း မူလယောစကားနဲ့ လေယူလေသိမ်းတွေ မပြောင်းလဲဘဲ ကျန်ခဲ့တာဖြစ်မှာပါ။ မြို့ကြီးပြကြီးနဲ့ ကူးလူးဆက်သွယ်မှုများတဲ့ ယောလူငယ် များကျတော့ သူတို့ပြောစကား ၉၀ ရာခိုင်နှုန်းလောက်က ဗမာစကားတွေ ဖြစ်နေကြပြီး ယောအသံဝဲတာလောက်ပဲ ကျန်နေတော့တာပါ။

ယောနဲ့ ထားဝယ်တို့မှာ ဘာဖြစ်လို့ တချို့စကားတွေ တူနေရသလဲဆိုတာကို စိတ်ဝင်စားမိတော့ အဲဒီအကြောင်းနဲ့ ပက်သက်ပြီး ပညာရှင်များ သုတေသန ပြုထားတဲ့ စာတမ်းများကိုဖတ်ရှု လေ့လာ ဖြစ်ပါတယ်။ ပညာရှင်များရဲ့ အဆိုရ တိဘက်တိုဘားမင်း မြန်မာအုပ်စုဝင်များ ဖြစ်ကြတဲ့ ထားဝယ်၊ ယော၊ ရခိုင်၊ တောင်ရိုး၊ အင်းသား၊ ရဘိန်း ၊ ဓနုစတဲ့ တိုင်းရင်းသားများဖြစ်လာမယ့် လူမျိုးစု များဟာ လွန်ခဲ့တဲ့ ရာစုနှစ် ပေါင်းများ စွာကတည်းက မြန်မာနိုင်ငံ အတွင်းကို အရှေ့မြောက်ဘက်နဲ့ အနောက်မြောက် ဘက်တို့မှ ဝင်လာခဲ့ကြတယ်လို့ ဆိုပါ တယ်။ မြန်မာနိုင်ငံ အတွင်းရောက်ပြီး နောက်ပိုင်း အဲဒီမြန်မာအုပ်စုဝင် တိုင်းရင်းသားများဟာ တောင်တန်းဒေသ များ၊ ရခိုင်ဒေသ၊ ရှမ်းပြည်ကုန်းပြင် မြင့်ဒေသ၊ အင်းလေးဒေသနဲ့ တနင်္သာရီ ကမ်းရိုးတန်း ဒေသများဆီကို ခွဲဖြာပြီး ပြောင်းရွှေ့သွားကြတယ်လို့ ပညာရှင် များက ကောက်ချက်ချပါတယ်။

အဲဒီဒေသ အသီးသီးကို ရောက်ရှိ သွားကြတဲ့ တိုင်းရင်းသားလူမျိုးစုများဟာ အမျိုးနွယ်တူ တိုင်းရင်သားများဖြစ်ကြပြီး အခုလိုမျိုး ခွဲထွက်ပြောင်းရွှေ့ မသွား ခင်ကလည်း တစ်နေရာတည်းမှာ အတူ တစ်ကွနေထိုင်ခဲ့တဲ့ အချိန်တွေ ရှိနေဦး မှာဖြစ်ပါတယ်။

ဒါကြောင့် ထားဝယ်၊ ယော၊ ရခိုင်၊ တောင်ရိုး၊ အင်းသား၊ ရဘိန်း၊ ဓနု စတဲ့တိုင်းရင်းသားများရဲ့ တချို့စကား တွေ တူနေကြတာဖြစ်တယ်လို့ သက် ဆိုင်ရာ ပညာရှင်များက ယူဆထား ကြပါတယ်။ အခုပြောခဲ့တဲ့ ပညာရှင်များ ရဲ့ ယူဆချက်ကို ထောက်ချင့် ရရင်ဖြင့် ထားဝယ်နဲ့  ယောတို့ဟာ တစ်ချိန်က တစ်နေရာတည်းမှာ အတူတကွနေထိုင်ခဲ့ ကြတဲ့ အမျိုးနွယ်တူ တိုင်းရင်းသား လူမျိုးစုများ ဖြစ်ကြတယ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။
ထားဝယ်တွေနဲ့ အမျိုးနွယ်တူ တွေဖြစ်တယ်လို့ ယူဆရတဲ့ ယောသူ ယောသားစစ်စစ်တွေဟာ တကယ်ကို ရိုးသားကြပြီး သဘော မနောကောင်း သူများသာ ဖြစ်ကြပါတယ်။ သူတို့ဆီလာ ရောက်လည်ပတ်ကြတဲ့ တခြားနယ်က ဧည့်သည်များအပေါ် အရေးတယူနဲ့ ဧည့်ဝတ်ကျေပွန်တတ်ကြသလို သူတို့ရဲ့ ဆွေမျိုးရင်းချာလို သဘောထားပြီး သံယောဇဉ်တွေ တွယ်နေတတ်ကြ သေး တာပါ။ ယောနယ်ဆိုတာ စုန်းအတတ်၊  ကဝေအတတ်၊ အောက်လမ်းအတတ်တွေ ပေါတဲ့နယ်၊ သတိထားပြီးသွားလာ သင့်တဲ့နယ် စသဖြင့် အများထင်နေကြ သလိုမျိုး မဟုတ်ပါဘူး။

ကျွန်တော်ရောက်ခဲ့တဲ့ နှစ်ခေါက် စလုံးမှာ ခင်မင်တွယ်တာစရာကောင်းတဲ့ ယောနယ်ထဲက လက်ပန်းရွာသူ ရွာသား များ ကျွေးမွေး ဧည့်ဝတ်ပြုကြတာကို တစ်အိမ်တက် တစ်အိမ်ဆင်းလုပ်ပြီး မနားတမ်း စားရသောက်ရ သေးတာပါ။ မြို့နဲ့ အလှမ်းဝေးပြီးချောင်ကျတဲ့ ယော ရွာလေးတစ်ရွာက ဧည့်ဝတ်ကျေပွန် မှုများကတော့ ကျွန်တော့်ဘ၀ရဲ့ တစ် သက်မမေ့နိုင်စရာ အမှတ်တရတွေ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ထားဝယ် သားဖြစ်တဲ့ ကျွန်တော့အနေနဲ့ကလည်း သဘောမနောကောင်းလှတဲ့ ယောနယ် ထဲက လက်ပန်း ရွာသူရွာသားများကို ကိုယ့်ဆွေမျိုးအရင်းအခြာတွေလို သဘော ထားပြီး ခင်တွယ်နေမိပါတော့ တယ် ခင်ဗျာ ။

အကိုးအကား။ ။ဦးရည်စိန်၏ လက်ရွေးစင်စာတမ်းများ