အငြိမ်းစား လက်ဝဲ၀ါဒီ တစ်ဦးရေးတဲ့စာ

0
2939

ကျွန်တော့်မှာ လူသိနည်းသော ငယ်နာမည်တစ်ခု ရှိပါသည်။
၎င်းမှာ “ဗိုလ်လက်ဝဲ” ဖြစ်ပါသည်။

စာရှုသူများအနေနဲ့ အဆိုပါ အမည် နာမကြောင့် ကျွန်တော့်ကို ရဲဘော် သုံးကျိပ်ဝင် ဗိုလ်လက်ျာ (သခင်လှဖေ)၏ ဆွေမျိုးသားချင်း တစ်ဦးများလားဟု အထင်မမှား ကြစေလိုပါ။ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်လက်ျာမှာ ပျဉ်းမနား ဇာတိဖြစ်ပြီး ကျွန်တော့် မိဘဘိုးဘွား အစဉ်အဆက်မှာ မြိတ်ဇာတိမို့ ဗိုလ် လက်ျာနှင့်ကျွန်တော် မည်သို့ပင် စပ်ဟပ် စေကာမူ ဆွေမျိုးသားချင်း တော်စပ်ခြင်း အလျဉ်းမရှိပါ။ သို့ဖြင့် အဘယ်ကြောင့် ဗိုလ်လက်ဝဲဟု အမည်တွင် ခဲ့ရသနည်းဟု စာရှုသူများ အမေးရှိခဲ့ပါက ကျွန်တော် ရှင်းပြပါမည်။

သို့သော် ဗိုလ်လက်ဝဲဟူသော ငယ်နာမည်အကြောင်း ရှင်းမပြမီ “လူသိ နည်းသော” ဟူသော နာမဝိသေသနကို သုံးနှုန်းရခြင်း အကြောင်းအရင်းကို ဦးစွာ ရှင်းပြချင်ပါသည်။ တကယ်တော့ ထိုအမည်နာမမှာ ကျွန်တော့် မိဘနှစ်ပါး က မှည့်ခေါ်ခဲ့ခြင်း မဟုတ်သလို ငယ်သူ ငယ်ချင်းများ နောက်ပြောင် ခေါ်ဝေါ် ခဲ့ကြသော နာမည်ပြောင် (nick-name)လည်း မဟုတ်ပါ။ ထို့အပြင် အဆိုပါ နာမည်မှာ ကျွန်တော် ဒုတိယတန်း အရောက်တွင် ဇီဝိန်ချုပ် ခဲ့ရသောကြောင့် လူသိမများလှပေ။

ဖြစ်ကြောင်းရယ် ကုန်စင်မှာ ဤသို့ ဖြစ်ပါသည်။

ကျွန်တော် ငယ်စဉ်က ဘယ်သန် တစ်ဦး ဖြစ်ပါသည်။ ထမင်းစားရာ၌ ဖြစ်စေ၊ စာရေးရာ၌ဖြစ်စေ ဘယ်လက် ကို အစဉ်တစိုက် အသုံးပြုခဲ့သလို ဘောလုံး ကစားရာ၌ဖြစ်စေ၊ ခြင်းလုံးခတ်ရာ၌ ဖြစ်စေ ဘယ်ခြေကိုသာ အသုံးပြုသော ဘယ်သန် စစ်စစ်တစ်ဦး ဖြစ်ပါသည်။ ယခုလို ကျွန်တော် ဘယ်သန်တစ်ဦး ဖြစ် ကြောင်း ဦးဦးဖျားဖျား သတိထားမိ သူများမှာ ကျွန်တော်နှင့် အနီးကပ်ဆုံး ဖြစ်သော မိဘနှစ်ပါး ဖြစ်ပါသည်။ အမေ့ အဆိုအရ ကျွန်တော် ပုခက်တွင်း ကလေး ဘ၀ကတည်းက ဘယ်အရာကို လှမ်း ကိုင်ကိုင် (သို့မဟုတ်) မိဘနှစ်ပါးက ဘယ်အရာ လှမ်းပေးပေး ဘယ်လက် ဖြင့်သာ ယူသောဟူ၏။ ထိုအကျင့် စရိုက် များကြောင့် မိဘနှစ်ပါးက ကျွန်တော် ကြီးပြင်း လာသောအခါ ဘယ်သန်တစ်ဦး ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းကြသော် လည်း နုစဉ်ကလေးဘ၀ အကျင့်စရိုက် များသည် ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး ပြောင်းလဲတတ်သော သဘော သဘာဝကြောင့် တပ်အပ်သေချာ မပြော ဝံ့ကြပေ။retire-man-letter

သို့သော် တဖြည်းဖြည်း ပြေးလွှား ဆော့ ကစားတတ်သည့် အရွယ်သို့ ရောက်သောအခါ အတူနေ တစ်ဝမ်းကွဲ အစ်ကိုများ၏ ဘောလုံး၊ ခြင်းလုံးတို့ကို ဘယ်ခြေနှင့်ချည်း လှိမ့်ကန်ပါမှ တစ်အိမ် သားလုံးက ကျွန်တော် ဘယ်သန် စစ်စစ် တစ်ယောက်မှန်း အခိုင်အမာ သိရှိသွား ခဲ့ကြလေသည်။
ထိုသို့ သားသမီး သုံးယောက် အနက် (ထိုစဉ်က ကျွန်တော့်ညီ မမွေးဖွားသေး) ကျွန်တော်တစ်ဦးတည်း ဘယ်သန် ဖြစ်နေတာကို အဖေနှင့် အမေတို့က သာမန် ဖြစ်ရိုးဖြစ်စဉ် တစ်ခု ဟုသာ မှတ်ယူခဲ့ကြပါသည်။ သို့ နှင့် တဖြည်းဖြည်း အသက်ငါးနှစ် အရွယ်တွင် အိမ်နှင့် မနီးမဝေးရှိ အ.လ.က (၂)တွင် သူငယ်တန်း စတက်ရပါသည်။ တကယ် တမ်း အ.ထ.က (၃)မှာ ကျွန်တော်တို့ အိမ်နှင့် ပိုနီး သော်လည်း အစ်ကိုနှင့် အစ်မတို့က အ.လ.က (၂)တွင် တက် ရောက်နေသောကြောင့် ကျွန်တော်ပါ ထို ကျောင်းတွင် တက်ရခြင်း ဖြစ်ပါသည်။

ကျောင်းသားဘ၀ ကနဦး နေ့ရက် များ၌ စုစုပေါင်း ကျောင်းသူ^သား အယောက် ၃၀ကျော်ရှိသော သူငယ်တန်း အခန်းထဲတွင် ကျွန်တော် တစ်ယောက် တည်း ဘယ်သန်မို့ အတန်းပိုင် ဆရာမ ၏ မျက်စိထဲတွင် ကျွန်တော်က အထင်း သား ပေါ်လွင်နေလေတော့သည်။ ထို ကြောင့် ဆရာမက တစ်ဦးတည်းသော ဘယ်သန် ကျွန်တော့်ကို ချစ်စနိုးနှင့် “ဗိုလ်လက်ဝဲ”ဟု ပညတ်ရာမှ အစပြု၍ တစ်တန်းလုံးက သံယောင်လိုက်ပြီး ထို အမည်နာမကိုပင် သုံးနှုန်းကြရာ ကျွန်တော့် နာမည်ရင်းကို ခေါ်သူမရှိသလောက် ဖြစ်ခဲ့ရလေသည်။ သို့သော် ထိုစဉ်က ငါးနှစ်သားအရွယ် ချာတိတ် လေးများ ဖြစ်ကြသော ကျွန်တော်တို့မှာ ဘယ်သန် ညာသန် ဆိုတာကို ဆရာမနှင့် လူကြီး မိဘများ ပြောစကားကြောင့်သာ သိရှိ ကြခြင်းဖြစ်ပြီး ခြားနားချက်ကို ရေရေ ရာရာ သဘောမပေါက် ကြပေ။

သို့သော်လည်း ကျောက်သင်ပုန်း ကျောက်တံ ကိုယ်စီနှင့် စာစရေးသော အခါမှ ဘယ်သန်နှင့် ညာသန် ခြားနား ချက်ကို ကျွန်တော်စတင် သတိပြု မိပါသည်။ ဆရာမက ကျောင်းစတက် သည့်နေ့၌ မိမိထိုင်ရမည့် နေရာအသီး သီးကို သတ်မှတ်ပေးရာ သုံးယောက် တစ်တန်း ထိုင်ရသော ခုံတန်း၏ အလယ် ၌ ကျွန်တော်ထိုင်ရသောကြောင့် စာရေး တိုင်း ကျွန်တော့် ဘယ်ဘက်ရှိ ညာသန် နှင့် လက်ချင်း အမြဲလိုလို ထိပ်တိုက် တိုးမိလေတော့သည်။ ဘယ်သန်နှင့် ညာသန်၊ တစ်နည်းအားဖြင့် လက်ဝဲနှင့် လက်ယာ ပဋိပက္ခမှာ ထိုအချိန်မှ အစပြု ခဲ့ရလေသည်။ ထိုသို့ တစ်နေ့ထက်တစ်နေ့ လက်ဝဲလက်ယာ ပဋိပက္ခ ပိုမိုကြီးထွား လာပြီး ပေါက်ကွဲလုနီးနီး အခြေအနေ၌ ဆရာမက ကျွန်တော့်ကို ခုံတန်း၏ ဘယ် အစွန်သို့ ပို့လိုက်ခြင်းဖြင့် အဆိုပါ ပဋိပက္ခကို အင်အား မသုံးဘဲ ဖြေရှင်းပေး ခဲ့လေသည်။ ထိုနေ့ ထိုအချိန်မှ အစပြု၍ လက်ဝဲစစ်စစ် တစ်ဦးဖြစ်သော ကျွန် တော်လည်း နေရင်းထိုင်ရင်း အလယ် လူအဖြစ်မှ ဘယ်အစွန်သို့ နယ်နှင် ဒဏ် အပေးခံလိုက်ရသောကြောင့် အစွန်း ရောက်တစ်ဦး ဖြစ်လာလေတော့သည်။

ကျွန်တော် ဒုတိယတန်းရောက် သောအခါ အိမ်နှင့် ပိုနီးသော အ.ထ.က (၃) သို့ ကျွန်တော်တို့ မောင်နှမ အားလုံး ပြောင်းရွှေ့ တက်ရောက်ရပါသည်။ ထိုကြောင့် ကျောင်းဟောင်းမှ အမည် ဟောင်းဖြစ်သော ဗိုလ်လက်ဝဲမှာ ကျောင်း သစ်သို့ ပါမလာတော့ပေ။

ကျွန်တော့်အတွက် အစစအရာရာ အသစ်ဖြစ်သော အ.ထ.က (၃)၌ အား တက်စရာ တစ်ခုမှာ ကျွန်တော် တက် ရောက်ရမည့် ဒုတိယတန်း၌ ကျွန်တော့် လို လက်ဝဲဝါဒီ ဘယ်သန်နှစ်ဦး ရှိနှင့် နေခြင်းပင် ဖြစ်ပါသည်။ အဆိုပါ လက်ဝဲ ဝါဒီနှစ်ဦးအနက် တစ်ဦးမှာ ယောက်ျား လေးဖြစ်ပြီး နောက်တစ်ဦးမှာ မိန်းကလေး ဖြစ်ပါသည်။ ထိုကြောင့် ဒီတစ်ခါတော့ အဖော်ရပြီဟု အားတက်မလို့ ကြံထား တုန်း အတန်းပိုင်ဆရာမက အစွန်းရောက် လက်ဝဲဝါဒီချင်း အတူတူ မူလလက် ဟောင်း လက်ဝဲဝါဒီ နှစ်ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးပြီး ကျွန်တော်တစ်ဦး တည်းကိုသာ ညာသန် လက်ယာဝါဒီ တစ်ဦး ဖြစ်အောင် ပုံသွင်းလေသည်။ ဖြစ်တန်ရာ တစ်ခုမှာ မူလလက်ဟောင်း လက်ဝဲဝါဒီ နှစ်ဦးမှာ ရပ်တည်ချက် ခိုင်မာပြီး ပြုပြင်ရန် မလွယ်ကူသော ကြောင့် ဆရာမက လျစ် လျူရှုထားခြင်း လားမသိ။ ထိုသို့ အတန်းပိုင် ဆရာမက လက်ဝဲဝါဒီ သုံးဦးအနက် ကျွန်တော် တစ်ဦးတည်းကို ညာသန် လက်ယာဝါဒီ တစ်ဦးဖြစ်အောင် ဘက်ပြောင်းခိုင်းတာ တရားမျှတမှု မရှိဟု ထင်မှတ်ခဲ့သော်လည်း လူကြီး မိဘနှင့် ဆရာသမားများကို အကျိုးသင့် အကြောင်းသင့် အပြန်အလှန် မေးခွန်း မထုတ်ဝံ့သော (သို့မဟုတ်) စောဒကတက်ရန် ဝန်လေးသော ခေတ် မှာ လူဖြစ်ခဲ့ရသော မျိုးဆက်များပီပီ ဆရာမ စီမံသမျှ မငြင်းဆန်ဝံ့ဘဲ လိုက်နာ ခဲ့ရ လေသည်။

ယခုလို ဘယ်သန်မှ ညာသန် တစ်ဦးဖြစ်အောင် ပြောင်းလဲ လေ့ကျင့်ရ သောကြောင့် ကနဦး၌ အခက်အခဲ ကြုံတွေ့ရလေသည်။ သို့သော် နေ့နေ့ ညည ညာလက်ဖြင့် အပြင်းအထန် စာအရေး ကျင့်သောကြောင့် များမကြာမီ မှာပင် ကျွန်တော်သည် ညာလက်ဖြင့် စာကို နိုင်နိုင်နင်းနင်း ရေးသားနိုင်သူ တစ်ဦး ဖြစ်သွားပါလေတော့သည်။ တစ်နည်းပြောရလျှင် လက်ဝဲစာပေနှင့် လမ်းခွဲကာ လက်ယာ စာပေကို စတင် ရေးသားပြုစုချိန် ဆိုကြပါစို့။
ထိုသို့ ဆရာမက ကျွန်တော့်ကို ညာလက်ဖြင့် စာရေးတတ်အောင် ပုံသွင်း နိုင်ခဲ့ပေမယ့် ခြေထောက်ကား လက်ဝဲ လမ်းစဉ်ကို မမှိတ်မသုန် ယုံ ကြည်သော ဘယ်သန်တစ်ဦး ဖြစ်မြဲ ဖြစ်လျက်ပင် တည်း။ ယခုလို ဘယ်သန်တစ်ဦး ဖြစ်နေ သောကြောင့် ဘောလုံး၊ ပိုက်ကျော်ခြင်း အစရှိသော ကစားနည်းများ၌ ကျွန်တော်သည် ညာသန်များထက် သိသိသာသာ အခွင့်အရေး ပိုရလေ့ ရှိပါ သည်။ နည်းပြ အများစုက လူရွေးချယ်မှု တွင် ဘယ်သန်နှင့်ညာသန် အရည် အချင်းခြင်း တူညီနေပါက ညာသန်ထက် လူနည်းစုဖြစ်သော ဘယ်သန်များကို ပိုဦးစားပေး ရွေးချယ်လေ့ ရှိပါသည်။ ဖြစ်နိုင်ခြေ တစ်ခုမှာ ဘယ်သန်များက ညာသန်များ၏အထာကို သိနေပေမယ့် ညာသန်များက လူနည်းစုဖြစ်သော ဘယ်သန်များ၏ အထာကို ရုတ်တရက် ခန့်မှန်းရခက်ခဲနေသောကြောင့် ဖြစ်ပါ လိမ့်မည်။ အထူးသဖြင့် တင်းနစ်လို၊ စားပွဲတင်တင်းနစ်လို တစ်ဦးချင်း ကစား နည်းများ၌ ဘယ်သန်များ၏ အားသာ ချက်မှာ ပို၍ ထင်ရှားလေ့ ရှိပါသည်။ အမြဲလိုလို ညာသန်များ နှင့်သာ ယှဉ်ပြိုင် ကစားဖူးသော ညာသန်တစ်ဦးအဖို့ ဘယ်သန် တစ်ဦးနှင့် ရင်ဆိုင်ရသောအခါ ကစားပေါက်ချင်း မတူသောကြောင့် အနည်းနှင့် အများဆိုသလို အခက်ကြုံလေ့ရှိပါသည်။

သို့သော် အဆိုပါ ကစားနည်းများအပြင် တခြားတစ်ဦးချင်း ကစားနည်း အတော်များများ၌လည်း ဘယ်သန် အနည်းစုဖြစ်သော ကမ္ဘာပေါ်၌ ညာသန် များကသာ ကမ္ဘာ့ချန်ပီယံအဖြစ် မင်းမူလျက် ရှိပါသည်။ ထို့အပြင် မော်တော် ဆိုင်ကယ်များ၌ လီဗာကို ညာဘက်မှာ တပ်ဆင်ပေးထားခြင်းမှာ ညာသန်များအတွက်သာ ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာ ထင်ရှားသလို နာရီလက်တံများ၊ ပန်ကာများ၊ စက်များ ကို လက်ယာရစ် လှည့်ပတ်စေသော လုပ်ရပ်မှာ ကျွန်တော်လို ရပ်တည် ချက် မခိုင်မာသော လက်ဝဲဝါဒီများကို ဘက်ပြောင်းအောင် သွေးဆောင် နေသလိုပင်။ သို့သော် ဘယ်သန်တစ်ဦး ၏ ဂေါက်ရိုက်တံကို ညာသန် တစ်ဦးက ယူရိုက်၍ မရသလို ညာသန် တစ်ဦး၏ဂီတာကို ဘယ်သန် တစ်ဦးအနေနှင့် ကြိုးပြန်ပြောင်းပြီး တီးခတ် ရခြင်းကလည်း ဘယ်သန် နှင့် ညာသန်ကြားက ကွဲလွဲချက်ကို မီးမောင်း ထိုးပြလျက် ရှိပါသည်။

တစ်လောက ဆရာမောင်သာရ၏ ဝတ္ထုတို တစ်ပုဒ်ဖတ်လိုက်ရ ပါသည်။ အဆိုပါ ဝတ္ထုထဲမှ ဇာတ်ကောင်မှာ အနီခေတ်၌ ကြီးပြင်းခဲ့ ရသောကြောင့် အယူအစွဲကြီးသော အစွန်းရောက် လက်ဝဲဝါဒီတစ်ဦး ဖြစ်လာခဲ့လေသည်။ သို့နှင့် တစ်နေ့မှာ အဆိုပါ ဇာတ်ကောင်က ရေချိုးအပြီး မှန်ရှေ့မှာ ရပ်လိုက်တော့ သူ့တစ်သက် ဘယ်လက်ဟု ထင်မှတ်ထားသော လက်မှာ မှန်ထဲ၌ ညာလက်ဖြစ်နေတာ အလန့် တကြား တွေ့လိုက်ရသည်ဟူလို။
အင်း….. ဒီအတိုင်းဆို ကျွန်တော်လည်း မှန်လေးဘာလေး ဂရုတစိုက် ကြည့်ဖို့လိုပြီ။ အကယ်၍ ဆရာမောင် သာရ ဝတ္ထုထဲကလို ညာလက်ဟု ကျွန်တော်ထင်မှတ်ခဲ့သော လက်သည် မှန်ထဲ၌ ဘယ်လက် ဖြစ်နေပါက ဒုတိယ တန်းမှစ၍ ယနေ့အထိ ကျွန်တော် ရေးသားခဲ့သမျှ လက်ယာစာပေများမှာ လက်ဝဲ စာပေစစ်စစ်များ ဖြစ်နေပေလိမ့်မည်။

ဘုရား …ဘုရား …. မှန်သည် အမှန်တရား မဖြစ်ပါစေနှင့်။