ဗြတ်စာနှင့် ကြော်ငြာများ

0
520

” မြန်မာပြည်မှာဗျာ.. ပါတီတွေ က များ” လို့တစ်ချိန်က ဟစ်ဆိုခဲ့ဖူးသလိုပဲ ဗြတ်စာတော့ ခုလောလောဆယ် ” မြန်မာ ပြည်မှာဗျာ.. ကြော်ငြာတွေကများ” လို့ ဟစ်လိုက်ချင်ပါသဗျ။

ခေတ်တွေ စနစ်တွေ ပြောင်းလဲလာ တာနဲ့အတူ ကုန်ပစ္စည်း အမယ်သစ်တွေ ကလည်း တစ်နေ့တစ်မျိုး မရိုးရအောင် ပေါ်လာသမို့ ဒီပစ္စည်းတွေ စွံဖို့အရေး ကြော်ငြာတွေနဲ့ အစွမ်းကုန် ဈေးကွက်ချဲ့ ထွင်လာတာ တွေ့ရပါတယ်။ တချို့ ကုမ္ပဏီကြီးတွေဆို ကြော်ငြာအတွက် ဘတ်ဂျက်ငွေကြေးအလုံး အရင်းသုံးပြီး ဈေးကွက်ချဲ့ထွင်လာတာ တွေ့ရပါ တယ်။ တချို့ကလည်း ဖောက်သည် တွေ သတိပြုမိအောင် လမ်းလယ်ခေါင် ရောက် လုနီးပါး အကတွေနဲ့ ဖျော်ဖြေတင်ဆက် လာတာပါ တွေ့ရပါသဗျ။

ဟော…ခုတစ်လော ဗြတ်စာတို့ ထားဝယ်မှာ ကြော်ငြာစစ်ပွဲဆင်နွှဲနေတယ် ဆိုရလောက်အောင် ပြိုင်ဆိုင်မှုပြင်း ထန်လာတာကတော့ပုဂ္ဂလိက ဆက်သွယ် ရေးလုပ်ငန်း ကြော်ငြာတွေပဲခင်ဗျ။ ဒီစာ စုဖော်ပြချိန်ဆို တယ်လီနောက လုပ်တဲ့ ဖရီးရှိုးဖျော်ဖြေပွဲကတော့ ပြီးနေ လောက် ပြီဗျ။ ဒီစာစု ဖော်ပြတဲ့ရက်ဆို လည်း အော်ရီဒူးက ဖျော်ဖြေနေလောက် ရောပေါ့ ခင်ဗျ။ အဲဒီလို ဖျော်ဖြေမှုတွေနဲ့ အပြိုင် အဆိုင် ကြော်ငြာလာကြသလို တစ်မြို့လုံး အပြာရောင်နဲ့ အနီရောင်လွှမ်း သလား ထင်ရတဲ့အထိ ကြော်ငြာတွေလည်း နေရာအနှံ့ ကပ်ကြတာတွေ့ရပါသဗျ။
ဟုတ်ကဲ့…ဗြတ်စာပြောချင်တာ အဲဒါပါပဲ။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမားနဲ့ မြှုပ်နှံထားတဲ့ ဒီလို ကုမ္ပဏီကြီးတွေက စည်ပင်ကို အခွန် ဆောင်ရတဲ့ Billboard ကြီးတွေ မထောင်ဘဲ ပေါချောင်ကောင်းလိုက်ပြီး ဟိုနံရံကြော်ငြာသွားကပ်၊ ဒီအုတ်တံတိုင်း ကြော်ငြာသွားကပ်၊ နောက်ဆုံး ဘိန်းမုန့် ရောင်းတဲ့ဆိုင်ခုံပါမချန် ကြော်ငြာတွေ အပြိုင်ကပ်ကြတာ တွေ့ရပါတယ်။ ကြော်ငြာနည်း ဗျူဟာအရတော့ အသက် သာဆုံးနဲ့ လူထုကြားထဲ အစိမ့်ဝင်နိုင် ဆုံးနည်းလမ်းသုံးတယ်လို့ပဲ မှတ်ယူရ မယ် ထင်ပါသဗျ။

ဒီလိုကြော်ငြာတွေ အပြိုင်အဆိုင် ကပ်လာတော့ သူတို့ပြိုင်ဘက်အချင်းချင်း ကြော်ငြာတစ်ခုအပေါ် တစ်ခုကပ်လာတာ တွေ၊ ထပ်လာတွေမျိုးလည်း ကြုံတွေ့မြင် တွေ့ရပါတယ်။ ဦးရာလူနေရာလွတ် မကျန်အပြိုင်ကပ်ကြတဲ့ သဘောပါပဲ။ တစ်ခါတလေဆို ကြော်ငြာကပ်တဲ့ ကလေးတွေက ကြော်ငြာကပ်ရပြီးရော အခြား ကုန်ပစ္စည်းကြော်ငြာတွေ ပေါ်မှာ ထပ်ကပ်တာမျိုး ရှိသလို၊ အိမ်ပိုင်ရှင်၊ ဆိုင်ပိုင်ရှင်ခွင့်ပြုချက်မယူဘဲ ကြော်ငြာ ကပ်တာမျိုးကိုလည်း ကြုံနေရပါတယ်။
သူတို့ဘာသာ သူတို့ အပြာရောင် လှိုင်းပဲ လုပ်လုပ်၊ အနီရောင်လှိုင်းပဲ လုပ်လုပ် တစ်ပါးသူရဲ့အိမ်ရှေ့အိမ်ဘေး ဥပစာကို ထိပါးခြင်း၊ အနှောင့်အယှက် ဖြစ်စေခြင်း မဖြစ်ဖို့တော့ ကုမ္ပဏီတာဝန် ရှိသူတွေ ထိန်းသိမ်းသင့်တယ်လို့ ဗြတ်စာ တွေးမိပါတယ်။ တချို့ ဗီနိုင်း စတွေက ရက်ကြာလာ၊ နေပူဒဏ်ခံရလာတာနဲ့ အမျှ ကွာကျပြုကျ လာတာကလည်း အရုပ်ဆိုး အကျည်းတန်စေပါသဗျ။ဗြတ်စာ တစ်ဆက်တည်း တွေးမိတာက ဒီလိုကြော်ငြာမျိုးတွေကို ကြီးကြပ်ဖို့ တာဝန်ရှိတဲ့ စည်ပင်လို ဌာနဆိုင်ရာမျိုးက ဘာမှအရေးယူ မဆောင်ရွက် ဘူးလား ဆိုတာပါ။

တချို့ဆိုင်တွေ၊ အိမ်တွေကတော့ အမိုးအကာရရင်ပြီးရော သဘော ထား နိုင်ပေမယ့် တချို့ဆိုင်တွေ၊ တချို့ အိမ်တွေက အယူအဆ အမျိုး မျိုးရှိကြတော့ မလိုလားအပ်တဲ့ ကိစ္စမျိုးတွေ ဖြစ်လာမှာလည်း ဗြတ်စာ စိုးရိမ်ပါသဗျ။ ဒီကြားထဲ အရက်ကြော်ငြာ၊ ဘီယာကြော်ငြာဗီနိုင်း တွေကလည်း တစ်မှောင့်။ တော်ကြာဘုရားလူကြီး အိမ်နံရံ အရက် ကြော်ငြာကပ်မိသလိုမျိုး ကြုံနေပါဦး မယ်ဗျ။
ကဲ..ဗြတ်စာတစ်ခုတော့ တိုက်တွန်း လိုက်ချင်ပါသဗျ။ ဒီလိုနေရာ အနှံ့ ကြော်ငြာမယ်ဆိုရင် ကြော်ငြာ အကပ် ခံရတဲ့အိမ်တွေ၊ဆိုင်တွေ၊ ဆိုင်လေးတွေ ကလည်း ကြော်ငြာခတော့ တောင်းသင့်တယ်လို့ ဗြတ်စာ မြှောက်ပေးပါရစေဗျ။

တကယ်ဆို ဒီဆက်သွယ်ရေး ကုမ္ပဏီကြီးတွေ၊ အဖျော်ယမကာ ကုမ္ပဏီကြီးတွေဆိုတာက ရင်းနှီးမြှုပ်နှံမှု ကြီး ကြီးမားမားနဲ့ ဗြတ်စာ တို့နိုင်ငံ ဈေးကွက်အတွင်းဝင်လာပြီး ကြော်ငြာစရိတ်တွေ ဘီလျံချီ သုံးနေတဲ့ ကုမ္ပဏီတွေခင်ဗျ။ အခြားမီဒီယာ နည်းလမ်းတွေက ကြော် ငြာရင် အကုန်အကျများမှာမို့ လူထုကြား အထိရောက်ဆုံးနည်းတွေဖြစ်တဲ့၊ နောက်ပြီး အသက်သာဆုံးနည်းဖြစ်တဲ့ တွေ့ရာမြင်ရာ ကြော်ငြာကပ်တဲ့ နည်းဗျူဟာကို ကျင့်သုံးလာပုံရပါသဗျ။ ပွင့်ပွင့်လင်းလင်း ပြောရရင် တော့ ခွက်ကျတဲ့ ကြော်ငြာနည်းဗျူဟာပေါ့ ခင်ဗျာ။ တကယ်တမ်းသာ အဆင့်မှီမှီနိုင်ငံတကာ တန်းဝင် ကြော်ငြာချင်ရင် မြို့လယ်ခေါင် ဈေးကြီးနားမှာ Billboard ထောင်ပြီး တင့်တောင့် တင့်တယ် ကြော်ငြာ သင့်တယ် မဟုတ်လားဗျာ။ ခုတော့.. ဘယ်မှာ ကြော်ငြာဘုတ်ကြီးကြီး ရှိလို့လဲ ခင်ဗျာ။ တွေ့ရာ မြင်ရာကြော်ငြာကပ်နည်းဗျူဟာနဲ့ မြန်မာပီပီ ခွက်ကျတာပဲလို့ ဗြတ်စာ တော့ တွေးမိပါသဗျ။
ဒီတော့ ကုမ္ပဏီတွေလည်း စီးပွား ဖြစ်၊ စည်ပင်လည်း စီးပွားဖြစ်..အဲ..အဲ..အခွန်ဖြစ်၊ အိမ်ပိုင်ရှင်တွေလည်း ကြည် ကြည်ဖြူဖြူ ဖြစ်အောင် ကြော်ငြာကပ်ရင် ကြော်ငြာ ခလေးများတောင်း သင့်ပါကြောင်း ဗြတ်စာ ဆေးထိုးလိုက်ပါရစေဗျာ။ ။ ။