မွန်ပြည်နယ်အတွင်းရှိ မှတ်ပုံတင်ထားသည့် ကုမ္ပဏီများမှ ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ပတ်သက်ပြီး သက်မှတ်ရက်အတွင်း သတင်းပေးပို့ရမည်ဟု သိရသည်။
မှတ်ပုံတင်ပြီးသော ကုမ္ပဏီများသည် မှတ်ပုံတင်သက်တမ်း ကျန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လုပ်ငန်း ဆက်လက်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာန (ရုံးချူပ်)နှင့် မြို့နယ်ရှိ ရုံးခွဲများသို့ စက်တင်ဘာလ ၁၄ ရက်နေ့ နောက်ဆုံးထား သတင်း ပေးပို့ရမည်ဟု သတင်းထုတ် ပြန်ထားသည်။
သတင်းပေးပို့ခြင်း မရှိသော ကုမ္ပဏီများအား မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ ဆက်လက် အရေးယူဆောက်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
” ဘယ်လိုအရေးယူမလဲဆိုတဲ့ဟာက ကုမ္ပဏီမှာက သူ့စည်းမျဉ်းစည်းကမ်းရှိပါတယ်၊ အဲဒီအတိုင်းကို ဆက်လုပ်သွားမယ်၊ ဒါပေမယ့် အခုက အရေးယူမယ့်အပိုင်းတော့ မဟုတ်သေးဘူး၊ ကုမ္ပဏီတွေ ဘာလုပ်ငန်းလုပ်နေလဲ၊ ဆက်လုပ်နေလား၊ သက်တမ်းရှိ မရှိ အဲဒါတွေကို သိနိုင်ဖို့ပါ} ဟု အထက်ပါဌာနမှ လက်ထောက် ဒါရိုက်တာက ပြောသည်။
မွန်ပြည်နယ်တွင် မှတ်ပုံတင်ထားသည့် မွန်ပြည်နယ်အခြေစိုက်ကုမ္ပဏီ စုစုပေါင်း ၂၀၀ ကျော်ရှိသည်။
ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသည် ကုမ္ပဏီများ ဖွဲ့ စည်းခြင်း မှတ်ပုံတင်ခြင်း လုပ်ငန်းအား ၁၉၄၁ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေနှင့် ၁၉၅၀ အထူး ကုမ္ပဏီ အက်ဥပဒေ များနှင့် အညီ ဖွဲ့စည်းမှတ်ပုံတင်ပေးလျက်ရှိသည်။