တက္ကသိုလ် ကျောင်းသားတွေ ဘာလုပ်နေတာလဲ

0
655

တက္ကသိုလ် ကျောင်းသားတွေ ဘာလုပ်နေတာလဲ။
ဒီလို မေးခွန်းများ ဘာခက်တာ မှတ်လို့ စာသင်နေတာပေါ့လို့ ပြောကြ မှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ စာသင်နေကြပါတယ်။ ဒါပေမယ့် မေးစရာမေးခွန်းတွေ ရှိလာပါတယ်။ တက္ကသိုလ်ကျောင်းသားဘ၀ဆိုတာ စာတွေပဲသင်၊ စာတွေပဲကျက်ပြီး နေ သွားရမှာလား။ အခြားတစ်ဘက်ကလည်း စာမသင်ရင် ဘာသင်ရမှာလဲ ဆိုတဲ့ မေးခွန်းတွေပါပဲ။

မိတ်ဆွေ ဆရာတစ်ယောက် ရှိပါ တယ်။ ကျောင်းတွင်း လှုပ်ရှားမှုတွေ လုပ်တဲ့အခါ အမြဲတမ်း သူ့လက်သူ့ ခြေချည်းပဲ လုပ်နေရတာကို တွေ့ရလေ့ ရှိတယ်။ အဲလို တွေ့နေရာတာဟာ တစ်နှစ်လည်း မဟုတ်၊ နှစ်နှစ်လည်း မဟုတ်ပါဘူး။ ကျောင်းတွင်း လှုပ်ရှား မှုတွေအတွက် တီးဝိုင်းချိတ်လည်းသူ၊ သီချင်းစုလည်းသူ၊ ဒိုင်တွေကို ချိတ် ဆက်တာလည်း သူ ဟိုဟာလည်းသူ ဒီဟာလည်းသူ ဖြစ်နေတာကို တွေ့တိုင်း “ဆရာတို့ကျောင်းက ကျောင်းသူကျောင်း သားတွေ ဘာလုပ်နေကြတာလဲ ဆရာ ရယ်”လို အားမလို အားမရ စိတ်ပျက် လက်ပျက် မေးမိပါတယ်။
သူ့အဖြေက “ကျောင်းသားတွေက ဒါတွေ လုပ်ဖို့ စိတ်မဝင်စားဘူး” တဲ့။

ဒီနေရာမှာ ဆရာ၊ ဆရာမ တွေကို ရော ကျောင်းသူကျောင်းသား တွေကိုပါ မေးစရာတွေ အများကြီး ရှိလာပါတယ်။
ပထမဆုံး ကျောင်းသူ ကျောင်းသား တွေကို မေးခွန်းသုံးခု မေးချင်ပါတယ်။

(၁) ဘာကြောင့် ဦးစီးဦးရွက်ပြုပြီး မလုပ်ကြတာလဲ။
(၂) ဒီလှုပ်ရှားမှုတွေကနေ တဆင့် သင်ယူစရာတွေ အများကြီးရှိတယ်ဆိုတာ မသိဘူးလား။ ဘာကြောင့်ပါလဲ။
(၃) ကျောင်းတွင်း ကာယဥာဏ လှုပ်ရှားမှုတွေမှာ ဘာရည်ရွယ်ချက်တွေနဲ့ ပါဝင်နေတာလဲ။

ခေတ်က အရင်ခေတ်ကလို အရာ ရာကို ပိတ်ဆို့ထားတဲ့ခေတ် မဟုတ် တော့ပါဘူး။ ကျောင်းသား သမဂ္ဂတွေ တောင် ထိုက်သင့်တဲ့ လှုပ်ရှားမှုတွေ လုပ်ခွင့်ရှိနေတယ်။ ဒီလိုအခြေအနေမှာ ကျောင်းသားတွေက ဘာကြောင့် ကျောင်း တွင်း လှုပ်ရှားမှုတွေကနေတဆင့် သင်ယူ လို့ ရနိုင်တာတွေကို မသင်ယူကြတာလဲ။

တက္ကသိုလ်ဆိုတာ စာချည်း သက်သက် သင်ဖို့ မဟုတ်ဘူးဆိုတာကို တက္ကသိုလ်တွေ ခေတ်ကောင်းစဉ်အခါ တက္ကသိုလ်ကျောင်းသား ကျောင်းသူ ဘ၀ပီပီပြင်ပြင် ရခဲ့စဉ်အခါက ကျောင်း တက်ခဲ့သူတွေ ကောင်းကောင်း သိကြပါ တယ်။ အဲလို ပြောလို့ ခေတ်မကောင်း စဉ်က ကျောင်းသားတွေ မရကြဘူးလို့ မထင်လိုက်ပါနဲ့။ ခေတ်မကောင်း ပေမဲ့လည်း ယူတတ်တဲ့ ကျောင်းသား တွေကရတဲ့နည်းနဲ့ ရသလောက် ယူကြ တာကို ကိုယ်တွေ့ မျက်မြင် တွေ့ခဲ့ဖူး ပါတယ်။
တက္ကသိုလ်တွင်း လှုပ်ရှားမှုများ ကနေ လူတွေနဲ့ ပေါင်းသင်း ဆက်ဆံမှု၊ စီမံခန့်ခွဲမှု၊ ငွေကြေးစိစစ်သုံးစွဲမှု စတာ တွေကို သင်ယူနိုင်သလို ကိုယ့်ရဲ့ လူမှုရေး အရင်းအမြစ်ကြွယ်ဝမှုကိုလည်း တည်ဆောက်နိုင်ပါတယ်။

ဆိုလိုတာက သီချင်းဆိုပြိုင်ပွဲ အတွက် ဦးစီးဦးရွက်ပြုတဲ့နေရာမှာ ပါမယ်ဆိုရင် တီးဝိုင်းအဖွဲ့သားတွေနဲ့ ရင်းနှီးမယ်။ အချိတ်အဆက်ရမယ်။ သူတို့ဘယ်လို အလုပ်လုပ်တယ်၊ ဂီတ သမားတွေရဲ့ စိတ်နေသဘောထား၊ သူတို့ရဲ့ အလုပ်သဘော သဘာဝက ဘယ်လိုရှိတယ်ဆိုတာ သိနိုင်မယ်။ သူတို့နဲ့ဘယ်လို ချိတ်ဆက်ရတယ်။ တီးဝိုင်းတစ်ဝိုင်းငှားရင် ဘယ်လောက် ကုန်ကျတယ်စသဖြင့် သင်ယူစရာ လေ့လာစရာတွေ အများကြီး ရှိပါတယ်။
အားကစားပွဲဆို အားကစားပွဲ အလျှောက်၊ ကိုယ်ကာယကြံ့ခိုင်မှုပွဲဆို ရင်လည်း ကိုယ်ကာယကြံ့ခိုင်မှု ပွဲ အလျှောက် ယူတတ်ရင် ယူတတ် သလောက် ရနိုင်ပါတယ်။

လက်ရှိမှာတော့ အဲဒီ သင်ယူ စရာတွေ အများကြီးကို ဆရာ၊ ဆရာမ တွေကပဲ ထပ်ခါ ထပ်ခါ သင်ယူနေရ သလို ဖြစ်နေပါတယ်။ လူမှုရေး အရင်း အမြစ်ကြွယ်ဝမှုကလည်း ဆရာ၊ ဆရာမတွေကပဲ တစ်နှစ်ပြီး တစ်နှစ် တိုးပွားလာနေတာပါပဲ။
ဒီနေရာမှာ ဆရာဆရာမတွေကို မေးရမယ့် မေးခွန်းပေါ်လာပါတယ်။
(၁) ဘာကြောင့် ကိုယ်ချည်း လုပ်နေရတဲ့ အခြေအနေကြီးကို ချိုးဖျက် ဖို့ မကြိုးစားတာလဲ။
(၂) ကိုယ်တိုင်ဝင်လုပ်တာနဲ့ စီမံ ကွပ်ကဲတာ မတူဘူးဆိုတာ မသိဘူးလား။
(၃) ကျောင်းသူကျောင်းသားတွေ ဦးစီးဦးရွက် ပြုတတ်လာဖို့ ဆွဲခေါ်ရမှာ ဘယ်လောက်တောင် ခက်ခဲနေလို့လဲ။
လက်ရှိ အခြေအနေဟာ အပေါ်မှာ ပြောခဲ့သလိုပဲ အရင်လောက် ပိတ်ပင် တားဆီးမှု မရှိတော့ပါဘူး။ ဒီအခွင့် အရေး ဒီအခြေအနေကို အသုံးချပြီး ကျောင်းသူ ကျောင်းသားတွေ ဦးစီး ဦးရွက်ပြုတတ်လာအောင် လုပ်လို့ မရဘူးလား။
အခုအခြေအနေက ဆရာ၊ ဆရာမ တွေကပဲ အစစအရာရာ စီစဉ်ပြီး ကျောင်းသူကျောင်းသားတွေက အခန့် သားဝင်မျှောလိုက် ပွဲပြီးမီးသေ ဖြစ်နေ ပါတယ်။
တချို့ကိစ္စတွေမှာ ဆရာပါမှ ဖြစ်မယ်ဆိုတာမျိုး ရှိကောင်းရှိနိုင်ပေမယ့် အခုလိုမျိုး အစစအရာရာ လုပ်နေရ တာမျိုးကတော့ မဖြစ်သင့်ပါဘူး။ ဖြစ် နိုင်ရင် အနည်းငယ် ကြီးကြပ် လမ်းညွှန် ရုံမှတပါး မပါသင့်ပါဘူး။

ဒီအခြေအနေကို ချိုးဖျက်ဖို့ ကြိုးစားသင့်နေပါပြီ။ ကျောင်းတွင်း လှုပ်ရှားမှုတွေကို ကျောင်းသူကျောင်း သားတွေက ဦးစီးဦးရွက် ပြုတတ်လာတဲ့ အခြေအနေမျိုး ဖြစ်လာအောင် ဝိုင်းဝန်း ဖန်တီးဖို့ လိုနေပါပြီ။

အဲလို ဖန်တီးတဲ့နေရာမှာ ကျောင်း သား သမဂ္ဂတွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါပါတယ်။ ဒါကြောင့် ဆရာ ဆရာမတွေကို မေးသလို နောက်ထပ် မေးခွန်းထုတ်စရာတစ်ခုက ကျောင်းသား သမဂ္ဂတွေကိုပါ။
ကျောင်းပြင်ပနိုင်ငံရေးနဲ့ ပတ်သက် ပြီး ကျောင်းသားသမဂ္ဂတွေရဲ့ ပူးပေါင်း ပါဝင်မှု တက်ကြွမှု ထိုက်သင့်တဲ့ အလျောက် အားရကျေနပ်ဖွယ်ရှိတာ တွေ့ရပါတယ်။ သို့သော် တစ်ခုသတိ ထားမိတာက ကျောင်းတွင်းနိုင်ငံရေးလို့ ခေါ်တဲ့ ကျောင်းသူ ကျောင်းသား တွေ ရဲ့အခွင့်အရေး၊ လက်ရှိ ပျက်ယွင်းနေတဲ့ တက္ကသိုလ်ရေစီးကို ပြုပြင်ပြောင်းလဲရေး စတာတွေနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုကို မတွေ့ရသလောက်ပါပဲ။
ပြဿနာတွေ၊ ဖိနှိပ်မှုတွေ၊ စည်း စနစ် အားနည်းတွေနဲ့ နှစ်ပေါင်းများစွာ ဖြတ်သန်းလာရတဲ့ တက္ကသိုလ်ကျောင်း ဝင်းအတွင်းမှာ သမဂ္ဂတွေအနေနဲ့ လုပ် စရာအလုပ်တွေ အများကြီးမှ အများ ကြီးပါပဲ။

(က) ကျောင်းဝန်းကျင် အမှိုက် ကင်းစင်နေပြီလား။
(ခ) စာသင်ခန်းတွေက စာသင် ချင်စရာ ကောင်းတဲ့ ဝန်းကျင် ဖြစ်ရဲ့ လား။ မိုးရာသီဆို မိုးယို၊ နွေရာသီဆို နေထိုး၊ ဆောင်းရာသီဆို လေတိုးတဲ့ အခြေအနေမျိုး ဖြစ်နေသလား။
(ဂ) ကျောင်းအိမ်သာတွေ သန့် သန့်ရှင်းရှင်း ရှိရဲ့လား။ အိမ်သာရော အသုံးပြုခွင့်ရရဲ့လား။
(ဃ) ကျောင်းတွင်းမှာ ရေပုံမှန် ရရဲ့လား။
(င) ဆရာဆရာမတွေ စာကော ကောင်းကောင်း သင်ရဲ့လား။
(စ) ကျောင်းတွင်းမှာ လုပ်တဲ့ စီမံကိန်းတွေ လာဘ်စားမှု ကင်းရဲ့လား။
(ဆ) ကျောင်းတွင်းလှုပ်ရှားမှု တွေရော ပုံမှန် လုပ်ဖြစ်ရဲ့လား။
(ဇ) ကျောင်းတွင်းမှာ မူးယစ်ဆေးဝါး ပျံ့နှံမှု ဘယ်လိုအခြေအနေရှိလဲ။
(ဈ) ကျောင်းသူကျောင်းသားတွေ အရက်ဆိုင်ရောက်တာ နည်းလာအောင် ဘယ်လို လုပ်ကြမလဲ။
(ည) စာကြည့်တိုက်တွေ အသက် ဝင်လာအောင် ဘယ်လို လုပ်ကြမလဲ။
(ဋ) အသင်းအဖွဲ့တွေ ထွန်းကား လာအောင် ဘယ်လို ကြိုးစားကြမလဲ။

စဖြင့် လုပ်စရာတွေ တောင်ပုံ ရာ ပုံပါ။
ဆန္ဒပြပွဲတွေမှာ ပါဝင်နေမှ မဟုတ် ပါဘူး။ သမဂ္ဂတွေကျောင်းတွင်း နိုင်ငံရေး ကို ကောင်းကောင်း လုပ်မယ်ဆိုရင် ကျောင်းပြင်ပနိုင်ငံရေးကို သွယ်ဝိုက်သော နည်းနဲ့ အထောက် အပံ့ဖြစ်နေပါတယ်။

ကိုယ့်အခွင့်အရေး ကိုယ်သိ၊ ကိုယ့် တာဝန် ကိုယ်သိတဲ့ ကျောင်းသားတွေဟာ ပြင်ပလောကရောက်ရင်လည်း သူ့ရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးနဲ့ စောင့်စည်း လိုက်နာရမယ့် တာဝန်တွေကို သိပြီး သားဖြစ်လို့ ပြင်ပနိုင်ငံရေး လှုပ်ရှား မှုတွေမှာ ပါဝင်ပူးပေါင်းဖို့ ဝန်လေးကြ မှာ မဟုတ်ပါဘူး။
ဒါကြောင့် သမဂ္ဂတွေအနေနဲ့ ကိုယ့် ရဲ အရင်းမူလ အလုပ်ဖြစ်တဲ့ ကျောင်းတွင်း နိုင်ငံရေးကို သေသေချာချာ အာရုံစိုက်ပြီး လုပ်ဖို့လိုပါတယ်။ လုပ်တဲ့ အခါမှာလည်း ပူးပေါင်းအဖြေရှာတဲ့ ချည်းကပ်မှုမျိုးနဲ့ လုပ်ဖို့ကို မမေ့သင့်ပါဘူး။ မလိုဘူး၊ ကန့်ကွက်တယ်ဆိုတာအပြင် ဘယ်လို မျိုးလုပ်ကြရအောင်ဆိုတဲ့ အဖြေကိုပါ စဉ်းစားထားဖို့ လိုပါတယ်။

အပေါ်မှာ မေးခဲ့တဲ့ မေးခွန်းတွေကို အပြန်အလှန် မေးကြ အဖြေရှာကြဖို့ လိုပါတယ်။
အခုအခြေအနေက ဆရာကန် တော့ပွဲကိုတောင် အခမ်းအနား ပြင်တာ အစ ပန်းကန်ယောက်ခွက် ငှားတာအဆုံး ဆရာဆရာမ တွေက ဦးစီးဦးဆောင်ပြုပြီး လုပ်နေရတယ်လို့ သိပါတယ်။ ဒါဟာ တော်တော်ကို မဖြစ်သင့်တဲ့ ကိစဖြစ် ပါတယ်။ ကျောင်းသူကျောင်းသားတွေ ရှက်တတ်ရင် လဲသေဖို့တောင် ကောင်းပါ တယ်။

အချုပ်အနေနဲ့ အပေါ်မှာ ပြောခဲ့တဲ့ မိတ်ဆွေဆရာရဲ့ အပြောကို ဖောက်သည် ချချင်ပါတယ်။
“အခုလိုမျိုး ကျွန်တော်တို့ လုပ်တတ်တယ်၊ လုပ်နိုင်တယ်ဆိုတာ ကျောင်းသားဘ၀တုန်းက ကောင်း ကောင်း လုပ်ခဲ့လို့ပါ”
တက္ကသိုလ်ဆိုတာ အပြင်လောက အသေးစားလေးတစ်ခု ဖြစ်သင့်ပါတယ်။ ဒါမှလည်း တကယ့်လောကထဲ ရောက် တဲ့အခါ ထိုက်သင့်တဲ့အလျောက် တည် တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းနိုင်မှာ ဖြစ်ပါ တယ်။
အဲလို ဖြစ်ဖို့အခုချိန်မှာ အားလုံး ကြိုးစားကြဖို့ အချိန်မနှောင်းသေးပါ။ အားလုံး ရေစီးမှာ မျှောလိုက်နေတဲ့ အခြေအနေက ရုန်းထကြရအောင်ပါ။