လမ်းလုပ်အားပေး မလိုက်နိုင်သည့် အိမ်ကို အုပ်ချုပ်ရေးမှူးက လူငှားခ ပိုက်ဆံကောက်ဟု စွပ်စွဲ

0
474

ရေဖြူမြို့နယ်၊ ဖားချောင်းကျေးရွာ အုပ်စုတွင် လမ်းလုပ်အားပေး မလိုက် သည့် အိမ်များကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက လူအငှားအတွက် ပိုက်ဆံကောက်ခံသည်ဟု ယင်းကျေးရွာ အုပ်စုတွင် ပါဝင်သည့် တောင်ရမ်းအင်း ကျေးရွာက ဒေသခံအချို့က စွပ်စွဲ ပြောဆိုသည်။

ကျေးရွာတွင် လမ်းခင်းရန်အတွက် တစ်အိမ်လျှင် လုပ်အားပေးလူတစ်ဦး မလိုက်မနေရခေါ်ပြီး မလိုက် နိုင်ပါက လူငှားရန် အတွက်ဟုဆိုကာ ငွေကျပ် ၅၀၀၀ ကောက်ခံသည်ဟု တောင်ရမ်း အင်းကျေးရွာနေ ဒေါ်ခင်မိုးအေးက ပြောသည်။
“တရွာလုံးက ကြောက်ကြတယ်။ ပြန်မပြောရဲကြဘူး။ အခုက တရား လွန်လာလို့ အားလုံးကို သိစေချင် တာပါ”ဟု ဒေါ်ခင်မိုးအေးက ဆိုသည်။
အိမ်နီးနားချင်းများတွင် လုပ်အား ပေး လိုက်ကြသူများလည်းရှိပြီး မလိုက် နိုင်သဖြင့် လူငှားခအတွက် ငွေကျပ် ၅၀၀၀ ထည့်ဝင် သူများရှိသော်လည်း ၎င်းတို့အိမ်ကမူ လုပ်အားပေးလည်း မလိုက်၊ လူငှားခငွေလည်း မထည့်လိုက် ဟု ၎င်းက ပြောသည်။

” ပြီးခဲ့တဲ့ သုံးရက်လောက်က တစ်ရက် လုပ်အားပေး လိုက်ရတယ်။ သဲတွေကျောက်တွေကို ကားပေါ် တင်ရတယ်။ မလိုက်လို့ ပိုက်ဆံပေး လိုက်ရတဲ့ အိမ်တွေလည်း ရှိတယ်” ဟု တောင်ရမ်းအင်းကျေးရွာမှ အသက် ၅၁ နှစ်အရွယ် ဦးလှရွှေက ဩဂုတ်လ ၂၀ ရက်နေ့တွင် ပြောသည်။
ယင်းသို့ လမ်းလုပ်အားပေးခေါ်ပြီး မလိုက်နိုင်ပါက လူငှားအတွက် ပိုက်ဆံ ကောက်ခံသည့်ကိစ္စမှာ မဟုတ်မှန် ကြောင်း ဖားချောင်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက ပြောသည်။

” ဒါက ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက် ချင်လို့ စွပ်စွဲတာ သက်သက်ပါ။ ဒီလိုမျိုး ပြောနေတာက လူနည်းစုပါပဲ။ ၁၀ ယောက်တောင် မပြည့်ပါဘူး” ဟု ဦးနိုင်ဝင်းက တုံ့ပြန်ပြောသည်။ဖားချောင်းနှင့် တောင်ရမ်းအင်း ကျေးရွာတို့တွင် ဇွန်လ ၂၄ ရက်နေ့မှ ဇွန်လ ၂၈ ရက်နေ့အထိ မိုးသည်း ထန်စွာ ရွာသောကြောင့် တောင်ရမ်းအင်း ကျေးရွာနှင့် ဂန့်ဂေါ်တောင် ကျေးရွာကြား လမ်းတစ်လျှောက်တွင် ၉ နေရာ ပျက်စီး ခဲ့ပြီး ကားများသွားလာရန် ခက်ခဲနေ သဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ လမ်းပြင်ရန်တင်ပြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘာဝဘေးအန္တရာယ် အတွက် ရန်ပုံငွေမှ ၅၆ သိန်းခွင့်ပြု ပေးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းငွေကျပ် ၅၆ သိန်းတွင် ယန္တရားသယ်ယူစရိတ် မပါသဖြင့် ယန္တရားသယ်ယူစရိတ်ကိုကာမိရန် ဒေသခံများ၏ လုပ်အားဖြင့် ဖြည့်ဆည်း မည်ဟု အစည်းအဝေးတွင် ဆုံးဖြတ်ကာ လုပ်အားပါဝင်ရန် ခေါ်ယူ ခြင်း ဖြစ်ပြီး မလာမနေရခေါ်ယူခြင်း မဟုတ်သည့် အပြင် မလိုက်နိုင်ပါကလည်း လူငှားခ တောင်းခံခြင်း မရှိကြောင်း အုပ်ချုပ်ရေး မှူးက ပြောသည်။

သို့သော် အချို့ဒေသခံများက လုပ်အားပေး မလိုက်နိုင်သည့်အတွက် လုပ်အားပေးလာခေါ်သည့် ဆယ်အိမ် မှူးများကို အစားထိုး လူငှားပေးရန် အတွက် ငွေပေးလိုက်သူများလည်းရှိ သည်ဟု ၎င်းက ဆိုသည်။

ယင်းသို့သော စွပ်စွဲချက်များ ကြောင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် အသုံးစရိတ်များကို သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများက ခွင့်မပြုတော့ ပါက ကျေးရွာ နစ်နာမည်ဖြစ်ကြောင်း ဦးနိုင်ဝင်းကဆိုသည်။

ထားဝယ်မြို့ပေါ်ရှိ ဘုမ္မော်ရပ်ကွက် တွင်လည်း ပြီးခဲ့သည့်လက ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် စည်ပင် သာယာရေး ကော်မတီဥက္ကဌတို့က လမ်းအတွက် အလှူငွေကို မလိမ့်တပတ် ကောက်ခံသည်ဟု စွပ်စွဲချက် ထွက် ပေါ် ခဲ့ဖူးပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌတို့ကမူ စွပ်စွဲချက် သက်သက်သာ ဖြစ်ကြောင်း တုံ့ပြန်ခဲ့ဖူးသည်။