ရေး-ထားဝယ် အတွေးထဲဝယ်

0
866

တနင်္သာရီအပတ်စဉ်ဂျာနယ် အတွဲ၃၊ အမှတ်၎ စာမျက်နှာ ၇ မှာ ယဉ်စနိုင်းရဲ့ တိမ်မြှုပ်နေသည့် ရေးမြို့ ဟောင်းသမိုင်းကြောင်း စာတမ်းဖတ် မည်ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်း ဖတ်ရပါ တယ်။ ဒီသမိုင်း သုတေသန စာတမ်း ဖတ်ပွဲကို ဩဂုတ်လ၂၃ရက်မှာ ရေးမြို့ နယ် ရန်မျိုးအောင်ရပ်ကွက် မွန်ဓမ္မာရုံမှာ ကျင်းပမယ်။ စာတမ်း ၁၀ စောင်လောက် ဖတ်မယ်။ မော်လမြိုင် တက္ကသိုလ်က ဆရာ^မတွေ လုပ်ထားတဲ့ သုတေသန တွေကို အခြေခံတယ်။

ရေးမြို့ရဲ့ ရှေးဟောင်း သမိုင်း ကြောင်း၊ ရေးမြို့ဟောင်းနဲ့ ပတ်သက်တဲ့ စာပေကျမ်းဂန်တွေကို ဆက်လက်ဖော် ထုတ်ဖို့ ရည်ရွယ်ပြီးလုပ်တယ်။ ဒီ သတင်းမှာပါတဲ့ ဆရာကြီး ဦးစံဝင်း ဆိုတာ ကျွန်တော်ဆရာတစ်ဦးပါ။ သုတေသနတွေ အများကြီးလုပ်ခဲ့ပါ တယ်။ ဆရာမကြီး ဒေါက်တာဒေါ်ကြင်စွမ် ဆိုရင်လည်း ပထဝီဝင်ဌာန ပါမောက္ခ အနေနဲ့ ထားဝယ်တက္ကသိုလ်မှာ တာဝန် ကျခဲ့ဖူးတယ်။ ကျွန်တော်ရဲ့ ဆရာမကြီး ပါပဲ။ ဆရာကြီးနဲ့ ဆရာမကြီးကို လေး စားအားကျမိသလို မွန်ပြည်နယ်ရဲ့ ယဉ်ကျေးမှု ဖော်ထုတ်ထိန်းသိမ်းမှုကို လည်း ဂုဏ်ယူမိတယ်။

ရေးမြို့ဆိုတာ ထားဝယ်နဲ့ အနီး ဆုံးမြို့ဖြစ်တယ်။ အဆက်အသွယ် လည်းရှိတယ်။ ဒီသတင်းဖတ်ပြီး သမိုင်း ရူးဆိုတော့ စာအုပ်တွေ ပြန်ရှာကြည့် တယ်။ စာမျက်နှာ ၁၀၀၀ ကျော်ရှိပြီး လွန်ခဲ့တဲ့ ၁၀နှစ် ကျော်က ကျွန်တော်ဖတ် ခဲ့ရပြီး မိတ္တူကူးထားခဲ့တဲ့ မွန်ဆောင်းပါး ပေါင်းချုပ်စာအုပ်ကြီးကို တွေ့တယ်။ ဒီစာအုပ်ကလည်း ကျွန်တော့်ဆရာတစ်ဦး ဖြစ်တဲ့ ဆရာဦးညွန့်သိန်း မြန်မာစာဌာန -ပါမောက္ခ (ယခုကွယ်လွန်)က ၂၀၀၃ ခုနှစ်လောက်က ပေးဖတ်ခဲ့ပြီး မိတ္တူကူး ထားကွာဆိုပြီး လမ်းညွှန်ခဲ့တာပါ။
ye-town
ဒီမွန်ဆောင်းပါး ပေါင်းချုပ်စာအုပ် စာမျက်နှာ ၅၃၈ရှိ ဆရာကိုအေးခက် (မော်လမြိုင်)ရေးသားတဲ့ မွန်ပြည်နယ် ၁၀ မြို့နယ်တွင် ဆဌမအကြိမ်တိုင်တိုင် ပြန်လည် တည်ဆောက်ရသောမြို့ ခေါင်းစဉ်နဲ့ ဆောင်းပါးရှိပါတယ်။ ဆရာ ရဲ့ဆောင်းပါးက ရေးမြို့အကြောင်း ဖြစ် ပါတယ်။ ဒီဆောင်းပါးက ဘယ်အချိန် ကတည်းက ရေးသားဖော်ပြခဲ့လဲ မတွေ့ ရဘူး။ ကရင်ပြည်နယ်ကို ကော်သူလေး ပြည်နယ်လို့ ရေးသားထားတာ တွေ့ရ တယ်။ ဒါပေမယ့် မော်လမြိုင်ကနေ ရေး ကို ရထားနဲ့သွားရင် ကြာမယ့်အချိန် လည်း ဖော်ပြထားပါတယ်။
ဆရာကိုအေးခက်ရဲ့ ရေးသားချက် အရ ရေးမြို့ကို ၆ ကြိမ် တည်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပထမအကြိမ် ရေးမြို့ကို ကောဇာ သက္ကရာဇ် ၉၄ခု တပေါင်းလဆုတ် ၂ ရက်၊ သောကြာနေ့နံနက် ၁ နာရီအချိန်၊ နက္ခတ် ၁၁ လုံး အပါ (ခရစ်နှစ် ၇၃၂ခု)တွင် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရှိ စဒီရွာတွင် စိုးစံသော မာယာဒေဝီ မင်းသမီးက အခု ရေးမြို့ကို အုတ်မြစ်ချ တည်တယ်။ မြို့ကိုလည်း အဝိဇ္ဇဗေဖယျ ပူရလို့ သမုတ်တယ်။ ဒီမင်းသမီးက ၃၅ နှစ် အုပ်စိုးပြီး တိက္ခမင်းကြီး (အမတ်ကြီး တိက္ခပင်ဘရီ)က ၁၅ နှစ် အုပ်ချုပ်တယ်။ ဒီနောက်မှာ အမျိုးအမည် မထင်ရှားတဲ့ အမတ်တစ်ဦး အုပ်ချုပ်နေချိန် ရေးမြို့ ပျက်စီးသွားတယ်။ ဘာကြောင့် ဆိုတာ မတွေ့ရဘူး။

ဒုတိယအကြိမ်အဖြစ် ကောဇာ သက္ကရာဇ် ၈၀၀ ခု ( ခရစ်နှစ် ၁၄၃၈ခု)မှာ ဟံသာဝတီက ဓမ္မစေတီစစ်သူကြီးဟာ ထားဝယ်၊ မြိတ်၊ တနင်္သာရီကို ချီတက် တဲ့အခါ ရေးမြို့ဟောင်းကို တွေ့ပြီး ရာဇ သီဟဇေယျပူရမြို့လို့ သမုတ်ပြီး မြို့သစ် ပြန်တည်တယ်။ မြို့သက်တမ်း ၁၂၉ နှစ် အကြာ ကောဇာ သက္ကရာဇ် ၉၂၉ ခုနှစ်မှာ ပျက်စီးပြန်တယ်။ ဒီမြို့ကောင်းစားစဉ်က ကလော့ရွာ၊ ကော့လှိုင်ရွာ၊ ဝါပေါင်ရွာ၊ မင်းကွန်းရွာ၊ ခေါဇာရွာ၊ ဘီလခတ်ရွာ၊ တောင်ဘုံရွာ၊ သောင်ပြင်ရွာ၊ အံဒင်ရွာ၊ သင်္ကန်း ကျွန်းရွာ၊ ယင်းဒိန်ရွာနဲ့ လမိုင်း ရွာတွေက လက်အောက်ခံတွေဖြစ်တယ်လို့ အဆိုရှိတယ်။
တတိယအကြိမ်အဖြစ် ကောဇာ သက္ကရာဇ် ၁၁၂၆ ခု (ခရစ်နှစ် ၁၇၆၄ခု) ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်း လက် ထက် ထားဝယ်ကြောင်းချီ မဟာနော်ရ ထာက ရေးမြို့ဟောင်းကို တွေ့ပြီး ကြား စခန်းအဖြစ် ရေးမြို့ကို တစ်ခါပြန်တည် တယ်။ မြို့သက်တမ်း ၁၀နှစ်ကြာပြီး ကောဇာသက္ကရာဇ် ၁၁၃၆ခုမှာ မြို့ပျက် ပြန်တယ်။

စတုတ္ထအကြိမ်အဖြစ် ကုန်းဘောင် ခေတ် စဥ့်ကူးမင်းလက်ထက် ကောဇာ သက္ကရာဇ် ၁၁၃၉ခု ( ခရစ်နှစ် ၁၇၇၇ခု)တည်ပြန်တယ်။ ဒီမြို့ကလည်း ထပ် ပျက်ပြန်လို့ ဘိုးတော်ဘုရား လက်ထက် ကောဇာသက္ကရာဇ် ၁၁၅၄ခု (ခရစ်နှစ် ၁၇၉၂ခု)မှာ ပဉ္စမအကြိမ် တည်ပြန်တယ်။ ဒီနောက်မှာတော့ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲဖြစ်ပြီး ခရစ်နှစ် ၁၈၂၆ခု ရန္တပိုစာချုပ်အရ အင်္ဂလိပ်လက်အောက် ရောက်သွားခဲ့တယ်။
ခရစ်နှစ် ၁၉၆၉ခုနှစ် ဒီဇင်ဘာ ၂၂ ရက်မှာ မီးဘေးကြောင့် ရေးမြို့ တစ်မြို့ လုံးလောင်သွားတယ်။ ၁၉၇၂ ခုနှစ် ဇန်နဝါရီလ(၂) ရက်နေ့ ညနေ ၄ နာရီ ၃၀မိနစ်မှာ သေနတ်ပစ်ဖောက်ပြီး ရှေးထုံးတမ်းစဉ်လာအရ မြို့ပတ်လည် (၉)နေရာမှာ နမိတ်ကျောက်တိုင် စိုက်ထူ ပြီး ဆဌမအကြိမ်အဖြစ် မြို့ကို ပြန်လည် တည်ထောင်ခဲ့တယ်။ ဒီရေးမြို့က အခု ချိန်တိုင် စည်ကား တိုးတက်နေတယ်လို့ တွေ့ရတယ်။ ရေးမြို့ရဲ့ မူလတည် မာယာဒေဝီမင်းသမီး သမုတ်ခဲ့တဲ့ အမည် က အဝိဇ္ဇာဇေယျပူရမြို့လို့လည်း ဆက် လက် ဖော်ပြထားတယ်။

မွန်ဆောင်းပါး ပေါင်းချုပ် စာမျက် နှာ ၅၄၈ရှိ ဆရာဦးမြင့်ဆွေ (ဇင်းကျိုက်) ရဲ့ မွန်ပြည်နယ်တောင် ဘက်စွန်းက လွမ်းအောင်ဖန် ဆောင်းပါးမှာလည်း ရေးမြို့ကို ထားဝယ်အဆက် အနွယ်ဝင် မာယာဒေဝီအမည်ရှိ မင်းသမီးတစ်ပါးက အဝိဇ္ဇာဇေယျပူရ အမည်နဲ့ စတင် တည် ထောင်တယ်။ မြို့ကို ဆေးစီရင်တည် ဆောင်ခဲ့လို့ ဘေးအန္တရာယ်အပေါင်းကို အောင်နိုင်ရာ မြို့အဖြစ် ကျော်ကြားတယ်။ ကျားက သမင်ကို လိုက်ရာ ဒီမြို့ရောက် ရင် သမင်ကကျားကို ပြန်လိုက်လို့ အော ချ ရတဲ့မြို့ကလို့ ဆိုတယ်။ ဒီနေ့တိုင် အောင် ရေးတစ်နယ်လုံး မြွေကင်းမရှိသ လောက်နည်းပြီး ဒီအန္တရာယ်ကနေ မရှိ သလောက် နည်းတယ်လို့ဆိုတယ်။

ရေးဆိုတဲ့စကားလုံးက မွန်ဘာသာ ရေစ်ကလာတယ်။ ရေးမြို့ဝေါဟာရနဲ့ ပတ်သက်ပြီး မူကွဲ ၂ မျိုးရှိတယ်။ (၁)မျိုးက မွန်ဘာသာ (ဇရ)၊ မြန်မာလို ရာဝင်အိုး၊ စရည်းအိုးလို့ အဓိပ္ပါယ် ရတယ်။ ရေးမြို့ကို လက်မွန်မဆွ တည် ထောင်စဉ်က မြို့ရိုးတံခါးပေါက်တွေ မှာ မီးနေသည် အမျိုးသမီးတွေကို ရာဝင် အိုးကြီးတွေထဲ ထည့်ပြီးစတေးခဲ့တယ်လို့ ဆိုတယ်။ ဖြစ်ချင်တော့ဗျာ ဆရာဦးမြင့် ဆွေရဲ့ ဆောင်းပါးစာမျက်နှာ တွေက ကျွန်တော်မိတ္တူကူးစဉ်က ကျန်နေခဲ့ တယ်။ ဒါကြောင့် ဒုတိယမူကွဲကို မတွေ့ ရဘူး။ သိရှိသူများက ဖြည့်စွက်စေချင် တယ်။

ဒီဆောင်းပါး(၂)ပုဒ်က ကျွန်တော် ကို ရင်ခုန်စေပါတယ်။ ပထမဆောင်းပါး ကတော့ အတိအကျကို ညွှန်းပါတယ်။ အခုရေးလို့ ခေါ်နေတဲ့မြို့ကို ကောဇာ သက္ကရာဇ် ၉၄ခု တပေါင်းလဆုပ် (၂)ရက်၊ သောကြာနေ့နံနက် (၁)နာရီ အချိန်၊ နက္ခတ်(၁၁)လုံးအပါ (ခရစ်နှစ် ၇၃၂ခု)တွင် ထားဝယ်ခရိုင် လောင်းလုံး မြို့နယ်ရှိ စဒီရွာတွင် စိုးစံသော မာယာ ဒေဝီမင်းသမီးက အခုရေးမြို့ကို အုတ်မြစ် ချတည်တယ်။ မြို့ကိုလည်း အဝိဇ္ဇဇေယျ ပူရလို့ သမုတ်တယ်။ ဒီမင်းသမီးက (၃၅)နှစ်အုပ်ချုပ်တယ်။ ဒုတိယ ဆောင်း ပါးမှာလည်း ရေးမြို့ကို ထားဝယ်အဆက် အနွယ်ဝင် မာယာဒေဝီအမည်ရှိ မင်းသမီး တစ်ပါးက အဝိဇ္ဇာဇေယျပူရ အမည်နဲ့ စတင် တည်ထောင်တယ်လို့ ဆိုတယ်။

ဆောင်းပါးရှင်(၂)ဦးရဲ့ သမိုင်း အချက်အလက်တွေက ဘယ်ကရတယ်။ ဘယ်လိုမှတ်တမ်းရှိတယ်ဆိုတာ မသိပါ ဘူး။ ဒီဆောင်းပါး(၂)ခုအရ ရေးမြို့ကို ထားဝယ်မင်းသမီး တည်တယ်ဆိုတာ ကျိန်းသေလို့ပြောနိုင်တယ်။ ကောဇာ သက္ကရာဇ် ၉၄ခုလို့ တွေ့ရတဲ့အတွက် ခရစ်နှစ် ၇၃၂ခု ဖြစ်ပါတယ်။ ဆရာကြီး ထားဝယ်ကျော်မင်းရဲ့ ထားဝယ်ယဉ် ကျေးမှုအမြုတေစာအုပ် စာမျက်နှာ ၈ မှာ ကောဇာသက္ကရာဇ် ၉၄ခု (ခုနှစ်တူ) မှာ အောင်ယာဝတီမြို့ကနေ ရန္တပိုမင်း ဟာ ဘုမ္မိဒေ၀နာဂရမြို့သစ် တည်ပြီး ရွေ့ပြောင်းစိုးစံတယ်။ ဘုမ္မိဒေ၀နာ ဂရဆိုတာ အခုမောင်မယ်ရှောင်လို့ဖော် ပြထားတယ်။ ဒီသက္ကရာဇ်အရဆိုရင် သာဂရမြို့တည်နှစ် ခရစ်နှစ် ရ၅၁ခု (ကောဇာသက္ကရာဇ် ၁၁၃ခု)ထက် စောပါ တယ်။ ထားဝယ်မှတ်တမ်း အချို့အရ ဝေဒီကို ခရစ်နှစ် ၇၅၄ခု ( ကောဇာ သက္က ရာဇ် ၁၁၆ခု)လို့ တွေ့ရလို့ နီးစပ်တာ တွေ့ရတယ်။

ဆရာဦးအေးကို ဆောင်းပါးအရ ရေးမြို့ကို ပထမဆုံးတည်ထောင်သူက ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် စဒီရွာ တွင် စိုးစံသော မာယာဒေဝီ မင်းသမီး လို့ဆိုတယ်။ ဆရာဦးမြင့်ဆွေ ကလည်း ထားဝယ် အဆက်အနွယ်ဝင် မာယာဒေဝီ လို့ဆိုတယ်။ စဒီဆိုတဲ့ ရွာကို ထားဝယ်မှာ ရှာကြည့်တော့ ကျွန်တော်သိသလောက် မတွေ့ဖူးပါ။ လောင်းလုံးထဲမှာလည်း မတွေ့ဖူးပါ။ စဒီနဲ့ အနီးစပ်ဆုံးက ဝေဒီ ပဲရှိတယ်။

ဝေဒီကို ဆရာကြီးထားဝယ်ကျော် မင်းအလိုအရ ကောဇာသက္ကရာဇ် ( ၅၉၀)ခု-ခရစ်နှစ် (၁၂၂၈ ခု)လို့ဆိုတယ်။ ဆရာကြီး ရွှေဝယ်ဧက ကောဇာသက္ကရာဇ် ( ၇၉၂)ခု- ခရစ်နှစ် (၁၄၃၀)ခုလို့ဆို တယ်။ ထားဝယ် ဇာတ်လမ်း တစ်ပုဒ်ကို ဆရာကြီး ရွှေဝယ်ဧရဲ့ ထားဝယ်ရာဇဝင် သမိုင်းစာအုပ်မှာ တွေ့ရတယ်။ ဝေဒီ ဘုရင် စောသီလမင်း၊ သက်တော်စောင့် မောင်ဗအဲနဲ့ ဇနီးမယ်စော (စောပညာ လည်းခေါ်)တို့ဖြစ်တယ်။
စောသီလမင်းက မယ်စောကို လိုချင်လို့ ယောက်ျားဖြစ်တဲ့ မောင်ဗအဲကို သတ်တယ်။ ဒီတော့ မယ်စောကလှေကြုံ စီးပြီး ထွက်ပြေးတယ်။ စိန့်ပြည် ရောက်တယ်။ စိန့်ပြည်မှာလဲ မင်းမရှိလို့ မယ်စောကို ဘုရင်မ အဖြစ်တင်မြောက် တယ်။ စိန့်ပြည်ဆိုတာ စိန်(ယူနန်ပြည်)လို့ ပညာရှင်တွေက သတ်မှတ်တယ်။ ဒီမယ်စောကဘဲ မုတ္တသုခနာဂရမြို့ ကိုတည်တဲ့ မင်းတရားရဲ့ ရောဂါပျောက် ကင်းအောင် ကုသပေးတာလည်း နောက် ဆက်တွဲ တွေ့ရတယ်။ ပြီးတော့ မင်းတရားနဲ့ လက်ထပ်ပြီး စိန့်ပြည်ကို ထွက်သွားတယ်လို့ ဆရာကြီးရွှေဝယ်ဧက ဆိုတယ်။

ဇာတ်လမ်းက ရှည်နေလို့ နိဂုံးချုပ် ရရင် ရေးမြို့ကို ထားဝယ် မင်းသမီးတည် တယ်။ ခုနှစ်တွေက ရှုပ်နေလို့ ခဏ ဘေးဖယ်ထားလိုက်ပါ။ နောက်မှ ဆက် စဉ်းစားမယ်။ ထားဝယ်မှတ်တမ်းတွေ ကလည်း ထားဝယ်သူတစ်ဦး ထားဝယ် ကနေ ထွက်ခွာသွားတယ်လို့ ဆိုတယ်။ စိန်ပြည်(ယူနန်)ကို လှေနဲ့သွားလို့ မရပါဘူး။ ရေးကိုလှေနဲ့ အလွယ်သွား လို့ရတယ်။ ဒီဇာတ်လမ်းက ဆက်စပ် မှုရှိ^မရှိ ဆက်လေ့လာရမှာ ဖြစ်တယ်။ ပျူနဲ့ပတ်သက်ရင် ပန်ထွာမင်းသမီးရှိ တယ်။ မွန်နဲ့ပတ်သက်ရင် စမ္မဒေဝီရှိတယ်။ ထားဝယ်နဲ့ပတ်သက်ရင် မာယာဒေဝီ ရှိနေတယ်။

ရေးမြို့စာတမ်းဖတ်ပွဲက ထားဝယ် အတွက် အရေးကြီးတယ်။ ဒီစာတမ်းဖတ်ပွဲရဲ့ဖော်ထုတ်ချက်တွေကို ထားဝယ် တိုင်း သိထားစေချင်တယ်။ ဘာဖြစ် လို့လဲဆိုတော့ ရေးမြို့ကို ပထမဆုံး တည် ထောင်ခဲ့သူက ထားဝယ်သူ (ထားဝယ် မင်းသမီး) ဖြစ်နေလို့ပါ။ ဆရာ ဦးအေးကို အဆိုအရ ရေးမြို့ကို သက္ကရာဇ် ၉၄ ခု (ခရစ်နှစ် ၇၃၂ခု)ဖြစ်ခဲ့ရင် ထားဝယ် တွေ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၃၀၀ခန့် ကတည်းက ထားဝယ်မှာ ရှိနေပြီလို့ သက်သေပြတာ ဖြစ်တယ်။ ရေးမြို့တွင် လာမယ့် ဩဂုတ်လ ၂၃ ရက်မှာ ကျင်းပမယ့် စာတမ်းဖတ်ပွဲအား ဂုဏ်ယူဝမ်း မြောက်စွာ ကြိုဆိုပါကြောင်း ရေးသား လိုက်ပါတယ်။