အဖိုးတန် မဲ တစ်ပြား ဖြစ်အောင်လုပ်ပါ

0
480

အထွေထွေရွေးကောက်ပွဲကြီး ကျင်း ပဖို့ ရက်ပေါင်း ၈၀ ကျော်ပဲ လိုတော့ တယ်။ ရွေးကောက်ပွဲကြီး နီးလာလို့ အရင်က တိမ်မြုပ်နေတဲ့ နိုင်ငံရေးပိုးလေး တွေလည်း လူတော်တော်များများမှာ ပြန်ထကောင်း ပြန်ထလာနိုင်ပါတယ်။

ကျွန်တော်တို့ နိုင်ငံက အခုမှ ဆယ်တန်း ရောက်နေတဲ့ ကလေးတစ်ယောက်လိုပါပဲ။ ကျတာ၊ အောင်တာ၊ ဂုဏ်ထူးနဲ့ အောင် တာ စတာတွေအပေါ် မူတည်ပြီး နိုင်ငံရဲ့ အခြေအနေ တစ်ဆစ်ချိုး ပြောင်းလဲသွား မှာပါ။ ရင်ထဲက ဆန္ဒကို ပြောရရင်တော့ ၂၀၁၅ ရွေးကောက်ပွဲကြီးကို ဂုဏ်ထူးနဲ့ အောင်ချင်ပါတယ်။ ဒါမှလည်း ပြည်သူ တွေရဲ့ ဘ၀က အေးချမ်းနိုင်မယ် မဟုတ် လား။ ဒါကလည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးက ဝိုင်းဝန်း ကြိုးစားမှရမှာပါ။ ဒါပေမယ့် အားရစရာတော့ သိပ်မကောင်း ပါဘူး။ ဘာဖြစ်လို့ လည်းဆိုတော့ တချို့ က နိုင်ငံရေးဆိုတာ သူတို့နဲ့ မဆိုင်ဘူးပဲ ထင်လို့လား၊ အရင် စစ်အစိုးရရဲ့ ဖိနှိပ်ခဲ့ တာကြောင့် နိုင်ငံရေးဆိုတာ မစားကောင်း တဲ့အသီးလို့ ထင်သွားလို့လား၊ စားဝတ် နေရေးအတွက် ရုန်းကန်နေရတာကြောင့် လားမသိ စိတ်ကို မဝင်စားကြပါဘူး။ နိုင်ငံရေးကို နည်းနည်းပါးပါး စိတ်ဝင်စား တဲ့လူကို တောင် လှောင်ရယ်နေလိုက်သေး။ တကယ်တော့ နိုင်ငံရေးဆိုတာ အားလုံး နဲ့ ဆိုင်တယ်ဆိုတာ ဒီလူတွေသိ အောင် ဘယ်လို လုပ်ရမယ်မှန်းကို မသိတော့ ပါဘူး။
make-valuable-election
ရွေးကောက်ပွဲ အကြိုကာလနဲ့ တိုက် ဆိုင်စွာပဲ မြန်မာပြည်တစ်ဝှမ်း ရေတွေ လွှမ်းလို့ ပြည်သူတွေ အတော်ကို ဆင်းရဲ ဒုက္ခရောက်ကြရပါတယ်။ ထိခိုက် ပျက် စီးဆုံးရှုံးမှုတွေ ဘယ်လောက်ထိ ရှိသလဲ ဆိုတာကတော့ အစိုးရက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေ ထွက်လာမှပဲ သိရမှာပါ။ များမှာကတော့ ကျိန်းသေပေါက်ဆိုတာ မြေကြီးလက်ခတ် မလွဲပါ။ ကျွန်တော် စိုးရိမ်တာကတော့ နောက်၃လအကြာ ရွေးကောက်ပွဲကြီး ကျင်းပချိန်ထိ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ ပြီးပြတ်နိုင်ပါ့ မလား ဆိုတာပါပဲ။ အထူးသဖြင့် လမ်း တွေ၊ တံတားတွေ အတော်တော်များများ ပျက်စီးသွားတယ်ဆိုတော့ ပြန်လည် တည်ဆောက်ဖို့ရာ အတော်ကို အချိန်ယူ ရမှာပါ။ နောက်ပြီးတော့ ချင်းပြည်နယ် မှာဆို တောင်တွေပြိုလို့ လမ်းတွေပါ ပျက်ကုန်တော့ ပြန်လည်ပြုပြင်ဖို့ဆိုတာ အတော်ကို အချိန်ယူရမှာပါ။ နဂိုကမှ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲရတဲ့အထဲ အခုလို ဖြစ်သွားတယ်ဆိုတော့ အတော် ကို ပင်ပန်းကြမှာပါ။
အဆိုးဆုံးကတော့ ကျောင်းတွေ၊ ရုံးတွေ၊ အစိုးရဌာန အ ဆောက်အဦးတွေ တော်တော်များများ ရေမြုပ်ကုန်တယ်ဆိုတော့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ၊ ပစ္စည်းတွေ ရေ လွတ်ရာကို ရွှေ့ပြောင်းလို့ မီမှမီကြပါ့ မလားဆိုတာ စိုးရိမ်မိတယ်။ တကယ် လို့များ မဲဆန္ဒရှင်စာရင်းတွေ ရေစို ပျက်စီး ကုန်တယ်ဆိုရင်တော့ အတော်ကို အခက်တွေ့ကြရမှာပါ။ ကျွန်တော်က တော့ ရွေးကောက်ပွဲကြီးကို ရွှေ့ဆိုင်း လိုက်မှာထက်၊ နာဂစ်တုန်းကလို အတင်း အဓမ္မ ကျင်းပလိုက်မှာကိုပဲ စိုးရိမ်မိနေ တော့တယ်။ အခုတောင်မှ မဲစာရင်းတွေက အမှားတွေ ဗရပွနဲ့ ဆိုတော့ တော်နေကြာ ရေနစ်ပြီး သေသွားပြီးတဲ့ လူတွေတောင်မှ တမလွန်ကနေပြီးတော့ ကြိုတင်မဲတွေ ပေးနေကြရမှာ စိုးရိမ်မိပါတယ်။ ဘာပဲ ပြောပြော ပြန်လည်ထူထောင်ရေးလုပ်ငန်း မြန်မြန် ဆန်ဆန် အကောင်အထည်ဖော် ဆောင် ရွက်နိုင်ကြပါစေလို့ပဲ ဆုတောင်း နေမိ တော့တယ်။

ရေဘေးသင့် ဒေသတွေကလွဲရင် ကျန်တဲ့ နေရာဒေသတွေ တော်တော် များများမှာ ရွေးကောက်ပွဲ ဝင်ရောက်ပြိုင် ကြမယ့် ပါတီအသီးသီးရဲ့ အမတ်လောင်း စာရင်းတွေလည်း ပေါ်ထွက်လို့လာပါပြီ။ အလားတူပဲ ကျွန်တော်တို့ တနင်္သာရီ တိုင်းဒေသကြီးမှာလည်း ပါတီကြီးတွေရဲ့ အမတ်လောင်းစာရင်းတွေ ထွက်ပေါ်လို့ လာပါပြီ။ အဲဒီအထဲမှာ ကိုယ်သိပြီးသား အမတ်လောင်းတွေပါသလို၊ ကိုယ်မသိရ သေးတဲ့ လူတွေလည်း ပါပါလိမ့်မယ်။ နောက်ပြီးတော့ ပြည်ခိုင်ဖြိုးပါတီမှာ ဆိုရင်တော့ အရင်၂၀၁၀ ရွေးကောက်ပွဲ တုန်းက အမတ်တွေ ပြန် အရွေးခံကြတာ ရာခိုင်နှုန်း အတော်များတယ်ဆိုတော့ သူတို့ရဲ့ လုပ်ရည် ကိုင်ရည်တွေ သူတို့ရဲ့ ပြည်သူတွေ အပေါ် မှာထားတဲ့ စေတနာ တွေကို သိပြီးသားဖြစ်လို့ စဉ်းစားရွေး ချယ်ရတာ သိပ်ပင်ပန်းမယ် မထင်ဘူး။ တစ်ချို့ အမတ်တွေဆို ရွေးကောက်ပွဲပြီး ကတည်းက သူ့မျက်နှာကို အပြင်မှာ တွေ့ ရဖို့ နေနေသာသာ တီဗီဖန်သားပြင်မှာ တောင် တစ်ခါမှ မတွေ့ရတော့တဲ့ အမတ် တွေရှိလို့ အမတ်ပျောက်ပဲ တိုင်ရမလိုလို၊ လူပျောက်ပဲ တိုင်ရတော့ မလိုလို၊ နာရေး ပဲ သွားမေးရတော့မလိုလိုအမတ်တွေ တောင် ရှိတယ်ဗျာ။ အဲဒီလို အမတ်တွေ ဆိုရင်တော့ ဘယ်ပါတီကပဲ ဖြစ်ဖြစ် စဉ်း စားစရာပါ။ ကျန်တဲ့ အမတ် လောင်းတွေ အတွက်တော့ ကျွန်တော်တို့လေ့လာ အကဲခတ်ဖို့ အချိန် ၃ လ တော့ရမှာပါ။ ပြီးမှပဲ အသည်းကြားက မဲတစ်ပြားဟာ ဘယ်သူ့အတွက် ဖြစ်မလဲဆိုတာ စဉ်းစား ပြီးတော့ ပေးရမှာပေါ့။

ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှ ရွေး ချယ်မှုတွေ လုပ်နေရပါတယ်။ မျက်နှာ သစ် သွားတိုက်ပြီးတာနဲ့ ဘယ်အဝတ် အစားကို ဝတ်ရမလဲဆိုတာ ရွေးချယ်ရပါ တယ်။ ကိုယ့်စိတ်ကြိုက် ရွေးပြီးဝယ်ထား တဲ့ အဝတ်တွေထဲကကို ပြန်ရွေးနေရတာ ပါ။ နောက်ပြီး မနက်စာကို ဆိုင်မှာ သွားစားတဲ့ လူတွေဆိုရင်လည်း ကိုယ်စား မယ့် အစားအစာကို ထပ်မံ ရွေးချယ် နေရပြန်ရော။ အလားတူ အမျိုးသမီး တွေမှာ ဆိုရင်လည်း ဈေးသွားလို့ရှိရင် ဟင်းလျာတွေ တစ်နေ့နဲ့တစ်နေ့၊ တစ်နပ် နဲ့ တစ်နပ် မထပ်ရလေအောင် ရွေးချယ် နေရပြန်ရော။ ဒါပေမယ့် အဲတာတွေက တော့ သိပ်ပြီး အရေးမပါတဲ့ ရွေးချယ်မှု တွေပါ။
အဲဒါထက် နည်းနည်း တစ်ဆင့်မြှင့် လိုက်မယ်ဆိုရင်တော့ ကျောင်းသားလေး တွေ မိမိတက်ရောက်မယ့် တက္ကသိုလ် အရွေးမှားတာ၊ မေဂျာ အရွေးမှားတာ၊ အလုပ်အကိုင် အရွေးမှားတာ၊ ဘ၀လက် တွဲ ဖော် အိမ်ထောင်ဖက် အရွေးမှားတာတို့ စတဲ့ အမှားမျိုးတွေပါ။ အရွေးမှားသွား လို့ရှိရင် နောက်ဆက်တွဲ ပြဿနာလေး တွေ ဖြစ်လာပြီးတော့ စိတ်ဆင်းရဲ၊ ကိုယ် ဆင်းရဖြစ်ကြ ရမှာပါ။ ဒါပေမယ့်လည်း အဲဒီအမှားက ကိုယ့်တစ်ယောက်၊ ကိုယ့် မိသားစု ဆွေမျိုး အသိုင်းဝိုင်းလောက်ပဲ ခံစားကြရမှာမို့ သိပ်အရေးမကြီးသေးဘူး လို့ ဆိုချင်ပါတယ်။

အရေးကြီးဆုံးလို့ ကျွန်တော် ပြော ချင်တာကတော့ ကိုယ်ရွေးချယ်လိုက်တဲ့ အမှားတစ်ခုကြောင့် ကိုယ်အပါအဝင်၊ ကိုယ့်မိသားစု ဆွေမျိုးသားချင်းတွေရော၊ အဲဒီထက်ပိုပြီးတော့ အကျယ်တဝင့် ပြော ရမယ်ဆိုရင်တော့ ပြည်သူတစ်ရပ် လုံး ဒုက္ခရောက်နိုင်မယ့် အမှားမျိုးပါ။ အဲဒါ က ဘာလဲဆိုတော့ မဲပေးမှားခြင်းပါ။ မိမိရွေးချယ်လိုက်တဲ့ အမတ်ဟာ ပြည် သူကို အကျိုးမပြုတဲ့ အမတ်မျိုး၊ ပြည်သူ ကို ဒုက္ခပေးမယ့် အမတ်မျိုးကို မဲပေး ရွေးချယ်မိလိုက်မယ်ဆိုရင်တော့ နောက် ထပ် ငါးနှစ်ထပ်ပြီးတော့ တိုင်းပြည် ဆင်းရဲ ဒုက္ခရောက်ကြရဦးမှာပါ။ ဒီနေရာ မှာ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲပြီး မဲပေး ကြမှာများ ပါတယ်။ မိမိရဲ့ အသည်းကြားက မဲတစ် ပြားကိုလွတ်လွတ် လပ်လပ် ပေးပိုင်ခွင့် ရှိတဲ့အတွက် မိမိကြိုက်တဲ့သူကို မဲပေး နိုင်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ကျွန်တော် တိုက်တွန်းချင် တာတစ်ခုက မိမိရဲ့ တစ်သီးပုဂ္ဂလ ခံစားချက်ကို ရှေ့ တန်းမတင်ဘဲ တိုင်းပြည်အတွက်၊ မြန်မာ နိုင်ငံအတွက်၊ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသား အားလုံးအတွက် စဉ်းစားပြီးမှ ရွေးချယ် စေချင်ပါတယ်။ တစ်ချို့သူတွေ ကတော့ ခြင်္သေ့ကို လူနဲ့ယဉ်ပါးအောင် စောင့် ရှောက်ထားရုံနဲ့ ကြောင်ဖြစ်သွား မယ် ထင်နေကြမှာပါ။

ဒါပေမယ့် ခြင်္သေ့ ဟာ ခြင်္သေ့ပါပဲ။ ကြောင်ဖြစ် မသွားပါ ဘူး။ အခန့်မသင့်လို့ စိတ်ရိုင်း ဝင်လာရင် တော့ အစွယ်ထုတ်ပြမှာပဲ။ ကျွန်တော်တို့ မှာ ပိုနေမြဲ ကျားနေမြဲဆိုတဲ့ စကားပုံလေး တစ်ခု ရှိပါတယ်။ မောင်ပိုနဲ့ ကျားဟာ မိတ်ဆွေတွေဆိုပေမယ့် ကျားဟာ ဗိုက် ဆာနေရင်တော့ မိတ်ဆွေကိုလည်း စား မှာပဲ။ ဒါကြောင့် ဒီစကားပုံလေးကို ကျွန်တော်တို့ နှလုံးသွင်းထားသင့် ပါ တယ်။ ဒီလူတွေ ဒီစနစ်တွေနဲ့ ကျွန် တော်တို့ ဖြတ်သန်းလာတာ နှစ်တွေသာ စားသွားတယ် တိုင်းပြည်ကတော့ အား လုံးသိနေတဲ့ ဘ၀ကိုရောက်နေပြီ။ အဲဒါ နဲ့တောင် အတွေးတိမ်နေဦးမယ် ဆိုရင် တော့ ကျွန်တော်တို့တွေအပြင် ကျွန်တော် တို့ရဲ့ မျိုးဆက်တွေပါ ဆက်လက်ခံကြ ရဦးမှာပါ။

မကြာမီ အချိန်အတောအတွင်း ပါတီ အသီးသီးက အမတ်လောင်းတွေ မဲဆွယ် စည်းရုံးရေး ဆင်းကြပါတော့မယ်။ ပြည်သူတွေကို မက်လုံးတွေလည်း အမျိုး မျိုး ပေးကြပါလိမ့်မယ်။ ၂၀၁၀ တုန်းက လို လမ်းဖောက်ပေးမယ်၊ တံတားဆောက် ပေးမယ်၊ လျှပ်စစ်မီးတွေရအောင် လုပ်ပေး မယ်လောက်နဲ့တော့ ကျွန်တော်တို့တွေ စဉ်းစားပေးဖို့ မလိုဘူး။ ဒါတွေက ဘယ်အစိုးရအဖွဲ့တက်တက် နိုင်ငံတော် ဘတ်ဂျက်နဲ့ လုပ်ပေးကြမှာပဲ။ သေသေ ချာချာ စီမံခန့်ခွဲတတ်တဲ့ အစိုးရအဖွဲ့ ဖြစ်ဖို့ပဲ လိုတာပါ။ ကျွန်တော်တို့ စဉ်းစားပေးရမယ့် အချက်တွေက ပြည်သူတွေရဲ့ အသံကို ဘယ်လောက်ထိ နားထောင်ပေးမလဲ၊ ပြည်သူ တွေရဲ့ လိုအပ်ချက်တွေကို ဘယ်အတိုင်းအတာထိ ဖြည့်ဆည်း ပေးမလဲ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတွေကို ဘယ်အတိုင်းအတာထိ တိုးတက်အောင် ဆောင်ရွက်ပေးနိုင်မလဲ၊ အလုပ်အကိုင် အခွင့်အလမ်း တွေ ဘယ်အတိုင်းအတာထိ တိုးတက်လာအောင် လုပ်ပေးနိုင်မလဲ၊ အခြေခံလုပ်ခလစာတွေ ဘယ်အတိုင်းအတာထိ တိုးလာအောင် ဆောင်ရွက်ပေးနိုင်မလဲ၊ တောင်သူလယ်သမားအရေးတွေကို ဘယ် အတိုင်း အတာထိ ပြေလည်အောင် ဖြေရှင်းပေးနိုင်မလဲ၊ နိုင်ငံတကာက လာရောက်ရင်းနှီးမြှုပ်နှံ မယ့်သူတွေ စိတ်ဝင်စားလာအောင် ဘယ် လို ဆွဲဆောင်ပေးနိုင်မလဲ၊ တရားဥပဒေ စိုးမိုးမှုရှိလာအောင် ဘယ်လို ဆောင်ရွက်ပေးနိုင်မလဲစတဲ့ ကတိကဝတ်တွေနဲ့ မက်လုံးပေးလာ မယ့်သူတွေကိုပဲ ကျွန်တော်တို့မျှော်လင့်ရမှာပါ။

ကတ္တရာ လမ်းခင်း ပေးမယ်၊ တံတားဆောက်ပေးမယ်၊ မီးရအောင်ဆောင်ရွက်ပေးမယ်ဆိုတဲ့ မက်လုံးတွေကတော့ ရင်ခုန်ဖို့ မကောင်းပါဘူး။ ကျွန်တော်တို့ အဓိက ထား စဉ်းစားရွေးချယ်ရမယ့်အချက် တွေရှိပါတယ်။ မိမိရွေးချယ် လိုက်တဲ့ အမတ်ဟာ နိုင်ငံတစ်ဝန်းလုံးမှာ ထမင်းစားရေသောက် လိုဖြစ်နေတဲ့ လာဘ်ပေးလာဘ်ယူကိစ္စတွေကို မပျောက်သည့်တိုင် အောင် နည်းသည်ထက်နည်းအောင် လုပ်ဆောင်ပေးနိုင်မယ့်သူ ဖြစ်ရဲ့ လား။ နောက်ပြီးတော့ လွှတ်တော်ထဲ ရောက်သွားတဲ့အချိန်မှာလည်း တကယ် ထက်ထက်မြက်မြက်နဲ့ အလုပ်လုပ်နိုင်မယ့်သူမျိုးဖြစ်ဖို့ လိုပါ တယ်။ ကိုယ်ရွေးလိုက်တဲ့ အမတ်ကလွှတ်တော်ထဲမှာ ငါးနှစ်လုံးလုံး ဘာအဆိုမှ တင်သွင်းဆွေးနွေး နိုင်ခြင်းမရှိဘဲ အိပ်ပဲ အိပ်နေတဲ့ အမတ် မျိုး ရွေးမိမယ်ဆို နိုင်ငံတော်အတွက်လည်း နစ်နာ၊ ပြည်သူတွေ အတွက်လည်း နစ်နာရမှာပါ။ ကျွန်တော်တို့ ရွေးချယ်လိုက်တဲ့ အစိုးရ ဟာ သူတို့ ကိုယ်ကိုသူတို့ အုပ်ချုပ်သ lလူတန်းစားတစ်ရပ်လို ထင်မြင် ယူဆနေပြီး ပြည်သူတွေကိုသူတို့နဲ့ အဖက်မတန်သလို ဆက်ဆံတတ်တဲ့ အစိုးရမျိုးကို ကျွန်တော်တို့ မလိုလားပါဘူး။ ကျွန်တော်တို့ ရွေးချယ် လိုက်တဲ့ အစိုးရဟာ အစိုးရဆိုတာ ပြည်သူတွေက ပေးဆောင်ထားတဲ့ အခွန်ကိုစားတဲ့၊ ပြည်သူတွေ မလုပ်နိုင်တဲ့ တာဝန်တွေကိုပြည်သူတွေ ကိုယ်စားထမ်းဆောင်ပေးရမယ့် ပြည်သူ့ကိုယ်စားလှယ်တွေ၊ ပြည်သူ့ ဝန်ထမ်း တွေသာ ဖြစ်တယ်ဆိုတဲ့အသိ စိတ်ဓါတ်မျိုးရှိတဲ့ အစိုးရမျိုးကိုပဲ လိုတာပါ။ ဒါကြောင့် ကျွန်တော်တို့တွေဟာ ပုဂ္ဂိုလ်စွဲ ပါတီစွဲမထားဘဲ နိုင်ငံအကျိုး၊ ပြည်သူတွေအကျိုးကို မျှော်ကိုးပြီးတော့ ကိုယ်ပေးပိုင် ခွင့်ရတဲ့ အသည်းကြားက မဲတစ်ပြားကို အဖိုးတန်မဲတစ်ပြားဖြစ်အောင် သေသေချာချာ ဝေဖန်ပိုင်းခြားပြီးမှ ပေးကြဖို့ တိုက်တွန်းလိုပါတယ်။