အထည်ကြီးပျက်မြို့

0
923

” ညီလေး ဘယ်မြို့က ကျောင်းလာ တက်တာလဲ”
” ကော့သောင်းမြို့ပါ အစ်ကို”
” သား ဘယ်ကနေ ကျောင်းလာ တက်တာလဲ”
” ကော့သောင်းမြို့ကပါ အဒေါ် ”
“ကိုယ့်လူ ဘယ်က ပြန်လာတာလဲ”
” ကော့သောင်းကပါ နောင်ကြီး”

ခေါ်ချင်ပြောချင်သူ အရမ်းများခဲ့တဲ့ တစ်ချိန်က ကော့သောင်းကနေ ကျောင်း သွားတက်တဲ့ မြို့ခံ ကျောင်းသားများနဲ့ ကော့သောင်းကနေ အလုပ်လုပ်ပြီး ပြန် လာကြသူတွေရဲ့ ပုံရိပ်တွေ။ စကားသံ တွေပါ။

ခေါ်ချင် ပြောချင်သူကလည်း များ ပါတယ်။ ကော့သောင်းကဆိုတာနဲ့ မျက်လုံးတွေက အထင်ကြီးတဲ့ အကြည့် တွေနဲ့ပေါ့။ ဒါက ဟိုးအရင် တစ်ချိန် တုန်းကပါ။
အဲဒီအချိန်က ဘာလို့ ခေါ်ချင်သူ များသလဲဆိုတော့ ၁၉၉၀ ကျော် ဝန်း ကျင် အချိန်လောက်က ကော့သောင်း လို့ခေါ်တဲ့ မြန်မာပြည်ရဲ့ တောင်ဘက် အစွန်းဆုံးမှာရှိတဲ့ ထိုင်းနယ်စပ်မြို့ လေးမှာ စီးပွားရေး အရမ်းကောင်းခဲ့တယ်။ အခြေခံလူတန်းစား ဆိုသူတွေတောင် ရွှေတွဲလဲ ငွေတွဲလဲနဲ့ စုမိဆောင်းမိလောက် အောင်ကို စီးပွားရှာလို့ အရမ်းကောင်းခဲ့ ဖူးပါတယ်။ ဘာအတန်းပညာမှ မလို၊ ခွန်အားလေး နည်းနည်းရှိရုံလောက်နဲ့ အလုပ်မရှားတဲ့မြို့။
အခု နာရီစင်လို့ ခေါ်တဲ့နေရာမှာ အပင်ကြီး တစ်ပင်ရှိခဲ့ဖူးတယ်။ အလုပ် မရှိလို့ဆိုပြီး ဘယ်နားမှ အဝေးကြီး သွားရှာစရာ မလိုဘူး။ အဲဒီ အပင်ကြီး နားမှာ ထိုင်နေလိုက်ရုံနဲ့ အလုပ်က လူ ကို လာရှာတဲ့ ကာလပေါ့။

အခုခေါ်နေ၊ ခေတ်စားနေတဲ့ ဘော လုံးလို့ခေါ်တဲ့ တရားမဝင် တစ်ဖက် နိုင်ငံမှာ သွားပြီး အလုပ်လုပ်သူတွေလည်း မရှိဘူး။ အိမ်ထောင်စုမလို၊ မှတ်ပုံတင် မလို၊ ပတ်စ်ပို့ဓာတ်ပုံနဲ့ ထိုင်းဘတ်ငွေ ၁၀ ဘတ်ရှိရုံနဲ့ ထိုင်းနိုင်ငံကို လူမျိုး ဘာသာမရွေး အလွယ်တကူ ဖြတ်သန်း သွားလာနိုင်တယ်။
ထိုင်းတာမောလို့ခေါ်တဲ့ အခုချက် ပွိုင့် (နယ်စပ်ဖြတ်သန်းမှု စစ်ဆေးရေး ဂိတ်) ပြတဲ့ရုံးမှာ လက်ဗွေရာလေးနှိပ်၊ ပတ်စ်ပို့ ဓာတ်ပုံ နှစ်ပုံပေး၊ ထိုင်းဘတ်ငွေ ၁၀ ဘတ်ပေး လိုက်တာနှင့် ပိုင်း (မြန်မာ ဘာသာဖြင့် “သွား”) ဆိုပြီး အလွယ်သွား လို့ရခဲ့တယ်။

မှတ်မိသလောက်ဆိုရင် မြန်မာ ဘက်က နှစ်ပတ်လောက် ပေးသွားပြီး၊ ထိုင်းဘက်က တစ်ပတ်လောက် သွားလို့ ရတယ်။ တစ်ပတ်ပြည့်ရင် ထိုင်း ရေလယ် တာမောဂိတ်ကို တစ်ခေါက် လာပြီး အထွက်ပြန်ပြ၊ မြန်မာဘက်ကမ်း အထိ လာစရာ မလိုသေးဘူး၊ ဘောင်ချာ လို စာရွက်လေး တစ်ရွက် ဓာတ်ပုံနဲ့ ကလစ် လေးညှပ်ပြီး ပေးလိုက်တာကို ကိုင်ထား ရုံပါပဲ။ ဖမ်းတဲ့အခါလည်း ဖမ်းတယ်။ မဖမ်းချင်တဲ့အခါလည်း မဖမ်း ဘူး။
အဲဒီတုန်းက ကော့သောင်းမြို့ပေါ်မှာ ဆိုင်ကယ်တစ်စီး အပိုင်မရှိရင်တောင် စားဝတ်နေရေးအတွက် မိသားစုကို အ ပိုင်ထိန်းနိုင်တယ်။ အပိုင်ရှိလို့ကတော့ ညနေဆို ဘီယာလေး တမြမြနဲ့ ကာရာ အိုကေလေးပါ ဆိုလို့ရသေး။ အဲလို စီးပွားရှာလို့ ကောင်းခဲ့တယ်။ အခြေခံလူ တန်းစားတွေ အဆင်ပြေခဲ့တဲ့ ကာလတွေ ပေါ့။ အသောက်အစား မရှိတဲ့သူများ ဆိုရင် ဘယ်ပြော ကောင်းမလဲ၊ ရွာကို ငွေပြန်ပို့၊ ပို့စရာမလိုတဲ့သူတွေကလည်း ကိုယ်ပိုင်အိမ်တွေ ဆောက်နိုင်တဲ့အထိ ငွေရှာရလွယ်ခဲ့တယ်။

မော်လမြိုင်ဘက်က အဒေါ် တစ် ယောက်ဆို ဘာမှထွေထွေ ထူးထူး မလုပ် ဘူး။ ကွမ်းယာဘန်းကလေးနဲ့ ကက်ဆက် ခွေလေး၊ ကာတွန်း စာအုပ်လေး ငှားစား တာ ကော့သောင်းမြို့ ပေါ်မှာ အိမ် ၃ လုံးနဲ့ မော်လမြိုင်မြို့ပေါ်မှာ သုံးထပ် တိုက် ဆောက်နိုင်တဲ့ အထိစီးပွားရှာလို့ ကောင်းခဲ့တဲ့မြို့။
ဆိုင်ကယ် တက္ကစီဆွဲတာတောင် တစ်နေ့ ပုံမှန် တစ်သောင်း၊ နှစ်သောင်း လောက် ဝင်ငွေရှာနိုင်တယ်။
ညဘက်တွေဆိုလဲ မိုးလင်းတဲ့အထိ ပွဲလမ်းသဘင်တွေရှိတော့ မြို့က တစ်ည လုံး လူပြတ်တယ် မရှိဘူး။ နေမဝင် အင်ပါယာလို့တောင် တင်စားလို့ ရတယ်။
လောင်းကစားဝိုင်းနဲ့ တွဲထားတဲ့ ဇာတ်ပွဲတွေက တစ်ခါ ကရင် နှစ်နှစ် သုံးနှစ်လောက် ညတိုင်း ဆက်တိုက်က နေတယ်ဆိုတော့ တရေးနိုးလဲ လူတွေ က သွားလာနေကြတာပဲ။ တချို့ဆို တစ်နယ်တစ်ကျေးကနေ လာပြီး ဒီမြို့ လေးက စီးပွားရှာလို့ ကောင်းတယ်၊ အေးချမ်းတယ်ဆိုပြီး ကိုယ်ရပ်ကိုယ့်ရွာကို စွန့်ပြီး ဒီနယ်စပ်မြို့လေးမှာ အခြေချ လိုက်ကြတာ သားတွေမြေးတွေ ရတဲ့ အထိပါပဲ။ စီးပွားကောင်းတယ်ဆိုပြီး ဆွေမျိုးတွေကိုပါခေါ်ပြီး ပြောင်းခိုင်း တဲ့အထိ အလုပ်အကိုင် ပေါခဲ့တယ်။
kawthaung-city
အခုတော့ အဲလို မဟုတ်တော့။ တစ်မြို့လုံးဟာ တစ်နေ့တစ်နေ့ ဘယ်ကို ပြောင်းပြီး ဘာလုပ်စားရင် ကောင်းမလဲ ဆိုတာ အချင်းချင်း တိုင်ပင်နေကြတာ မနက်လင်းတာနဲ့ကို ကြားနေရပါပြီ။

အဲလို ညည်းတွားနေသူ တိုင်ပင် နေသူတွေကို ကြည့်လိုက်တော့ အိမ်ပိုင် ယာပိုင်နဲ့ သုံးနိုင်စွဲနိုင်သေးတဲ့ လူတွေ။ ဆိုတော့ အဲလို လူတွေတောင် အခုလို ညည်းတွားနေပြီဆိုရင် အခြေခံလူတန်း စားတွေ ဘာတွေတွေးပြီး ဘာတွေပြောနေ ကြလဲဆိုတာ ကိုယ်ချင်းစာမိပါတယ်။
အရင်ကဆို ဌာနဆိုင်ရာ အရာရှိ ကြီးငယ် အားလုံး ကော့သောင်းမြို့ကို တစ်ခါလောက် တာဝန်ကျဖူးပြီးပြီဆိုရင် ပြောင်းချိန်တန်ပေမယ့် နောက်ထပ်ပြန်ပြီး တာဝန်ကျဖို့ ကြိုးစားကြတယ်လို့ သိရ တယ်။ နေလို့ ကောင်းတယ်။ အဆင်ပြေ တယ်၊ လွတ်လပ်တယ်၊ ရပေါက်ရလမ်း ကောင်းတယ် စသဖြင့်ပေါ့။ အခုတော့ အဲဒါတွေက ပြောင်းပြန်ဖြစ်ကုန်ပြီ။ တစ် နှစ်လာ တစ်နှစ်ပြန်ပဲ။

ဒီကြားထဲ အိမ်ကို ပိုက်ဆံလှမ်းမှာ ရတဲ့သူတွေလည်း ရှိတယ်။ အရင်ကဆို အိမ်ကို ပြန်ပို့တာ အခုတော့ ပြန်မှာတာ ဖြစ်သွားပြီ။ နယ်စပ်ကုန်သွယ်ရေးတွေ မှာလဲ အခုတလော အေးဂျင့်ဆိုတဲ့ သူ တွေက အလုပ်လုပ်ရတာ အဆင်မပြေ တော့ဘူးလို့ ပြောကြတယ်။ အရင်က နားလည်မှုနဲ့ အလုပ်လုပ်လို့ရတယ်။ အခုက ပန်းရောင်ကတ်ဆိုလား ရှိမှ တရားဝင်လုပ်လို့ရတယ်လို့ ပြောတယ်။ အဲဒီကတ်ရဖို့ကလည်း သင်တန်းတွေ တက်ရမယ်။ အဲဒီသင်တန်းကလည်း သူတို့ တာဝန်ရှိသူတွေက လုပ်ပေးမှ ရ မယ်။ ကုန်သည်တွေကျတော့လည်း မြ၀တီတို့ ထီးခီးတို့ကျတော့ ကျန် ကျောင်းတွေ (အရပ်ခေါ် ဘန်းစကား)၊ နားလည်မှုတွေနဲ့ လွှတ်ပေးတယ်လို့ ကြားတယ်။ ကော့သောင်းမှာကျတော့ အရမ်း တင်းကြပ်နေတာပဲ။
ဆိုင်ကယ်အငှားလိုက်သူတွေ ကျ တော့ အိမ်တိုင်းဆိုင်ကယ် ရှိနေတာ့ ဆွဲ လို့ မကောင်းဘူး။ မိုးကလည်း သည်း တော့ ပိုဆိုးတာပေါ့ စသဖြင့် အမျိုးမျိုး ငြီးတွားတွားသံတွေကို ကြား နေရတယ်။

ဟော ဈေးဆိုင်တွေကျတော့ရော။ ဧည့်သည်တွေကတော့ ရောက်လာကြ တာပဲ။ မြို့ပေါ်ရောက်တာနဲ့ ပျောက် ပျောက်သွားတော့ ကျွန်မတို့ ဈေးဆိုင် တွေ၊ ထမင်းဆိုင်တွေ ဘာမှလဲ ဟုတ်တိ ပတ်တိ မရောင်းရဘူး၊ ဆိုင်ခန်းခကလည်း ကြီးလာတော့ တစ်နေ့တစ်နေ့ လုပ်စား ရတာ ဦးနှောက် ခြောက်လာပြီ၊ ဈေးက သာ ရောင်းမကောင်းတာ၊ ဆိုင်ခန်းခတွေ၊ အိမ်ခန်းခတွေ၊ မီးခ၊ ရေခတွေက မပေး လို့မရဘူး၊ ကလေးတွေ ကျူရှင်ခကလည်း ရှိသေး စသဖြင့် အဆင်မပြေမှုတွေကိုပဲ ကြားနေရတယ်။

ဒါတွေဟာ ဘယ်လိုဖြစ်လာတာလဲ၊ ဘာကြောင့်လဲလို့ တွေးမိကြတဲ့သူတွေ ရှိသလို မတွေးမိအောင် နေကြသူတွေ လည်း ရှိပါတယ်။ တကယ်ဆို နယ်စပ် မြို့ဆိုတာ အိမ်နီးချင်းနိုင်ငံနဲ့ ယှဉ်ရင် တန်းတူမဖြစ်နိုင်ရင်တောင် အရမ်းကြီး ကွာဟနေလို့ မဖြစ်သင့်ဘူး ထင်ပါတယ်။ ဟိုဘက်ကမ်းက မီးထိန်ထိန်၊ ဒီဘက် ကမ်းက မီးမှိန်မှိန်ဆိုရင်တော့ ရှက်ဖို့ ကောင်းပါတယ်။
လာသမျှ တာဝန်ရှိသူတွေဆိုတာ ကလည်း ခေတ္တခဏ နေရုံလေးဆိုတော့ အလုပ်သဘောအရ မြို့အပေါ် ဂရုစိုက်မှု အားနည်း တာကလည်း မြို့ရဲ့တိုးတက်ရာ တိုးတက်ကြောင်းတွေကို နှောင့်နှေးစေ တာ အမှန်ပါပဲ။ စေတနာလေးထားပြီး ဒီမြို့လေး ရောက်တုန်း ရောက်ခိုက် တိုးတက်အောင် လုပ်သွားမယ်ဆိုတဲ့ ခံယူချက် ထက်ထက်သန်သန် ရှိတဲ့သူ တွေကိုလည်း သိပ်မတွေ့ရပါဘူး။ အချိန် စေ့ရင် ပြန်မယ်ဆိုတဲ့ ခံယူချက်ပဲ ရှိတဲ့ သူတွေများနေရင်တော့ ဒီမြို့လေ့ ဒီထက် ပိုပြီး ဆိုးလာမှာကို တွေးကြောက် နေမိ ပါတယ်။

ဒီမြို့လေးက နယ်ခံတွေဆိုတာက လည်း တခြားဒေသတွေကနေ ပြောင်း လာပြီး လုပ်ကိုင်စားသောက်ရင် နယ်ခံ ဖြစ်လာတာက များပါတယ်။
အရင်က စည်းမျဉ်းစည်းကမ်းတွေ လျော့လျော့ရဲရဲ ချောင်ချောင် ချိချိ ရှိရာက ရေလုပ်ငန်းနဲ့ နယ်စပ်ဖြတ်သန်းမှုတွေမှာ စည်းဘောင်တွေ များလာလို့ ထင်တယ်။ စီးပွားရေးကတဖြည်းဖြည်း ဆုတ်ယုတ်လာ တာက တစ်ဟုန်ထိုးဆိုသလိုပါပဲ။

တခြားနယ်စပ်မြို့တွေနဲ့မတူဘဲ ပြည်မနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတဲ့အတွက် အဓိကက ခရီးစရိတ်များလွန်းတဲ့အတွက် ရုတ် တရက် တခြားမြို့ရွာကို ပြောင်းမယ်ဆိုရင်တောင် အခြေခံ လူတန်း စားတွေအတွက် သိပ်မလွယ်တဲ့ အနေအထားဖြစ်နေတယ်။
ကြာလာရင် ဝမ်းရေးအတွက် မလုပ်သင့် မလုပ်ထိုက်တဲ့ အလုပ်တွေ ကိုတောင် လုပ်လာနိုင်တယ်လို့ တွေးမိပါတယ်။
အဆင်ပြေတဲ့သူ တချို့ကတာ့ ပြောနေပါတယ်။ လူနည်းစုပေါ့။ အများအား ဖြင့်တော့ အဓိက အိမ်ထောင်ဦးစီးတွေမှာတော့ ဟန်ကိုယ်ဖို့ နေထိုင်နေရတာ တွေ့ရတယ်။ ဟန်ပဲရှိတော့ အကြွေးတွေနဲ့ လည်ပတ် နေရတာကို ဘယ်သူတွေက သိနိုင်မှာလဲ။ အလုပ်အကိုင် အဆင်မပြေ တော့ အလွယ်လမ်းတွေနဲ့ စီးပွားရှာဖို့ လမ်းစတွေ တွေးတဲ့သူတွေ တောင် ရှိလာပါတယ်။ သိက္ခာတွေ၊ ဂုဏ်တွေဆိုတာ မရှိချင်တော့ဘူး၊ အဓိကက စားဝတ်နေရေးလေ၊ အားလုံးဟာ သူလို ကိုယ်လို ဖြစ်နေ ကြတော့ စိတ်ဓာတ်တွေပါ နိမ့်ကျလာတာချင်းတူလာနေကြတယ်။ မလုပ် ချင်တာတွေ လုပ်လာကြတယ်၊ မမိုက်သင့်တာတွေမိုက်ဖို့ ဆုံးဖြတ်လာ ကြတော့တယ်။

မြို့ကိုဖော်ထုတ်ခဲ့ပြီး အကောင်အထည်ပေါ် အောင်မြင်တာနဲ့ ဘာလို့ ပြန်လှည့်မကြည့်တော့တာလဲ မသိဘူး၊ ဒီထက် တိုးတက်အောင် တစ်ဖက်နိုင်ငံနှင့် တန်းတူဖြစ်နေအောင် အမြဲဆောင်ရွက်နေရမှာကို ခုတော့ ခေတ္တခဏ တိုးတက်အောင်လုပ်ပေးခဲ့ပြီး နောက်ပိုင်း လှည့် မကြည့်တော့တာ ဘာကြောင့်လဲ၊ စေတနာမပါတော့လို့လား၊ လုပ်နည်း လုပ်ဟန်တွေမသိလို့လားဆိုတာ တာဝန်ရှိသူတွေပဲ သိလိမ့်မယ်ထင်ပါ တယ်။
ခုတော့လည်း ဒီမြို့ကြီးဟာ တစ်ချိန်တုန်းက ရွှေထီးဆောင်း ခဲ့တာကိုပဲ ပြန်ပြောင်းအောက်မေ့ ပြောဆိုနေကြရင်း အထည်ကြီး ပျက်မြို့တစ်ခုလို ဖြစ်နေပါပြီလို့ တွေးတောရင်း၊ တာဝန်ရှိလူကြီး မင်းများလည်း စေတနာကောင်းလေးများ စိတ်ထဲသို့ ရုတ်တရက်ကြီး ဝင်ရောက် လာလျှင်ကောင်းမည်ဟု မျှော်လင့်မိပါတော့တယ်။