ကျွန်တော်တို့ ရပ်ဝန်းက နိုင်ငံရေး

0
614

ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၈၀ ကျော်ကျော်လေးပဲ လိုတဲ့အချိန် ရောက်လာတာနဲ့ ဗြတ်စာတို့ နိုင်ငံရေး ဇာတ်ခုံပေါ်က ဇာတ်ကွက်တွေကလည်း ဇာတ်ရှိန် မြင့်လာတယ် ခင်ဗျ။ အသည်း တထိတ်ထိတ် ရင်တဖိုဖို ဆိုသလိုပါပဲ။


တစ်နေ့တစ်မျိုး မရိုးရအောင် ဇာတ် ကွက်တွေကလည်း အများသား။ တချို့ ဇာတ်ကွက်တွေကလည်း မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်လာတယ် ခင်ဗျ။ အများ သိတော်မူကြတဲ့အတိုင်း လက်ရှိ အာဏာ ရ ကြံ့ခိုင်ရေးပါတီရဲ့ သန်းခေါင်ယံ ပါတီ တွင်း ထိုင်ခုံ လွှဲပြောင်းပွဲကြီးရဲ့ ဂယက်က ဗြတ်စာတို့ နိုင်ငံရေးနယ်ပယ်မှာ ရင်ခုန် စိတ်လှုပ်ရှားဖွယ်ရာ  လှိုင်းကြက်ခွပ်လေး တစ်ခုဗျ။
ဒီဖြစ်စဉ်ဖြစ်ရပ်ကို လေ့လာပြီးနိုင်ငံ ရေး ကျွမ်းကျင်သူတွေကတော့ ဟောကိန်း တွေထုတ်၊ သုံးသပ်ချက်တွေ ထုတ်နဲ့ ဝေဝေစည်စည် ရှိဦးတော့မှာ ဖြစ်ပါ တယ်။ အများ စောင့်မျှော်နေကြတဲ့ ရွေး ကောက်ပွဲကြီးအတွက် ပါတီအသီးသီး ကလည်း ခတ်ကွင်းပြင်၊ အကွက်တွေ ချနေချိန်ဆိုတော့ သန်းခေါင်ယံ အာဏာ လွှဲပြောင်းပွဲကြီးက နိုင်ငံရေးနယ်ပယ် အတွက် နည်းဗျူဟာ အပြောင်းအလဲ ချိန်ဆရမယ့် ပေးထားချက်တစ်ခု ဖြစ်နိုင် တယ်လို့ ဗြတ်စာ တွက်ဆကြည့်မိပါ သဗျ။
ဗြတ်စာကတော့ နိုင်ငံရေးသိပ္ပံ မကျွမ်းသူမို့ နည်းဗျူဟာ အကွက်တွေ တော့ မတွေးတတ်ဘူး ခင်ဗျ။ သန်း ခေါင်ယံအာဏာ အိပ်မက် ဖြစ်ရပ်ကနေ တွေးမိတာက ဗြတ်စာတို့ နိုင်ငံရဲ့     နိုင်ငံရေး ဓလေ့ကိုပါ။ သမိုင်းအဆက် ဆက်မလှခဲ့တဲ့ နိုင်ငံရေး ဖြစ်စဉ်တွေ ကြောင့်  နိုင်ငံရေးဆိုတာ မစားကောင်း တဲ့အသီးအဖြစ် မှတ်ထင်ပြီး လူအတော် များများ ရှောင်ဖယ်ဖယ် နေခဲ့ကြတာ ဒီလို နိုင်ငံရေး အခင်းအကျင်းတွေကြောင့် ပဲ ခင်ဗျ။ နိုင်ငံ့အရေး၊ နိုင်ငံသားအရေး တွေထက် ပါတီနဲ့ဂိုဏ်းဂဏစွဲတွေ၊ ကိုယ်ကျိုးစီးပွားရေး အစွဲတွေ.. ဒါတွေ ကိုပဲ ရှေ့တန်းတင်ခဲ့ကြတာမို့ မြန်မာ့ နိုင်ငံရေးကို သတိသံဝေဂတွေရပြီး မပတ် သက်ချင်သူတွေ များလာခဲ့တယ်လို့ပဲ ဗြတ်စာ ထင်ပါသဗျ။
တကယ်တော့လည်း ဗြတ်စာတို့ လူလတ်ပိုင်းတွေနဲ့ နောက်မျိုးဆက် လူငယ်တွေခမျာ မြန်မာ့နိုင်ငံရေး ဇာတ်ခုံ ဆိုတာ ဒီလို အကွဲအပြဲ ဇာတ်လမ်းတွေပဲ ကြုံခဲ့ရတာမို့  အမွေဆိုးချည်း ရခဲ့တယ် လို့ပဲ ဆိုရမလို ခင်ဗျ။ ဒါကြောင့်လည်း ထစ်ခနဲဆို ဆွမ်းလောင်း အသင်းကအစ ကွဲလိုက်ပြဲလိုက်ဖြစ်နေသလားပဲ။ ခုလက် ငင်းကြုံတွေ့နေရတဲ့ ဗြတ်စာတို့နိုင်ငံ နိုင်ငံရေး အကွဲအပြဲတွေကလည်း အာဏာ ရသူရော၊ အတိုက်အခံဆိုသူတွေ ကြား ထဲမှာပါ ကျယ်ကျယ်တစ်မျိုး၊ တိုးတိုး တစ်ဖုံပါဗျ။ ဒါတွေဟာ အတုယူမှား ခဲ့ကြတဲ့ အလေ့အကျင့်တွေပဲလို့ ဗြတ်စာ တော့ မှတ်ယူပါသဗျ။
ဖြစ်နေတဲ့ အခင်းအကျင်းတွေကို လေ့လာရင်  ကိုယ်ကျိုးစီးပွားကို အခြေ ခံတဲ့ နိုင်ငံရေးအတွေးတွေ ရှိနေတာ ကြောင့်လို့ တွေ့ရပါတယ်။ ပါးစပ်က တိုင်းပြည်အတွက်၊ ပြည်သူ လူထုအတွက် ဘယ်လောက်ပဲ အမြှုပ်ထွက်အောင် ပြောဟော၊ နောက်ဆုံးကျတော့လည်း မိမိကိုယ်ကျိုးစီးပွားနဲ့ ယှဉ်လာရင် ကိုယ် ကျိုးစီးပွားကို ကာကွယ်တဲ့ နိုင်ငံရေး အဖြစ် ပြောင်းလာတာကိုပဲ ဗြတ်စာတော့ သတိပြုမိပါတယ်။ ခု အဖြစ်အပျက်ကို ပဲကြည့်. ရေဘေးကြောင့် ပြည်သူ တစ်သန်းကျော် ဒုက္ခအတိ ရောက်နေချိန် မှာတောင်  ဟန်မဆောင်နိုင်တော့ဘဲ သန်းခေါင်ယံ စာရင်းရှင်းကြရတဲ့အထိ ဖြစ်ခဲ့ကြ သေးတာ။
ရွေးကောက်ပွဲအတွက် အမတ် လောင်း လျှောက်လွှာတင်ရမယ့် ကန့် သတ် ရက်နီးလာတာကြောင့်လည်း ဖုတ် ပူမီးတိုက် စာရင်းရှင်းကြရတာ ထင်ပါရဲ့။
ဒီလို အဖြစ်အပျက်တွေကြောင့် ဗြတ်စာတို့ နိုင်ငံရဲ့ နိုင်ငံရေး ယဉ်ကျေးမှု ရေချိန်ဟာ မြင့်မားဖို့တော့ ဝေးသေးသဗျ။ လူငယ်တွေခမျာမှာလည်း မျက်မြင် အတု ယူစရာဆိုလို့ ဒါတွေပဲရှိနေပေသကိုး။ ကိုယ်နဲ့ အယူအဆ မတူရင် လူချမယ် ဆိုတဲ့ စိတ်က ထိပ်ဆုံး ရောက်ရောက် လာတာမို့  အနာဂတ် နိုင်ငံရေး မျိုးဆက် သစ် လူငယ်တွေအတွက်တော့ စိုးရိမ် စရာပါ။ ဒီအစဉ်အလာကို ပယ်ဖျောက် နိုင်ဖို့ လူကြီးတွေမှာ တာဝန်ရှိသလို အာဏာရပါတီ၊ အာဏာရ ခေါင်းဆောင် တွေဘက်ကလည်း စံနမူနာပြ ဖြစ်အောင် လုပ်ပြဖို့ လိုပါတယ်။ ခုတော့လည်း ဗြတ်စာတို့က ရွှေပြည်တော်ကြီး မျှော် တိုင်း ဝေးနေဆဲပါဗျ။ ဒါတွေဟာ သင်ခန်း စာ ယူတတ်ဖို့ပါ။
အချုပ်ပြောရရင်တော့ ဗြတ်စာ တော့ ရွှေပြည်တော်ကြီးနဲ့ နီးချင်ပြီ ခင်ဗျ။ ဒီရွှေပြည်တော်ကြီးမှာ ရင့်ကျက် တဲ့ နိုင်ငံရေး အသိအမြင်တွေရယ်။ အမြင် မတူသော်ငြား အတူလက်တွဲ အလုပ်လုပ် နိုင်တဲ့သူတွေရယ်၊ ညစ်လုံး အောက်လုံး တွေမပါတဲ့ စွမ်းရည်ပြည့် ယှဉ်ပြိုင်စိတ် တွေရယ်နဲ့ ကိုယ်ကျိုးစီးပွား မကြည့် ပြည်သူဘက် မျက်နှာမူတဲ့ နိုင်ငံရေးသမား မျိုးဆက်သစ်တွေကိုပဲ ဗြတ်စာမျှော်လင့် တော့တယ် ခင်ဗျ။ ကိုယ်ကျိုးစီးပွား ကာကွယ်လို စိတ်ပြင်းထန်တဲ့ နိုင်ငံရေး သမားတွေရှိနေသ၍ကတော့ ဗြတ်စာတို့ ရွှေပြည်တော် ခရီးတွေမှာ သန်းခေါင်ယံ စာရင်း ရှင်းပွဲတွေ အကြိမ်ကြိမ်ဖြစ်နေမှာပဲ ဆိုတာ သတိထောက် လိုက်ပါသဗျာ။။