ထိုင်းအဝယ်ရှိ၍ ဂျပ်မြွေများ ဈေးကွက်ဝင်လာ

0
726

ထိုင်းနိုင်ငံမှ အဝယ်ရှိလာ၍ ယခင် က ဖမ်းမိသည့်အခါ ပင်လယ်ထဲ ပြန်စွန့် ပစ်လေ့ရှိသည့် ဂျပ်မြွေများ မြိတ်တွင် ဈေးကွက်ဝင်လာသည် ဟု မြိတ်အခြေ စိုက် ရေထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။


ဂျပ်မြွေများကို ဝါလတ် ကမ်းဝေး ငါးဖမ်လှေများတွင် အဓိက ဖမ်းမိလေ့ ရှိပြီး အခြားငါးဖမ်းလှေများတွင် လည်း အနည်းအကျဉ်း ဖမ်းဆီးရမိလေ့ရှိသည်။

snake-myeik
“ထိုင်းက ဝယ်နေတာ တစ်လ ကျော်လောက် ရှိပြီ၊ မောတောင် နယ်စပ် စခန်းကနေတဆင့် ထိုင်းကို တင်ပို့ ရောင်းချတာပါ” ဟု မြို့သစ် ရပ်ကွက်မှ ရေထွက်စွန့်ပစ်ပစ္စည်း အရောင်းအဝယ် လုပ်ကိုင်နေသူ တစ်ဦးက ဆိုသည်။
ဂျပ်မြွေ အမျိုးအစားတွင် ဂျပ်လုံးနှင့် ဂျပ်ပြားဟု နှစ်မျိုးရှိပြီး ပင်လယ်ကမ်း ဝေးပိုင်းတွင် တွေ့ရကာ အဖြူ၊ အမဲ စင်း ကျား အကွက်ရှိသည့် အရေခွံ့ရှိသည်ဟု သိရသည်။
” ဒီမြွေက ဘယ်သူ့မှ မစားဘူး၊ ပိုက်ထဲပါလာရင်တောင် ပစ်ချတာပါ” ဟု မြို့သစ်ရပ်ကွက်နေ ရေလုပ်ငန်း လုပ်ကိုင်သူ ဦးလှရွှေက ပြောသည်။လက်ရှိတွင် ဈေးကွက် ရှိလာသည့် အတွက် ရေလုပ်သားများက မပစ်တော့ဘဲ အဝယ်ဒိုင်များတွင် ပြန်ရောင်းကြသည်ဟု ဦးလှရွှေက ပြောသည်။
ဂျပ်မြွေများ၏ လက်ရှိပေါက်ဈေး မှာ တစ်ကီလို  ၅၀၀မှ ၆၀၀ အကြားရှိ သည်ဟု ရေထွက်စွန့်ပစ်ပစ္စည်းဈေး ကွက်မှ သိရသည်။
မည်သည့်နေရာတွင် အသုံးပြုရန် ဝယ်ယူသည်ကို တိတိကျကျ မသိသော် လည်း မြွေအရေခွံများကို ပိုက်ဆံအိတ်၊ ခါးပတ် စသည့် လူအသုံးအဆောင် ပစ္စည်းများ ပြုလုပ်ရာတွင် အသုံးပြုရန် ဖြစ်နိုင်သည်ဟု အထက်ပါ ရေထွက် ပစ္စည်း ရောင်းဝယ်သူက ခန့်မှန်းသည်။
ထို့ပြင် ငါးလိပ်ကျောက်အရေခွံ၊ ငါးပူတင်းအရေခွံတို့ကိုလည်း ထိုင်းက ဝယ်ယူနေပြီး လူအသုံး အဆောင် ပစ္စည်းတချို့တွင် ပြန်လည်အသုံးပြုပြီး နိုင်ငံခြားဈေးကွက်များသို့ ပြန်လည် ရောင်းချလေ့ရှိကြောင်း သိရသည်။