သံလွင်ရေကာတာ စီမံကိန်းများ ရပ်တန့်နိုင်ရေး အားလုံးပူးပေါင်းလုပ်ဆောင်ရန်လို

0
528

သံလွင်မြစ်ကြောင်း တစ်လျှောက် တွင် တည်ဆောက် ရန်လျာထားသည့် သံလွင်ရေကာတာ စီမံကိန်းများ ရပ်တန့် နိုင်ရေးအတွက် အားလုံးပါဝင် ပူးပေါင်း လုပ်ဆောင်မှသာ အောင်မြင်မှု ရရှိမည်ဟု သံလွင်ထိန်းသိမ်းကာကွယ်ရေး ကွန်ရက် က ပြောသည်။


သံလွင်ထိန်းသိမ်း ကာကွယ်ရေး ကွန်ရက်အနေဖြင့် သံလွင်ရေကာတာ စီမံကိန်း ရပ်တန့်ရေး ကြိုးပမ်းရာတွင် ကူညီ ပူးပေါင်းလုပ်ဆောင်နိုင်ရန်နှင့်  စီမံကိန်း အကောင်အထည်ဖော်ရန် အစိုးရနှင့် ကုမ္ပဏီတို့၏ ဆောင်ရွက်မှု ပွင့်လင်းမြင်သာမှု မရှိသည့် အနေ အထားကို လူထု သိရှိနိုင်အောင် ဩဂုတ်လ ၁၂ ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ရေကာတာ တည် ဆောက်ရေး စီမံကိန်းနှင့် ပတ်သက် သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒုတိယအကြိမ် ပြုလုပ်ခဲ့သည်။

save-thanlwin
မိုင်းတုံ ရေအားလျှပ်စစ်ကို အကောင် အထည်ဖော်ရန် SMEC ကုမ္ပဏီက ရှမ်းပြည်နယ်၊ ကယားပြည်နယ် မွန်ပြည်နယ်ကို ဝင်ခဲ့ပြီး ရှမ်းပြည်နယ် တွင် လူထုက ကန့်ကွက်နေသည့်ကြားက ရှေ့ဆက်လာပြီး မွန်ပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင် အုပ်ချုပ်ရေးဘက်မှ တာဝန်ရှိသူများနှင့် တွေ့ခဲ့သည်ဟု သံလွင် ထိန်းသိမ်း ကာကွယ်ရေးကွန် ရက်ဝင် စောသာဘိုးက ပြောသည်။။
” သူတို့လုပ်နေတာ ဘယ်သူမှ မသိဘူး၊ ဒါကို လူထုတွေ သိဖို့ပါ” ဟု သံလွင်ထိန်းသိမ်း ကာကွယ်ရေးကွန်ရက် ဝင် စောသာဘိုးက ပြောသည်။
သံလွင်မြစ်ကြောင်း တလျှောက်တွင် ရေကာတာ စီမံကိန်း ၆ ခု လုပ်ဆောင်ရန် လျာထားပြီး စီမံကိန်း များကို အစိုးရနှင့် တရုတ်နှင့် ထိုင်း နိုင်ငံတို့မှ ကုမ္ပဏီတို့နှင့် အကျိုးတူ ပူးပေါင်းလုပ်ဆောင်မည် ဖြစ် သည်။
နိုင်ငံရေး အဖွဲ့အစည်းများ၊ ရွေး ကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း များက အဆိုပါ ရေကာတာ စီမံကိန်းနှင့် ပတ်သက်ပြီး လွှတ်တော်တွင်းတွင် ရပ်တည် ဆောင်ရွက် ပေးစေလိုကြောင်း သံလွင်ထိန်းသိမ်း ကာကွယ်ရေးကွန် ရက်ဝင် ဦးအောင်နိုင်ဦးက ပြောသည်။
လျာထားစီမံကိန်း ၆ ခုအနက် အရှေ့တောင်အာရှ၌ အကြီးဆုံးရေကာတာစီမံကိန်းဖြစ်သည့် ရှမ်းပြည်နယ် အတွင်းရှိ မိုင်းတုံ ရေကာတာ စီမံကိန်းကို အကောင် အထည်ဖော် လုပ်ဆောင်ရန် လက်ရှိတွင် တရုတ်နှင့် ထိုင်းကုမ္ပဏီတို့က ပြင်ဆင်မှုများ လုပ်ဆောက်လျက်ရှိ သည်ဟု မြန်မာနိုင်ငံမြစ်ချောင်းကွန်ရက် တာဝန်ရှိသူ စိုင်းခေးဆိုင်က ပြောသည်။
ရေကာတာ တည်ဆောက်ပါက ယင်းဒေသရှိ ရွာများ ပြောင်းရွှေ့ရမည် ဖြစ်ကာ ရေကာတာ ပမာဏပေါ်မူတည် ပြီး ရွှေ့ပြောင်းရမည် ဖြစ်သည်။
ထို့အပြင် စားဝတ်နေရေး၊ ကလေး တို့၏ ကျန်းမာရေး၊ ပညာရေး ပြဿနာ များစသည့် လူမှုရေး ထိခိုက်မှု အများကြီး ရှိနိုင်ကြောင်း  သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ ဇီဝမျိုးကွဲများ ပျောက်ဆုံး သွားနိုင်သည့် အပြင် မြစ်အောက်ပိုင်းရှိ ဘီလူးကျွန်း ဒေသတွင်လည်း ရေငန်လွှမ်း မိုးလာမည်ဖြစ်သည့်အတွက် သိန်းနှင့် ချီသည့်ဒေသခံများ ရေချိုရှားပါးမှု ပြဿနာနှင့် ရင်ဆိုင်လာရမည် ဖြစ်သည်။
ရေကာတာ ဆောက်မည့် ဒေသသည် တိုင်းရင်းသားဒေသများ ဖြစ်သည့် အတွက် စီမံကိန်းစသည်နှင့် ရေကာတာ လုံခြုံရေးအတွက် တပ်များ တိုးချဲ့လာ မည်ဖြစ်ကာ ဒေသတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့နှင့် ပဋိပက္ခဖြစ် လာနိုင်သည်ဟုလည်း သံလွင်ထိန်းသိမ်း ရေး ကာကွယ်ရေးကွန်ရက်က မှန်းဆသည်။
တရုတ်၊ မြန်မာနှင့် ထိုင်းတို့မှ ရင်းနှီးမြှုပ်နှံကာ လျှပ်စစ်ဓါတ်အား စုစုပေါင်း ၁၅၀၀၀ မဂ္ဂါဝပ် ထုတ်လုပ် သွားမည်ဖြစ်သည်။
သံလွင်မြစ်ပေါ်တွင် တည်ဆောက် မည့် ရေကာတာများမှာ ရှမ်းပြည်နယ် အတွင်းရှိ ကွမ်းလုံ၊  နောင်ဖါနှင့် တာဆန် ရေကာတာ၊ ကရင်နီပြည်နယ် အတွင်းရှိ ရွာသစ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဟတ်ကြီး ရေကာတာတို့ ဖြစ်သည်။