ဘန်းကချွန်၊ ချမ်းဖမ်းရွာသားများ ယမ်းထောင်း သေနတ် ၂၀ ကျော် ရဲတပ်ဖွဲ့ထံ လာအပ်

0
529

တရားမဝင် လက်နက်ခဲယမ်းများ လာရောက်အပ်နှံရန် အသိပေးစာ ထုတ် ပြန်ပြီး တစ်ပတ်အကြာတွင် ကော့သောင်း မြို့နယ် ဘန်းကချွန်နှင့် ချမ်းဖမ်း ရွာသား များက ယမ်းထောင်း သေနတ် ၂၀ ကျော်ကို ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့ထံ ဩဂုတ် လ ၁၄ ရက်က အပ်နှံခဲ့ကြောင်း ယင်း မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။


တရားမဝင်လက်နက်ခဲယမ်းများ လက်ဝယ် မထားရန်၊ သက်ဆိုင်ရာသို့ အပ်နှံကြရန်နှင့် တွေ့ရှိပါက တရား ဥပဒေ အရ အရေးယူမည်ဖြစ်ကြောင်း  ပြည်ထဲရေး ဌာနက အသိပေး ကြေညာချက် ထုတ်ပြန် ပြီးနောက် ဩဂုတ်လ ၇ ရက်နေ့တွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက ဒေသတွင်း အသိပေး ကြေညာခဲ့ကြောင်း လက်ကမ်း စာစောင်များ၊ ကြေညာဆိုင်းဘုတ်များ၊ ဒေသတွင်း ရုပ်သံလိုင်းများမှ တဆင့် အသိ ပေး ကြေညာခဲ့သည်ဟု အထက်ပါ ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။
ဘန်းကချွန်ကျေးရွာတွင် ယမ်းထောင်း သေနတ် ၁၀လက်၊ သေနတ်ပြောင်း ၁ခုနှင့် ချမ်းဖန်း ကျေးရွာအုပ်စုအတွင်းမှ ယမ်း ထောင်းသေနတ် ၁၄ လက်၊ သေနတ်ပြောင်း ၁ခုကို သက်ဆိုင်ရာ ရာအိမ်မှူးများမှ တစ် ဆင့် ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ခြင်းဖြစ်သည်ဟု အထက်ပါ ရဲအရာရှိက ဆိုသည်။
လိုင်စင်မဲ့ လက်နက်ခဲယမ်းများကို လာရောက်အပ်နှံခြင်းမရှိဘဲ လက်ဝယ် ထားရှိ၍ တွေ့ရှိပါက ၁၈၇၈ခုနှစ် လက်နက် ဥပဒေပုဒ်မ ၁၉(စ) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃)နှစ်ထက် မနည်း၊ ၇နှစ် ထက်မပိုသော ထောင်ဒဏ် ချမှတ်နိုင် ကြောင်းနှင့် အလားတူ  ၁၉၅၁ခုနှစ် ၊ လက်နက်ယာယီပြင်ဆင်ချက် အက် ဥပဒေ ပုဒ်မ ၁၉-က အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ချမှတ်နိုင်သည်ဟု မြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။
လက်နက် လာရောက် အပ်နှံသူများ သည် ခြံလုပ်သားများဖြစ်ပြီး ခြံအတွင်း တော ကောင်များအန္တရာယ် ကာကွာရန်အတွက် ယမ်းထောင်း လက်လုပ်သေနတ်များ ကိုင် ဆောင်လေ့ရှိ သည်ဟု ဘန်းကချွန်ကျေးရွာ ခြံလုပ်သားများထံမှ သိရသည်။