ထားဝယ်ဒေသမှ ရှေးဟောင်း မြေဆေးတံ

0
955

ပြီးခဲ့တဲ့ နှစ်လလောက်ကပါ။ ကျွန်တော့်ရဲ့ ငယ်ပေါင်းကြီးဖော် မိတ် ဆွေ ကိုကျော်စွာက ထားဝယ်ကနေ လက်ဆောင်တစ်ခု ယူလာပေးပါတယ်။ ကျွန်တ်ာတို့ ထားဝယ်မြို့ဝန်းကျင်မှာ ရတယ်လို့ သိရတဲ့ ရှေးဟောင်း မြေ ဆေးတံလေး တစ်ခုပါ။ အဲဒါတွေကို ကျွန်တော် တန်ဖိုးထားမှန်းသိလို့  သူငယ်ချင်းကိုကျော်စွာက လက်ဆောင် အဖြစ် ယူလာပေးတာလို့ ဆိုပါတယ်။

မြေဆေးတံက ထုံးစံအတိုင်း ထားဝယ်မြစ်ထဲက ရလာတဲ့ ပုံပါပဲ။ ဘာကြောင့်လဲဆိုတော့ ထားဝယ်မြစ် ကမ်းတစ်လျှောက် သဲကျောက် လုပ်ငန်း လုပ်နေတဲ့ လုပ်သားများမှာ ဒီလို မြေဆေးတံမျိုး မကြာခဏ ရရှိလေ့ရှိပြီး သဲများနဲ့ ပွတ်တိုက် ဒဏ်ခံရဖန် များနေ တော့ တွေ့ရတဲ့မြေဆေးတံမှာ ပြောင် ချောချော ဖြစ်နေတတ်ပါတယ်။အခု ကျွန်တော့် သူငယ်ချင်း ယူ လာပေးတဲ့ မြေဆေးတံမှာလည်း အလှ ဆင်ထားတဲ့ ဒီဇိုင်းတောင် သိပ်ပြီး မထင်ရှားတော့ဘဲ ပြောင်ချောချော ဖြစ် နေပါပြီ။ အဲဒီဆေးတံက ကျွန်တော် ထင်သလို ထားဝယ်မြစ်ထဲက ရခဲ့ ကြောင်း နောက်ပိုင်းမှာ သိရပါတယ်။တကယ်တော့ ဒီလို မြေဆေး တံမျိုးကို ကျွန်တော်ကလေးလေး ကတည်းက တန်ဖိုးထားပြီး ထိန်းသိမ်း ခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက ရှေး ဟောင်း မြေဆေးတံလေးကို  မြို့ဟောင်း ရွာ (သာဂရ)က အဖေ့ မိတ်ဆွေတစ် ယောက်ကနေ လက်ဆောင် ပေးခဲ့တာ ဖြစ်ပါတယ်။ ဆေးတံက ကျိုးနေပေမယ့် လည်း ဆေးအိုးမှာ အလှဖော်ထားတဲ့ ပန်းဒီဇိုင်းတွေကြောင့် ကြွရွလှပနေပြီး တော်တော်လေးကို ဆွဲဆောင်မှု ရှိတာ ပါ။ အဲလိုဆေးတံမျိုးတွေ ထားဝယ် ဒေသအတွင်း နေရာတော်တော်များများ မှာ တွေ့နေရတတ်ပါတယ်။
say-tan
ရှေးဟောင်း မြေဆေးတံတွေကို ကျွန်တော်က စိတ်ဝင်တစားနဲ့ တန်ဖိုး ထားပြီး စုဆောင်းနေမိတာဆိုတော့ အဲဒီ ဆေးတံတွေ အကြောင်းကို စိတ်ဝင်စား နေမိတာ အဆန်းတော့ မဟုတ်ပါဘူး။ စိတ်ဝင်စားတယ်ဆိုတာကလည်း ထား ဝယ်မြို့ဝန်းကျင်မှာ တွေ့ရလေ့ရှိတဲ့ မြေဆေးတံတွေကိုသာ စိတ်ဝင်စားတာမျိုး မဟုတ်ဘဲ မြန်မာပြည်နဲ့ အဝှမ်းမှာ ပေါပေါများများ တွေ့နေရတဲ့ မြေဆေး တံတွေ အကုန်လုံးရဲ့အကြောင်းကိုပါ စိတ်ဝင်စားမိတာပါ။ ဒါကြောင့် မြေ ဆေးတံနဲ့ ပတ်သက်ပြီး  ပညာရှင် များ လေ့လာ တင်ပြထားတဲ့ အချက် အလက် တွေကို လက်လှမ်းမီသလောက် လေ့လာ ဖြစ်ခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ ဆေးတံသောက်တဲ့ အလေ့အထကို စတင်တီထွင်ခဲ့တာ အမေရိကတိုက်က ဒေသခံ တိုင်းရင်းသား အင်ဒီယမ်းလူနီ (Red Indian))များ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ ဆေးတံများကို အနီရောင် သဲကျောက်နဲ့ ထွင်းလုပ်ပြီး ကဲလျူမက်လို့ အမည်ပေး ခေါ်ဝေါ်ကြတယ်လို့ သိရပါတယ်။                ၁၅၈၆ ခုနှစ်မှာ အမေရိကန် ကိုလိုနီ ဗာဂျီးနီးယားပြည်နယ်ကနေ ဆေးတံ တစ်ချောင်း လက်ဆောင်ပေးပို့ခဲ့တာ ကနေစပြီး ဥရောပမှာဆေးတံသောက် ရှူတဲ့ ဓလေ့ စတင်ခဲ့တာ ဖြစ်ပါသတဲ့။ အစပိုင်း မှာတော့ ဥရောပတိုက်သား တို့ဟာ ဆေးတံမှာ ဘာတွေထည့်ပြီး သောက်ရှူရမယ် မသိသေးတာ မဟုတ်ဘဲ ဆေးမြစ် ခြောက်တွေကိုပဲ ထည့်ပြီး မီးရှို့သောက်ရှူခဲ့သေးတာပါ။ နောက်ပိုင်း ကျမှ ဆေးရွက်များ စိုက်ပျိုးထုတ် လုပ်လာပြီး ဆေးရွက်ခြောက်များနဲ့ ရှူတတ်လာကြောင်း မှတ်တမ်းများက ဆိုပါတယ်။

ကျွန်တ်ာတို့ မြန်မာနိုင်ငံမှာ ပေါပေါများများ တွေ့ရလေ့ရှိတဲ့ ရှေး ဟောင်း ပစ္စည်းတစ်မျိုးက မြေဆေးတံ အကျိုးအပဲ့တွေပဲ ဖြစ်ပါတယ်။ တချို့က အဲဒီဆေးတံကို တွေ့လိုက်တာနဲ့ ပျူ ဆေးတံ (ပျူခေတ်က အသုံးပြုခဲ့တဲ့ ဆေးတံ) ဖြစ်တယ်ဆိုပြီး တန်းကောက် ချက်ချတော့တာပါ။
ဘယ်လို အထောက်ထားတွေကြောင့် အဲဒီလို ကောက်ချက်ချတယ်ဆိုတာ ကိုလည်း အတော်လေး စိတ်ဝင်စားမိ ပါတယ်။ ဆရာကြီးဒေါက်တာ သန်းထွန်းက ပေါများစွာတွေ့ရှိရတဲ့ မြေဆေးတံတွေကို ဘယ်ခေတ်ဘယ် အခါက အသုံးပြုခဲ့တဲ့ ဆေးတံတွေ ဖြစ် တယ်ဆိုပြီး ခန့်မှန်းပြောဆိုဖို့ တော်တော် ခက်တယ်လို့ ဆိုပါတယ်။ မြေဆေးတံ များဟာ ပုံစံခွက်နဲ့ ပုံသွင်းပြုလုပ်တာမို့ ဘယ်ဒီဇိုင်းကတော့ဖြင့် ဘယ်ခေတ် လက်ရာ ဖြစ်တယ်ဆိုတာကိုလည်း ခွဲခြား ရခက်ပါသတဲ့။ ထည့်စဉ်း စားသင့်တဲ့ အချက် တစ်ခုက ၁၉၄၀ ခုနှစ်ဝန်းကျင် ဒုတိယ ကမ္ဘာစစ်ဖြစ်ခါနီး အချိန်ထိ အင်းဝမြို့ဟောင်း တံတားဦး ဝန်းကျင်မှာ မြေဆေးတံတွေ ထုတ်လုပ် နေတုန်းဖြစ်ပြီး ပူတာအိုနဲ့ ချင်းတောင်ဘက်တွေမှာ ကျတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်များ အတွင်း အထိ မြေဆေးတံကို အသုံးပြုနေကြတုန်း ဆိုတာတွေပါပဲ။

မြန်မာပြည်အတွင်း အချို့နေရာတွေမှာ အင်းဝအနားက ထုတ်လုပ်တဲ့ မြေဆေးတံတွေကို တွေ့နေ ရတာဟာ ခေတ်အဆက်ဆက် မြန်မာ စစ်သည်တော်များ ယူဆောင်သွား တာမျိုးကြောင့် အဲဒီဒေသတွေမှာ ကျန်နေခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါ တယ်။ မိုးနဲ၊ မိုးဗြဲ၊ သီပေါ၊ ကျိုင်းတုံ စတဲ့နေရာတွေ မှာတွေ့နေရတဲ့ မြေဆေး တံတွေနဲ့ ကျွန်တော်တို့ ထားဝယ်ဘက်မှာ တွေ့ရလေ့ရှိတဲ့ မြေဆေးတံများဟာလည်း အဲဒီပုံစံမျိုးနဲ့ ရောက်လာကြတာနေမှာပါ။ နောက်ပြီး  ထားဝယ်ဘက်မှာ တွေ့ရတဲ့ မြေဆေးတံ ဒီဇိုင်းတွေကလည်း အင်းဝ ဘက်က ပုံစံတွေနဲ့ တူတယ်လို့ သိရပါ တယ်။

ဒေါက်တာသန်းထွန်းရဲ့စာတမ်းမှာ ဆေးတံများကို လေ့လာပြီး အခြေခံ အားဖြင့် ပုံဖော်ထားတဲ့ဒီဇိုင်း ၁၁ မျိုး ရှိတယ်လို့ ဖော်ပြထားပါတယ်။ အဲဒါ တွေကတော့  (၁) သိပိတ် ၊ သပိတ် ခြေနဲ့ အတံ၊ (၂) ကြာအိုး၊ ကြာရိုးနဲ့ အတံ  (၃) သပိတ်၊ ကြာမှောက် ကြာ လှန် သပိတ်ခြေနဲ့ အတံ (၄) သပိတ်ကို ကြာပန်းနဲ့ လုံအောင်ငုံပြီး အတံကို ပိုလှအောင် လုပ်ထားတာ (၅) သပိတ် ကို ပြန်ဖော်ပြီး ကြာကမပီမသ ပုံစံ ( ၆) အလှအပတွေကို စတိလောက်ပဲ ထည့်ထားတာ (၇) သပိတ်ကို ကြာခံမြဲ ခံထားပေမယ့် အတံကို အရင်မူလထားတဲ့ ပုံစံ ( ၈ ) ဆေးအိုးကို ခြောက်မြှောင် လုပ်ပြီး ပန်းခြောက်ပွင့် ပုံဖော်ထားတာ (၉) ခြူးပန်းအခွေ အလိပ်တွေနဲ့ ဆေးအိုးနဲ့ အတံကို အလှဆင်ထားတာ (၁၀) မျောက် ၊ မိကျောင်း ဒီဇိုင်းပုံပါတာ နဲ့ (၁၁) ဘီလူးဆေးတံအိုး ဆိုပြီး တော့ပါ။ အဲဒီလို အခြေခံ ဒီဇိုင်း ၁၁ မျိုးနဲ့ မြေဆေးတံတွေကို တွေ့ရှိလေ့ လာခဲ့ရပေမယ့်လည်း ဘယ်ပုံစံကို ဘယ်ခေတ်မှာ လုပ်တယ်၊ ဘယ်ဒီဇိုင်းကို တော့ဖြင့် ဘယ်ဒေသမှာ သုံးတယ်လို့ ခွဲခြားပြီး မပြောနိုင်သေးပါဘူးလို့ ဆိုပါတယ်။ ဆေးတံ အကြောင်းပြောရင် အရောင်နီတယ်၊ မည်းတယ်၊ ကြေးပြား အုပ်တယ်၊ ငွေပြားအုပ်တယ် ဆိုတာမျိုးနဲ့ ဒီဆေးတံကတော့ ဘယ်အမျိုးစားထဲ ပါဝင်တယ် ဆိုတာလောက်ပဲ ခွဲခြား ပြောဆိုနိုင်ပါတယ်။ အဲဒါထက်ပိုပြောရင် တော့ မှန်ဖို့ထက် မှားဖို့က ပိုများသတဲ့။

ဆေးတံတို တညိုလောက် ရော့ သောက်တော့ပေး ၊ မယူလိုက်က မိုက်လို့ထင် ယူလိုက်ပြန်က ကြိုက် လို့ထင်၊ သောက်စေချင် ကုတင်တွင် ထောင်ခဲ့ကွဲ့ ညိုနွဲ့ရဲ့လေး…ဆိုတဲ့ ကဗျာဟာ ဘိုးတော်ဘုရား ( ၁၇၈၂ – ၁၈၁၉ ) လက်ထက်မှာ ပေါ်ထွန်းတဲ့ စာဆိုတော် မယ်ခွေရဲ့ ကဗျာဖြစ်ပါတယ်။ ဒီကဗျာမှာ မြန်မာတွေရဲ့ ဆေးတံသောက် တဲ့ အလေ့အထလေးတစ်ခု ပေါ်လွင်နေ တာကို သတိထားမိမှာပါ။ ဒါဟာ ဆေး တံသောက်တဲ့ အလေ့အထကို အစောဆုံး တွေ့ရတဲ့ အထောက်အထား တစ်ရပ်ဖြစ် ကြောင်းလည်း သိရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအတွင်းက ဆေးတံသောက်တဲ့ အလေ့အထဟာ ၁၈ ရာစု နှောင်းပိုင်း လောက်မှာမှ ပေါ်ထွန်းလာတာဖြစ် တယ်လို့ ယူဆရလိမ့်မယ် ထင်ပါတယ်။  နိုင်ငံခြားက ကုန်သည်များနဲ့ ကြေးစား စစ်မှုထမ်းသူ အများအပြား မြန်မာနိုင်ငံ အတွင်းကို ဝင်ရောက်လာတဲ့ အချိန်တွေ မှာ အဲဒီ ဆေးတံသောက်တဲ့ဓလေ့လည်း ပူးတွဲ ပါလာခဲ့ဟန်ရှိတယ်လို့ သုတေသီ များက ကောက်ချက်ချထားပါတယ် ။

ကုန်းဘောင်ခေတ်လောက်က ပြု လုပ်ခဲ့တယ်လို့ ယူဆရတဲ့ မြေဆေးတံ အကျိုးအပဲ့များနဲ့  မြေဆေးတံအိုးများကို မြန်မာနိုင်ငံ အနှံအပြား တွေ့ရတယ်လို့ ဆိုရမှာပါ။ မြေပြန့်ဒေသအပြင် ကချင် ပြည်နယ်ထဲက ကျေးရွာများ၊ နာဂ တောင်တန်းနဲ့ ရှမ်းနီတို့ရဲ့ ကျေးရွာများရှိ တချို့သချုØင်းဟောင်းမြေနေရာတွေမှာ မြေဆေးတံများ မကြာခဏ တူးဖော်တွေ့ ရှိရတယ်လို့ သိရပါတယ်။
ပြည်ခရိုင် ရွာတောင်မြို့က ဦးအောင်မြင့်ဆိုသူ အမျိုးသားပြတိုက်ကို လာရောက် လှူဒါန်းသွားတဲ့ မြေဆေး တံက တော်တော် ထူးခြားတယ်လို့ ဆိုရပါမယ်။ ဆေးတံရဲ့ ဖင် (ဆေးအိုးရဲ့ အောက်ခြေ) မှာ မှတ်ကျောက်ငယ်လေး တစ်ခုကို တပ်ဆင်ထားတယ် လို့ ဆိုပါတယ်။ ဘယ်လို ရည်ရွယ်ချက် တွေကြောင့် အဲဒီလို တပ်ဆင်ထားခဲ့လဲ ဆိုတာလဲ  အတော်လေးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီဆေးတံဟာ နယ် လှည့်ပြီး ရွှေအရောင်းဝယ်ပြုသူ တစ် ယောက်ရဲ့ ပစ္စည်းဖြစ်နိုင်ပြီး မှတ် ကျောက်ကို ကိုယ်နဲ့မကွာ သွားလေရာ ပါနေစေဖို့ တီထွင်ထုတ်လုပ်ထားတာ ဖြစ်နိုင်ကြောင်း သုတေသီများက ယူဆ ထားပါတယ်။

ထားဝယ်ဒေသမှာ တွေ့ ရလေ့ရှိတဲ့ မြေဆေးတံ အပါအဝင် နိုင်ငံအနှံ့အပြား တွေ့ရလေ့ရှိတဲ့ မြေဆေးတံတချို့ကို ပျူဆေးတံအဖြစ် ယူဆပြောဆိုတာတွေကို ကြားဖူး ဖတ်ဖူးပါတယ် ။ အဲဒီအယူအဆ ချက်တွေကို သုတေသီပညာရှင်များရဲ့ လေ့လာမှု မှတ်တမ်းများနဲ့ တိုက်စစ် ကြည့်လိုက်တော့ ပျူခေတ်သုံးမြေဆေး တံဆိုပြီး ပြောဆိုနေကြတာတွေဟာ သိပ်ပြီး ဖြစ်နိုင်စရာ မရှိဘူးလို့ ဆိုရမှာ ပါ။ ဒါပေမယ့်လည်း နောက်ပိုင်းသုတေ သီများအနေနဲ့ ဆက်လက် ရှာဖွေဖော် ထုတ်ပြီး သုတေသန ပြုလုပ်သွားမယ် ဆိုရင်တော့ မြန်မာ့မြေဆေးတံအကြောင်း ပိုမိုဖြည့်စွက်ပြီး ပြောဆိုနိုင်လာလိမ့် မယ်လို့ မျှော်လင့်ရပါတယ်။ ဒါကြောင့် ကောက်ရတာပဲ ဖြစ်ဖြစ် ၊ တူးဖော်လို့ ရတာပဲ ဖြစ်ဖြစ် တွေ့ရှိရတဲ့ရှေးဟောင်း မြေဆေးတံ အကျိုးအပဲ့တွေကို နားလည် တတ်ကျွမ်းသူများ လေ့လာဖော်ထုတ်နိုင် အောင်  စနစ်တကျ စုဆောင်းထားရှိသင့် တဲ့ အကြောင်း အကြံပြုလိုက်ရပါတယ်။

အကိုးအကား။ ။မြန်မာ့အိုး သမိုင်း ဖြည့်စွက်စာတမ်း (ဒေါက်တာ သန်းထွန်း)
– အခြေခံ ရှေးဟောင်းသုတေသန ပညာ (မနုဿကျော်ဝင်း)