လူတည်မြဲ မဲ သန့်ရှင်းအစိုးရ

0
775

ဘာလိုလိုနဲ့ ၂၀၁၅ ပါတီစုံ ရွေးကောက်ပွဲကြီး ကျင်းပဖို့ လပိုင်း လောက်သာ လိုပါတော့တယ်။ အခုလို ရွေးကောက်ပွဲကြီး တဖြည်းဖြည်း နီးကပ်လာတာနဲ့အမျှ ပါတီတချို့က အမတ်လောင်းတွေ မသိမသာတစ်မျိုး၊ သိသိသာသာတစ်ဖုံ မဲဆွယ် စည်းရုံးမှု တွေ ပြုလုပ်လာကြသလို တချို့အမတ် မင်းတွေကလည်း သူတို့လွှတ်တော် အမတ် ဒုတိယသက်တမ်းအတွက် ငါးနှစ်တာ ကာလအတွင်း ပထမဦးဆုံး အကြိမ်အဖြစ် သူတို့ကို ဆန္ဒမဲပေး ရွေးကောက် တင်မြှောက်လိုက်ကြတဲ့ မဲဆန္ဒနယ်က ပြည်သူတွေနဲ့ တွေ့ဆုံမှု တွေ ဖုတ်ပူမီးတိုက် ပြုလုပ်နေကြပါတယ်။

မဟုတ်မှလွဲရော ၂၀၁၀ ရွေးကောက်ပွဲ တုန်းကလို သူတို့ကို မဲပေးရင် ကတ္တရာ လမ်းတွေ ခင်းပေးပါ့မယ်၊ စာသင် ကျောင်းတွေ၊ ဆေးရုံတွေ ဆောက်လုပ် ပေးပါ့မယ်၊ လျှပ်စစ်ဓာတ်အားခတွေ ဈေးနှုန်းသက်သာအောင် ပြုလုပ်ပေးပါ့ မယ်ဆိုတဲ့ မစားရ၀ခမန်း ကတိစကား တွေနဲ့ မဲဆွယ်ဖို့ ကြံစည်နေကြသလား မသိပါဘူး။
clean-election-soe-nge
အဲ….ပါတီကြီး တစ်ခုကတော့ အမတ်လောင်း အဆိုပြုလွှာ တင်သွင်း ချိန်ကတည်းက တိုးတိုးတိတ်တိတ် အငြင်းပွားမှုတွေ ရှိနေကြောင်း သိရှိ ရပါတယ်။ အကယ်၍ အမတ်လောင်း စာရင်း (Line up) အတည်ထွက်လာရင် ဘယ်လို အကွဲအပြဲဇာတ်လမ်းတွေ မြင်ရကြားရဦးမလဲလို့ တွေးမိပြီး ရင်မော ရပါတယ်။ အားလုံး သိကြတဲ့အတိုင်း ပါပဲ။ ကျွန်တော်တို့ မြန်မာ လူမျိုးတွေဟာ သမိုင်းကြောင်းနဲ့ချီပြီး အကွဲအပြဲဘက်မှာ အားသန်ခဲ့ကြပါတယ်။ လွတ်လပ်ရေး မရမီက ဖဆပလအဖွဲ့ က ကွန်မြူနစ်ပါတီ ခွဲထွက်ခဲ့သလို ကွန်မြူနစ်ပါတီမှာတောင် သခင်စိုးရဲ့ အလံနီနဲ့ သခင်သန်းထွန်းရဲ့ အလံဖြူ ထပ်ကွဲကြပြန်တယ်။ တစ်ဖန် လွတ်လပ်ရေးရပြီးတဲ့အခါ ဖဆပလ အဖွဲ့ကြီးမှာ တည်မြဲနဲ့သန့်ရှင်း နှစ်ခြမ်း ကွဲပြန်ပါတယ်။ အခုလို ဝါဒချင်းပြိုင်၊ မာနချင်းပြိုင်ပြီး ဂိုဏ်းဂဏဖွဲ့ခဲ့တဲ့ အကွဲ အပြဲဇာတ်လမ်းတွေကြောင့်လည်း မြန်မာ့ နိုင်ငံရေးဟာ မကြာခဏ နောက်ကြောင်း ပြန်လှည့်ပြီး နောက်ဆုံးတော့ အတိဒုက္ခ ရောက်ကြရတာ ပြည်သူတွေပါပဲ။
ဒါတွေအပြင် တချို့ အမတ်လောင်း တွေကလည်း ငွေနဲ့လမ်းခင်းပြီး လွှတ်တော်အမတ်တစ်ယောက်ဖြစ်ဖို့ အသည်းအသန် ကြိုးစားနေတဲ့ သတင်း တောင်သဲ့သဲ့ ကြားမိသေးတယ်။ အခုလို ငွေနဲ့လမ်းခင်းပြီး လွှတ်တော် အမတ် တစ်ယောက်ဖြစ်ဖို့ အသည်းအသန် ကြိုးစားနေတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်ပြီး မတော်တဆ “လူတည်မြဲ မဲသန့်ရှင်း” ဖြစ်သွားမှာ ကြားထဲက မဆီမဆိုင် စိုးရိမ် မိပါတယ်။
လူတည်မြဲ မဲသန့်ရှင်း ဆိုတာက ဒီလိုပါ။

၁၉၅၈၊ ဧပြီလ (၂၇)ရက်နေ့မှာ မြန်မာ့ လွတ်လပ်ရေးတပ်ဦးဖြစ်တဲ့ ဖဆပလအဖွဲ့ကြီးဟာ တည်မြဲနဲ့ သန့် ရှင်းဆိုပြီး နှစ်ခြမ်းကွဲခဲ့ပါတယ်။ ဝန်ကြီးချုပ်ဦးနုနဲ့ သခင်တင်က သန့် ရှင်းဖြစ်ပြီး ဦးဘဆွေနဲ့ ဦးကျော်ငြိမ်း တို့က တည်မြဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့က လူပုဂ္ဂိုလ်အစွဲလေးတွေနဲ့ သန့် ရှင်းကို ]]နုတင်}}၊ တည်မြဲကို “ဆွေငြိမ်း” လို့ ပညတ်ကြပါတယ်။ အခုလို ဖဆပလ အဖွဲ့ကြီး နှစ်ခြမ်းကွဲတဲ့အခါ တပ်မတော် က ဆိုရှယ်လစ်လမ်းစဉ်ကို ပိုမိုတိမ်း ညွှတ်တဲ့ တည်မြဲကို သိသိသာသာ အား ပေး ထောက်ခံခဲ့ကြပါတယ်။ ဒီလိုနဲ့ ၁၉၅၈၊ စက်တင်ဘာလ ၂၈ ရက်နေ့မှာ တိုင်းပြည် မငြိမ်မသက် ဖြစ်နေတာကို အကြောင်းပြုပြီး တပ်မတော်က စစ် အာဏာသိမ်းပြီး ၁၉၆၀၊ ဖေဖေါ် ဝါရီလ ၆ ရက်နေ့မှာ ပါတီစုံ ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးတဲ့အခါ နယ်တွေမှာ တပ်မတော်တပ်မှူး တချို့ကတည်မြဲတွေ အနိုင်ရရှိဖို့ အစွမ်းကုန် အကူအညီပေးခဲ့ ပါတယ်။

အခုလို တပ်မတော် ကျောထောက် နောက်ခံကြောင့် တည်မြဲဟာ သန့်ရှင်း ထက် စည်းရုံးရေးတွေ ထိထိရောက် ရောက်လုပ်နိုင်ခဲ့ပြီး တချို့ရွာတွေမှာ အလှူလုပ်သလို ရက်ရက်ရောရော ကျွေး မွေး ပေးကမ်းကြပါတယ်။ ရွာသူ ရွာသား တွေကလည်း တည်မြဲတွေ ကျွေးသမျှ အကုန်စားပြီး ပေးသမျှ အကုန်ယူကြ တာပါပဲ။ ဒါပေမဲ့ တကယ်တမ်း ဆန္ဒမဲ တွေ ပေးကြပြီဟေ့ ဆိုတာနဲ့ ရွာလုံးကျွတ် နုတင်ရဲ့ သန့်ရှင်းကို မဲတွေ စုပြုံပေး လိုက်ကြတော့ တည်မြဲတွေ သူတို့အပိုင် တွက်ထားတဲ့ မဲဆန္ဒနယ်တွေမှာ ခွက် ခွက်လန်အောင် အရှက်တကွဲ ရှုံးနိမ့်ခဲ့ ကြပါတယ်။ ဒီဖြစ်ရပ်ကို အကြောင်းပြုပြီး မြန်မာ့နိုင်ငံရေး လောကမှာ “လူတည်မြဲ မဲသန့်ရှင်း” ဆိုတဲ့ ဆိုရိုးစကား ပေါ်ပေါက် လာခဲ့ရသလို တကယ်တမ်း သန့်ရှင်းမျှ တတဲ့ ရွေးကောက်ပွဲမှာ မစို့မပို့ မက်လုံး တွေနဲ့ ဘယ်လောက်မဲဆွယ်ဆွယ် ပြည်သူ လူထုဟာ သူတို့ဆန္ဒရှိတဲ့ သူကိုပဲမဲပေး ကြလိမ့်မယ်ဆိုတာ ငွေနဲ့ လမ်းခင်းနေ ကြတဲ့ အမတ်လောင်းတွေ သဘောပေါက်သင့်ပါတယ်။

အခုလို ရွေးကောက်ပွဲ အကြို ကာလမှာ နိုင်ငံရေးပါတီ အသီးသီးက အမတ်လောင်းတွေ နိုင်ငံရေး သွေးပူ လေ့ကျင့်ခန်းတွေ ပြုလုပ်နေကြချိန်မှာ မဲဆန္ဒရှင် ပြည်သူတွေဘက်ကလည်း ရွေးကောက်ပွဲ ကျင်းပဖို့ ၃ လ လောက် သာ လိုတော့တဲ့ အချိန်ထိ တစ်နိုင်ငံလုံး ၈၀ ရာနှုန်းလောက် မှားနေတဲ့ မဲစာရင်း နဲ့ ဘယ်လိုရှေ့ဆက် စခန်းသွားကြမလဲ။အကယ်၍ သတ်မှတ်ထားတဲ့ရက်မှာ တကယ်ရော ရွေးကောက်ပွဲ ကျင်းပဖြစ်မှ ဖြစ်ပါ့မလား။ အကယ်၍ ရွေးကောက်ပွဲ ကျင်းပ ဖြစ်ခဲ့ရင်တောင် သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲကြီး ဖြစ်လာပါ့မလား။အကယ်၍ ရွေးကောက်ပွဲမှာ တပ်မတော် က လိုလားတဲ့ ပြည်ခိုင်ဖြိုးပါတီသာ မရှုမလှ ရှုံးနိမ့်ခဲ့ရင် အနိုင်ရပါတီကို အသိအမှတ် ပြုမှပြုပါ့မလားဆိုတဲ့ အကယ်၍ ပေါင်းများစွာနဲ့ တိုင်းပြည် အနာဂတ်အရေးကို ကြိုတွေးပြီး ရင်လေး နေကြပါတယ်။

အခုလို ပြည်သူတွေ ကြိုတင် တွေး ပူနေကြတာ အကြောင်းမဲ့တော့မဟုတ် ပါဘူး။ ၁၉၉၀ ပါတီစုံ ရွေးကောက်ပွဲ ကြီးမှာ တပ်မတော်က လိုလားတဲ့ တ.စ.ညပါတီကို NLD ပါတီက တောင်ပြိုကမ်းပြို အပြတ်အသတ် အနိုင်ရရှိခဲ့ပေမယ့် အာဏာလွှဲ မပေးတဲ့ လုပ်ရပ်ကို ပြည်သူလူထုက ဘယ်မေ့နိုင် လိမ့်မလဲ။ ဘယ်အရာမဆို အကြောင်း မရှိဘဲ အကျိုးဖြစ်မလာနိုင်ဘူးမဟုတ် လား။

ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အချိန်တန်လို့ ရွေးကောက်ပွဲကြီး ကျင်းပဖြစ်ခဲ့ရင်တော့ မဲဆန္ဒရှင် ပြည်သူတွေဟာ ကိုယ့်တာဝန် ကိုယ်ကျေပွန်ကြမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီဘက်ခေတ် မဲဆန္ဒ ရှင် ပြည်သူတွေဟာ ဘယ်သူတွေက တိုင်းပြည်အပေါ် တကယ်စေတနာ ထားပြီး ဘယ်သူတွေက သားတူညီများ ကောင်းစားရေးကို ရှေ့တန်းတင်နေကြ သလဲဆိုတာ ခွဲခြားရှုမြင်နိုင်စွမ်းရှိကြ သလို လွှတ်တော်ထဲ သွားအိပ်ငိုက်နေပြီး ပြည်သူ့အကျိုးအတွက် ဘာမှမပြောရဲ မဆိုရဲတဲ့ ရေငုံနှုတ်ပိတ် အမတ်မင်းတွေ ကို နောက်တစ်ကြိမ် မဲမပေးသင့်တော့ ကြောင်း သမိုင်းပေးသင်ခန်းစာများအရ သိရှိနားလည်ပြီးသားပါ။ ဒါ့အပြင် မစို့မပို့ အခွင့်အရေးလေး ရလို့ဖြစ်စေ၊ ပုဂ္ဂိုလ်ရေး ခင်မင်ရင်းနှီးမှုကြောင့်ဖြစ်စေ လွှတ်တော်ထဲ မရောက်သင့်သူတွေ မရောက်ရလေအောင် အမျှော်အမြင် ကြီးကြီးနဲ့ မိမိမဲတစ်ပြားအပေါ် သစ္စာရှိ လိမ့်မယ်ဆိုတာ ယုံမှားသံသယ ဖြစ်စရာ မလိုပါဘူး။

ဒီနေရာမှာ အကြောင်းတိုက်ဆိုင် လာလို့ ကျွန်တော်တို့ ရပ်ကွက်ဘော လုံးပွဲက အဖြစ်အပျက်လေးတစ်ခု အကြောင်း ပြောပြချင်ပါတယ်။ နှစ်စဉ် မိုးရာသီရောက်တိုင်း မြို့နယ် လူရွေးပွဲ အတွက် ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင် ပွဲတွေကျင်းပလေ့ ရှိပါတယ်။ အခုလို ရပ်ကွက် ပေါင်းစုံဘောလုံးပြိုင်ပွဲတွေ ကျင်းပတိုင်း ဘောလုံးကျွမ်းကျွမ်း ကျင်ကျင် ကစားတတ်သူနည်းပါးတဲ့ ကျွန်တော်တို့ ထားဝယ်စုရပ်ကွက်ဟာ အိမ်နီးချင်းဖြစ်တဲ့ မြစ်ငယ်ရပ်ကွက်နဲ့ သွားရောက်ပူးပေါင်းပြီး ထားဝယ်စု-မြစ်ငယ် ဘောလုံးအသင်း ဖွဲ့ရပါတယ်။ ဒီလို နှစ်ရပ်ကွက်ပူးပေါင်းပြီး ဘောလုံး အသင်းတစ်သင်း ဖွဲ့ကြတဲ့အခါ ကုန်ကျ စရိတ်ကို နှစ်ရပ်ကွက် မျှဝေပေးရလို့ နှစ်စဉ်လူရွေးပွဲမှာ ပြဿနာ တက်လေ့ရှိ ပါတယ်။

ရှေ့မှာဆိုခဲ့သလို ကျွန်တော်တို့ ထားဝယ်စုရပ်ကွက်မှာ ဘောလုံးကို ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်သူ နည်းတော့ ထားဝယ်စု-မြစ်ငယ်အသင်း အတွက် လူရွေးတိုင်း ထားဝယ်စုရပ် ကွက်က ၅ယောက်လောက်သာ အရွေး ခံရပြီး တကယ့်ကစားသမားတွေများတဲ့ မြစ်ငယ်ရပ်ကွက်က ၁၃ ယောက်လောက် အရွေးခံရလေ့ ရှိပါတယ်။ ဒါပေမဲ့ ကုန်ကျစရိတ်ကို ညီတူမျှတူ ထည့်ဝင် ရတော့ လူရွေးပွဲမှာ ပြုတ်ကျန်ခဲ့တဲ့ ထားဝယ်စုသားတချို့က မကျေနပ်ကဘူး။ အခုလို မကျေနပ်တဲ့ အထဲမှာ အဆိုးဆုံးကတော့ ပေါက်စ ပါပဲ။ အနှီပေါက်စဆိုတဲ့ ပုဂ္ဂိုလ်ဟာ ခန္ဓာကိုယ်အနှံ့ ဆေးမင်ကြောင်တွေ ဗရပွထိုးထားပြီး မှုန်ကုပ်ကုပ်နဲ့ လူမိုက် ရုပ် ဖမ်းထားပေမယ့် ရူးပေါ ပေါမို့ အကြောင်းသိ ဓာတ်သိတွေဖြစ်တဲ့ ကျွန်တော်တို့က သူ့ကို ပေါက်စရူးလို့ နောက်ပြောင် သုံးနှုန်းလေ့ရှိပါတယ်။ ပေါက်စဟာ ဘောကန်ဝတ်စုံနဲ့ ထရိန်နင်ကြေးလေးရဖို့ နှစ်စဉ်ဝင်အရွေးခံပေမယ့် ကွင်းထဲမှာတောင်ပြေးမြောက်ပြေး၊ တောင်ကန်မြောက်ကန်မို့ တစ်နှစ်မှ အရွေးချယ် မခံရပါဘူး။ ဒီလိုအရွေးချယ် မခံရတိုင်း ပေါက်စဟာ နှစ်ရပ်ကွက် ရ.၀.တ ဥက္ကဋ္ဌ နှစ်ယောက်နဲ့ အသင်း နည်းပြကို ပြဿနာ ရှာလေ့ ရှိပါတယ်။

ကြာတော့ လူကြီးတွေလည်း နားငြီး မခံနိုင်တဲ့အဆုံး ပေါက်စကိုရွေးပြီး အရန်ခုံမှာ ထိုင်ခိုင်း ထားလိုက်ပါတယ်။ ဒါပေမဲ့ သူသာ မင်းသားကြီး မလုပ်ရရင် ပတ်မကို ထိုးဖောက်တတ်တဲ့ ပေါက်စဟာသူ့ကို အရန်ခုံမှာ ပေးထိုင်ရ ကောင်း လားလို့ မကြာခဏ ပြဿနာရှာလေ့ ရှိတာကြောင့် နည်းပြကြီးက အရူးစိတ်ချမ်းသာရင် တိုင်းပြည်တစ်ဝက် အေးချမ်းတယ် လို့ သဘောထားပြီး အနိုင်အရှုံးရလဒ် သိပ်အရေးမပါတဲ့ ပွဲတွေမှာ ပေါက်စကို ဒုတိယပိုင်း ၄၅ မိနစ် ပေးကစားလေ့ ရှိပါတယ်။ အခုလို ပေါက်စ ပါဝင် ကစားခွင့်ရတဲ့ ပွဲတိုင်း အသင်းကစား ကွက် ပျက်စမြဲမို့ အသင်းဖော်တွေက ပေါက်စ ပါတာထက်မပါဘဲ ၁၀ ယောက်တည်း ကစားရတာမှ ကောင်းဦးမယ်လို့ ညည်းညူလေ့ရှိပါတယ်။

အလားတူပဲ ကျွန်တော်တို့ ရပ် ကွက် ဘောလုံးအသင်းကို နမူနာ ယူပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ပေါက်စလို ပြုတ်မနူးအမတ်တွေ လွှတ်တော်ထဲရောက်မသွားစေဖို့ သတိကြီးကြီး ထားရပါလိမ့်မယ်။ အကယ်၍ ဒီလိုအမတ်တွေ လွှတ်တော်ထဲရောက်ရှိသွားရင် မဲဆန္ဒ ရှင်တွေအတွက် နစ်နာလှသလို လွှတ်တော်ရဲ့ အသရေလည်း ညှိုးနွမ်း ဆုတ်ယုတ်စေနိုင်ပါတယ်။ အခုဆို တိုင်းပြည်ရဲ့အနာဂတ်ကို ပုံဖော်နိုင်မယ့် မဲတစ်ပြားဟာ ကျွန်တော်တို့လက်ထဲကို ရောက်ရှိနေပါပြီ။ ဒါကြောင့် မဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသားတိုင်းမဲစာရင်းကို မပျက်မကွက် သွားရောက် ကြည့်ရှု သင့်ပြီး အကယ်၍ မိမိအမည် မဲစာရင်းမှာ မပါဝင်ခဲ့ပါက ပုံစံ (၃)၊ အချက်အလက် မှားယွင်းနေပါက ပုံစံ (၄-ဂ)နဲ့ ပြန်လည် လျှောက်ထားပြီး မဲစာရင်းမှာ ထောင်သွင်းအကျဉ်းကျ ခံနေရသူ တွေ၊ ကွယ်လွန်ပြီးသူတွေ ပါဝင်နေပါက ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်ထံ ပုံစံ(၄)နဲ့ ကန့်ကွက်ဖို့ ဝန်မလေးသင့်သလို ငါးနှစ်မှတစ်ကြိမ် ရရှိတဲ့အခွင့်အရေးကို လက်လွတ်မခံဘဲ မဖြစ်မနေ မဲပေးခြင်းဖြင့် ကိုယ့်အနာဂတ်ကို ကိုယ်ဖန်တီးကြပါစို့လားဗျာ။။