ရေဘေးဂယက်ကြောင့် မြိတ်တွင် ဆန်ဈေးတက်

0
489

မြန်မာနိုင်ငံအနှံ့အပြားတွင် လက်တလောဖြစ်ပေါ်နေသည့် ရေဘေး ဂယက်ကြောင့် မြိတ်တွင် ယခုရက်ပိုင်း အတွင်း ဆန်ဈေးနှုန်းများ မြင့်တက်နေ သည်ဟု မြိတ်ဆန်ဈေးကွက်အတွင်းမှ သိရသည်။

ရန်ကုန်က ကုန်စည်ဒိုင်များတွင် ဆန်အဝင်နည်းနေပြီး အဝယ်လိုက် နေ၍ ဈေးနှုန်းမြင့်တက်နေရခြင်း ဖြစ်ကြောင်း ဟု ဆိပ်ငယ်ဈေးကြီး အပြင်ဘက်တန်းရှိ ဆန်အရောင်း အဝယ်ဆိုင် တစ်ဆိုင်မှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့က စူပါအမျိုးအစား ဆန်တစ်အိတ်ကို ၂၁၅၀၀ ကျပ် နှုန်းဖြင့် ဝယ်ယူနေခဲ့ရာမှ ဩဂုတ်လ ၄ ရက်နေ့က ၂၄၀၀၀ ကျပ် နှုန်းဖြင့် ဝယ်ယူခဲ့ရသည်ဟု မြို့သစ်ရပ် ကွက်နေ ဒေါ်အိတုံက ပြောသည်။

ယင်းသို့ ဈေးနှုန်းမြင့်တက် မှုသည် အကြာဆုံး ၁၀ ရက်ခန့်သာရှိနိုင်ပြီး ထပ်ကျနိုင်ကြောင်း၊ ထပ်မကျပါက ထိုင်းနိုင်ငံနှင့် ချိတ်ဆက်ပြီး ဝယ်ယူမည် ဖြစ်သည့်အတွက် ဆန်ပြတ်လပ်မှုဖြစ် မည် မဟုတ်ကြောင်း မြိတ်ခရိုင် ဆန်ကုန် သည်များအသင်း ဥက္ကဋ္ဌ ဦးမောင်ထွေး က ပြောသည်။
“ဈေးနှုန်းတက်တာက အခိုက် အတန့် လေးပါပဲ၊ လူတွေရဲ့ စိုးရိမ်စိတ်တွေကို လျှော့ချနိုင်ရင် ဈေးနှုန်း တည်ငြိမ်လာ မယ်” ဟု ဥက္ကဋ္ဌ ဦးမောင်ထွေးက ပြော သည်။

ဆန်ဈေးနှုန်းများမှာစူပါ အမျိုး အစား တစ်အိတ်ကို ယခင် ၂၁၀၀၀ ကျပ်မှ ယခု ၂၂၅၀၀ ကျပ်၊ စူပါထူးရှယ် ယခင် ၂၂၅၀၀ ကျပ်မှ ယခု ၂၃၅၀၀ ကျပ်၊ ဆန်ကြမ်း ယခင် ၁၈၀၀၀ ကျပ်မှ ယခု ၁၉၅၀၀ ကျပ်၊ ပေါ်ကျွဲ ၃၁၀၀၀ ကျပ်မှ ၃၂၅၀၀ ကျပ်နှင့် ပေါ်ဆန်း ၃၉၀၀၀ ကျပ်မှ ၄၁၀၀၀ ကျပ်နှုန်းအထိ မြင့်တက် နေကြာင်း ဈေးကွက်အတွင်းမှ သိရ သည်။

ဈေးနှုန်းများသည် ဆိုင်အရောင်း ဆိုင်တစ်ဆိုင်နှင့် တစ်ဆိုင် တူညီ မှုမရှိ ဘဲ တစ်အိတ်ကို အနည်းဆုံး ၅၀၀ ကျပ်မှ အများဆုံး ၁၅၀၀ ကျပ်နှုန်း အထိ ကွာခြားမှုများ ရှိနေကြောင်း ဈေးကွက် အတွင်းမှ သိရသည်။

အဆိုပါ ဈေးနှုန်းများသည် ဩဂုတ် လ ၆ ရက်နေ့ ဈေးနှုန်းများ ဖြစ်ကြပြီး အများဆုံး ဆန်တစ်အိတ် ကို ငွေ ၁၅၀၀ ကျပ်နှုန်းအထိသာ ထပ်မံမြင့်တက်လာ နိုင်ကြောင်း ဆန်အရောင်းအဝယ် လုပ် ကိုင်နေသူ တချို့မှ သိသည်။
ထားဝယ်တွင်လည်း ဆန်တစ်အိတ် ဈေးနှုန်း ပျမ်းမျှ ကျပ်၂၀၀၀ ဝန်းကျင်ခန့် မြင့်တက်သည်ဟု ထားဝယ်မြို့ပေါ်ရှိ ဆန်ဆိုင် တစ်ဆိုင်မှ သိရသည်။