ရသစာပေ ခေတ်ရေစီး နှင့်စိန်ခေါ်မှုများ

0
448

တစ်လောက မိတ်ဆွေ ပုဂ္ဂလိက အထက်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီး တစ်ဦးက သူ့ကျောင်း စာကြည့်တိုက်ကို လိုက်လံပြသရင်း ယခုလို မချိတင်ကဲ ညည်းညူ ပြောဆို ပါသည်။

” စာအုပ်တွေ စုံလင်အောင် ထား ပေးပါလျက်နဲ့ ဘယ်ကလေးတစ် ယောက်ကမှ စာကြည့်တိုက်မှာ စာအုပ် လာမဖတ်ကြဘူး။ သူတို့မှာ အားအား လပ်လပ်ရှိ ဖုန်းကိုယ်စီနဲ့ အလုပ် ရှုပ် နေတတ်ကြတယ်။ ပိုဆိုးတာက ဆရာ^ဆရာမတွေ ကိုယ်နှိုက်က စာကြည့်တိုက်ကို အသုံးပြုရကောင်းမှန်း မသိကြဘူး။”
ဆရာမကြီး စကားအဆုံး၌ မှန် ဗီရိုကြီးများထဲတွင် ထောင်လျက် တစ်မျိုး၊ လှဲလျောင်း၍ တစ်ဖုံ အနေ အထား မျိုးစုံနှင့် စာဖတ်ပရိသတ်ကို ညှိုးငယ်စွာ စောင့်မျှော်နေကြရှာသော စာအုပ်များကို ကြည့်ပြီး ကျွန်တော် သက်ပြင်း ခိုးချမိပါသည်။
(၂)
ရက်သတ္တတစ်ပတ်မှာ အနည်းဆုံး တစ်ရက်လောက်တော့ စာအုပ် အရောင်း ဆိုင်များဆီသို့ ခြေဦးလှည့်ဖြစ်ပါသည်။ အထွေအထူး ဝယ်စရာ မရှိတောင် ဟိုစာအုပ် ဒီစာအုပ် ကောက်လှန်ပြီး စာမြည်းရတာ ကျွန်တော့်အတွက် စိတ် အပန်းဖြေနည်း တစ်မျိုး ဖြစ်နေပါသည်။ ယခုလို စာအုပ် အရောင်းဆိုင်များဆီသို့ ရောက်တိုင်း သတိထားမိသည်မှာ အပတ် စဉ်ထုတ် ဂျာနယ်များမှလွဲပြီး ကျန်စာ အုပ်များမှာ ခပ်ပါးပါးသာ ရောင်းရ ကြောင်း တွေ့ရပါသည်။ တချို့ ထူထဲ သလောက် ဈေးနှုန်းကြီးမြင့်သော စာအုပ်ကြီးများမှာ ဝယ်သူကို စင်ပေါ်၌ နှစ်ပေါက်လုမတတ် စောင့်မျှော်နေရ သောကြောင့် ဖုန်အလိမ်းလိမ်းတက်ကာ ဟောင်းနွမ်းစ ပြုနေလေပြီ။ ဒီဘက် ခေတ်ကြီး၏ ဆိုင်ခန်းငှားခ၊ ဝန်ထမ်း လစာနှင့် အထွေထွေစရိတ်တို့ကို အန်တု ပြီး စာအုပ်အရောင်းဆိုင်များ ဘယ် အတိုင်းအတာထိ ဆက်လက်ရပ်တည်နိုင် မလဲဟု တွေးမိကာ သူတို့အစား ရင်မော မိပါသည်။ များမကြာမီကပင် ရန်ကုန် မြို့ရှိ အထင်ကရ စာအုပ်အရောင်းဆိုင်များ တစ်ဆိုင်ပြီးတစ်ဆိုင် ပတ်စာခွာ ဖျာသိမ်း ခဲ့ရသောကြောင့် စာပေသဘောတရား ပါမောက္ခကြီး ဂျေဒေးဗစ်ပြောသလို ကျွန်တော်တို့ ပုံနှိပ်မီဒီယာ ခေတ်ကြီး၏ ဆည်းဆာချိန်ကို မျက်မှောက်ပြုနေ ရပြီလော၊ ရသစာပေ ရေအီချိန်ကို ရောက်ရှိနေပြီလောဟု တွေးပူမိပါသည်။
feeling-knowledge-chanllege
(၃)
လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ကျော် ခန့်က ဂျာမန်လူမျိုး ဂူတင်ဘတ်က ခဲစာလုံးသုံး ပုံနှိပ်စက်ကို တီထွင်ခဲ့သည်။ ထိုနောက် ၁၅၁၇ ခုနှစ်တွင် ဥရောပ၌ ပထမဆုံး ပုံနှိပ်စာအုပ် ပေါ်ထွက်ခဲ့ရာ ယခုဆို စာအုပ်များ၏ သက်တမ်းမှာ နှစ်ပေါင်း ၅၀၀ ခန့် ကြာခဲ့ပြီ ဖြစ်ပါ သည်။ နှစ်ပေါင်း ၅၀၀ အတွင်း ဂူတင် ဘတ်၏ခဲစာလုံး ပုံနှိပ်စက်ကို အခြေခံ ကာ ကမ္ဘာ့နိုင်ငံအသီးသီးမှ မိမိတို့ ဘာသာစကားကို ထည့်သွင်း အသုံးပြု ၍ရသော ခဲစာလုံးများကို ထပ်ဆင့်တီထွင် သုံးစွဲခဲ့ကြလေရာ ယခုဆို ကမ္ဘာတစ်ဝန်း ၌ ဘာသာစကား အမျိုးမျိုးဖြင့် ရိုက်နှိပ် ထုတ်ဝေခဲ့ကြသော စာအုပ်ပေါင်း အသင်္ချေအနန္တ ထွက်ရှိခဲ့ပြီး ဖြစ်ပါသည်။ ထို့အတူ စာဖတ်ပရိသတ်မှာလည်း မရေ မတွက် နိုင်လောက်အောင်ပင် ရှိခဲ့ကြ လေသည်။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးတိုးတက်မှု လွန်စွာ နှေးကွေးသော တိုင်းပြည်၌ စာအုပ်စာပေ မှာ အဓိက ဖျော်ဖြေရေးကဏ္ဍမှ ကပြ အသုံးတော်ခံခဲ့သည်မှာ ၂၀ ရာစု နှောင်းပိုင်းကာလ မရောက်တရောက် အထိ ဖြစ်ပါသည်။ ပို၍ တိတိကျကျ ပြောရလျှင် ၁၉၅၀မှ ၁၉၈၀ ဝန်းကျင် ကာလများကို ရသစာပေ ရွှေခေတ်ဟု တင်စားပြောဆို နိုင်ပါသည်။ ထိုဆယ်စု နှစ်များ၌ ရသစာပေ ဖွံ့ဖြိုးမှုကို အမှီသ ဟဲပြုပြီး စာအုပ်အရောင်းဆိုင်များ၊ စာအုပ်အငှားဆိုင်များ အပြိုင်းအရိုင်း ပေါ်ပေါက်လာပါသည်။

မှတ်မိသလောက်ဆို ကျွန်တော် ငယ်စဉ်က (၁၉၈၀ ဝန်းကျင်ခန့်က) ဦးလေးဖြစ်သူမှာ စာအုပ်အငှားဆိုင် တစ်ဆိုင် ဖွင့်လှစ်ခဲ့ဖူးပါသည်။ ဖျော်ဖြေ ရေးဆိုလို့ မည်မည်ရရ မရှိသော ထို ခေတ်က ကျွန်တော့်ဦးလေးစာအုပ် အငှားဆိုင်မှာ အမြဲတစေ စာဖတ် ပရိသတ်များနှင့် စည်ကားလျက်ရှိရာ ဦးလေးမှာ လစဉ်ထွက်ရှိသမျှ စာအုပ် အားလုံးနီးပါးကို ဆိုင်ဝယ်တင်ပေးလေ့ ရှိပါသည်။ တချို့ အငှားသွက် မဂ္ဂဇင်း များဖြစ်သော နတ်ရေကန်၊ သိပ္ပံ၊ သပြေ….. စသည်ဖြင့်ကို ၂ အုပ်မှ သုံးအုပ်အထိ ဆိုင်ဝယ်တင် ပေးထားရ လေသည်။ ထို့အပြင် ဦးလေးမှာ စာအုပ် အငှားဆိုင်နှင့် တွဲဖက်ပြီး ကက်ဆက် အခွေအငှားဆိုင်လည်း ဖွင့်လှစ်ထားရာ ထိုခေတ် ထိုအချိန်က အငှားသွက် အခွေများဖြစ်သော ကြာနီကန်ဆရာတော် တရားခွေများ၊ ရုပ်ရှင်မင်းသားကြီး ကောလိပ်ဂျင် နေဝင်း၏ ကက်ဆက် ဇာတ်လမ်းခွေများကို နှစ်ခွေမှ သုံးခွေ အထိ ဆိုင်ဝယ်တင် ပေးရပါသည်။

(၄)
သို့သော် ၁၉၈၀ နောက်ပိုင်း ကာ လများသို့ ရောက်ရှိသောအခါ ကျွန် တော်တို့ စိတ်နှလုံးကို အရုပ်နှင့်အသံ တွဲလျက် မြင်ရကြားရသော ရုပ်မြင် သံကြား(ခ)တီဗွီက သိမ်းကြုံးညှို့ငင် နိုင်ခဲ့ပါသည်။ ဆက်လက်ပြီး ရုပ်မြင် သံကြားနှင့် ရှေးမနှောင်းမှာပင် ဗွီဒီယို ပြစက်(ခ) အောက်စက်က ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်သို့ ထိုးဖောက်ဝင် ရောက်နေရာယူလာခဲ့ရာ ရပ်ကွက် အတွင်း၌ ဗွီဒီယိုရုံများ အပြိုင်းအရိုင်း ပေါ်ပေါက်လာသလို ဗွီဒီယိုအခွေ အငှား ဆိုင် ယဉ်ကျေးမှု ထွန်းကားလာခဲ့ပါသည်။ ထိုအပြင် အိမ်အတော်များများ၏ ဧည့်ခန်းတွင်း၌လည်း တီဗွီနှင့် ဗွီဒီယိုပြ စက်က အခန့်သား ဝင်ရောက်နေရာယူ လာလေတော့သည်။

ထိုအချိန်က ကျွန်တော်တို့ မြို့ ကလေး၌ ရုပ်ရှင်ရုံလေးရုံသာရှိပြီး အသစ် တင်သမျှ ရုပ်ရှင်ဇာတ်ကားတိုင်းကို အလွတ်မပေးစတမ်း ကြည့်ရှုတာတောင် တစ်လ ၈ ကားထက် ပိုကြည့်ရှုခွင့် မရ သောကြောင့် ရုပ်ရှင်ရုံပရိသတ်အများစု မှာ ဗီဒီယိုရုံအမာခံ ပရိသတ်များ ဖြစ်ကုန် ကြသလို အပျော်ဖတ်စာအုပ် အငှားဆိုင် ပရိသတ်အများစုမှာ ဗီဒီယိုရုံ ပရိသတ် များ ဖြစ်ကုန်ကြ လေသည်။

တဖြည်းဖြည်း ၂၁ ရာစုထဲသို့ ရောက်ရှိလာသောအခါ ကျွန်တော်တို့ မြို့ကလေး၌ 24 Channel Cable ယဉ်ကျေးမှု ထွန်းကား လာလေသည်။ ထိုအခါ ရုပ်ရှင်ရုံထက် အဖိုးနည်းဝန်ပါ ဗီဒီယိုရုံများက ပိုအလုပ်ဖြစ်လာကြသလို ဗီဒီယိုရုံများထက် ၂၄ နာရီပတ်လုံး ဖျော်ဖြေရေး ဝန်ဆောင်မှု ပေးနိုင်သော ကေဘယ်လ် လိုင်းကြိုးများက နေအိမ် များအတွင်းသို့ အတားအဆီးမရှိ ကျူး ကျော် ဝင်ရောက်လာလေသည်။ ထို့ အပြင် အရွယ်အစားနှင့် အမျိုးအမည် စုံလင်လှသော ဂြိုလ်တုစလောင်း များ ကလည်း နေအိမ်ခေါင်မိုးများထက် လွတ်လွတ်ကင်းကင်း နေရာယူ လာကြ သောအခါ ရုပ်ရှင်ရုံများနှင့် ဗီဒီယိုရုံ များမှာ စိုးရိမ်ရေမှတ်သို့ ရောက်ရှိ လာသလို ဗီဒီယို အခွေအငှားဆိုင်များ မှာလည်း ခိုးကူးခွေနှင့် ကေဘယ်လ်လိုင်း ကြိုးတို့၏ ထိုးနှက်ချက်များကြောင့် တစ်ဆိုင်ပြီး တစ်ဆိုင် ဖျော်ဖြေရေး စည်းဝိုင်း အပြင်ဘက်သို့ ရောက်ရှိကုန် ကြလေသည်။ ထိုသို့ အခွေငှားဆိုင် များပင် ဆက်လက် မရပ်တည်နိုင်သော အခြေအနေ၌ အပျော်ဖတ် ပရိသတ်များကို မှီခိုအားထားနေရသော စာအုပ်အငှားဆိုင် များမှာလည်း တစ်ဆိုင်ပြီးတစ်ဆိုင် အိုးစားကွဲ ကြလေသည်။ အလားတူပင် စာအုပ် အရောင်းဆိုင်များမှာလည်း အပတ်စဉ်ထုတ်ဂျာနယ် ရောင်းအား အပေါ် လုံးလုံးလျားလျား မှီခို အားထား နေရသောကြောင့် သိပ်အလားအလာ မကောင်းတော့ပေ။

(၅)
၁၉၈၉ခုနှစ်၌ ဗြိတိသျှလူမျိုး ကွန်ပျူတာ ပညာရှင် “တင်(မ) ဘားနတ် လီ” က ” ကမ္ဘာ့ပင့်ကူအိမ်ကြီး” (World Wide Web)ကို တီထွင်လိုက်ပါသည်။ ဆက်လက်ပြီး လာရီပေ့(ချ)နှင့် ဆာဂျီ ဘရင်းတို့ နှစ်ဦးက ကျွန်တော်တို့ သိချင် သမျှ အချက်အလက်ပေါင်းစုံကို သိုမှီး ပေးထားသော” ဂူးဂဲဆာ့(ချ)အင်ဂျင်” (Google Search Engine) တစ်လုံးကို တီထွင်ခဲ့ပြီး မာ့(ခ်)ဇူကာဘတ် ဟူသော လူငယ်လေးတစ်ဦးက ဖေ့စ်ဘွတ်ဟူသော လူမှုကွန်ရက်ကြီးကို တီထွင်လိုက်သော အခါ တစ်ကမ္ဘာလုံး စမတ်ဖုန်းကိုယ်စီ နှင့်အွန်လိုင်း ယဉ်ကျေးမှုမှာ စီးမျော ကုန်ကြလေသည်။ ထိုအခါ စာမဖတ်ရ မနေနိုင်သော စာကြမ်းပိုး တချို့မှလွဲ၍ စာဖတ်ပရိသတ်အများစုမှာ ပုံနှိပ် မီဒီယာမှ အွန်လိုင်း မီဒီယာပေါ် ပြောင်း လဲ ကျက်စားကြလေတော့သည်။ ထို့အတူ တစ်ချိန်က စာမျက်နှာများကို တံတွေးဆွတ်ပြီး ပယ်ပယ်နယ်နယ် လှန်လှောဖတ်ရှုခဲ့ကြသော လက်ညှိုးများမှာ ယခုတော့ စမတ်ဖုန်း ဖန်သားပြင်ထက် ကျင်လည် ကုန်ကြလေတော့သည်။ သို့သော် စမတ်ဖုန်းကိုယ်စီနှင့် အွန်လိုင်းယဉ် ကျေးမှုမှာ စီးမျှောလိုက်ပါနေသူ အများစုမှာ ” ဖတ်ဖို” ထက် ” ကြည့်ဖို့” ပိုစိတ်အားထက်သန်ကြသလို မိမိမသိရှိသေးသော ပညာရပ်တစ်ခုကို ဆည်းပူးလေ့လာဖို့ထက် သိဟောင်း ကျွမ်းဟောင်းများနှင့် ချက်တင် ဝင်ဖို့ ပိုအာရုံရကြလေသည်။ ယခုလို အရွယ်သုံးပါးစလုံး စမတ်ဖုန်း လေးကိုယ်စီနှင့် အွန်လိုင်း မီဒီယာ ဆွဲဆောင်ရာနောက်သို့ ကောက် ကောက်ပါအောင် လိုက်ပါကုန်ကြသောကြောင့် ပုံနှိပ်မီဒီယာ၏ အခန်းကဏ္ဍမှာ တဖြည်းဖြည်း မှေးမှိန်လာသလို မြန်နှုန်းမြင့် စပိဒ် ခေတ်ကြီး၌ မိမိသိလိုသမျှသတင်း အချက်အလက်များကို စက္ကန့်မဆိုင်း အချိန်နှင့်တပြေးညီ အင်တာနက်မှတဆင့် ရရှိနေသောကြောင့် လစဉ် ထုတ်မဂ္ဂဇင်းများ၊ အပတ်စဉ်ထုတ်ဂျာနယ်များမှာ စမတ်ဖုန်းမျိုးဆက် များ၏ ဟဒယကို လှုပ်ခတ်နိုင်စွမ်း မရှိတော့ပေ။

ထိုကြောင့် သတင်းအချက် အလက်ကို အငမ်းမရ ဆာလောင်မွတ် သိပ်နေသော စပိဒ်ခေတ်ကြီး၌ စာပေသဘောတရား ပါမောက္ခကြီး ဂျေဒေးဗစ် ကြိုတင်နိမိတ်ဖတ်ခဲ့သလို ပုံနှိပ်မီဒီယာခေတ်ကြီး၏ ဆည်းဆာချိန်သို့ အမှန်တကယ် ရောက်ရှိခဲ့ရလေသည်။
တစ်လောက ဂျာနယ်တစ်စောင်မှာ ဆယ်စုနှစ်ပေါင်းများစွာ သမနိ ရှည်ကြာခဲ့သော ကမ္ဘာကျော် နယူးဝိ(ခ်)မဂ္ဂဇင်းကြီး ပုံနှိပ် မီဒီယာမှ အွန်လိုင်းမီဒီယာသို့ ပြောင်းလဲထုတ်ဝေနေရသည့် သတင်း ဖတ်လိုက်ရပါသည်။ အဆိုပါသတင်းကြောင့် ကျွန်တော်တို့ဆီက လစဉ်ထုတ် မဂ္ဂဇင်းများလည်း များမကြာမီ ကာလအတွင်း နယူးဝိ(ခ်)မဂ္ဂဇင်းကြီး နောက်ကောက်ကောက်ပါအောင် လိုက်ပါသွားရတော့ မလားဟု စိုးရိမ်မိပါသည်။ အကယ်၍ လက်ရှိထုတ်ဝေလျက်ရှိသော မဂ္ဂဇင်းများ၊ စာအုပ်များသာ ဆက်လက် မထုတ်ဝေနိုင်ပါက ရသစာပေ သရောကြီးခိုင်းကာ နောင်တစ်ချိန်မှာ လူကြီးဖြစ်လာကြမည့် လူငယ် လေးများ၏ နှလုံးသားမှာ အကြည်ဓာတ်လေးများ ခန်းခြောက်ကုန် ပေလိမ့်မည်။

သို့ဖြစ်ပါ၍ လူငယ်လေးများမှာ စာဖတ်သော အလေ့အထ စွဲမြဲ လာအောင်၊ စာဖတ်ချင်လာအောင် နယ်ပယ်အသီးသီးမှ တတ်သိ ပညာရှင်များအနေနှင့် အရေးပေါ်အခြေအနေတစ်ရပ်လို သဘော ထားပြီး ဝိုင်းဝန်းအဖြေရှာသင့်ပြီဟု ထင်မြင်မိပါသည်။