ရေဘေးအတွက် အလှူခံရ ငွေများကို မြို့နယ်အုပ်ချုပ်ရေးမှူးက ပြန်အလှူခံဟုဆို

0
439

ရေဘေးအတွက် ထားဝယ်မြို့ အတွင်း လှည့်လည်အလှူခံထားသည့် အလှူငွေများကို ထားဝယ်မြို့နယ် အုပ် ချုပ်ရေးမှူးက ပြန်အလှူခံရန် အကြောင်း ကြားလာကြောင်း ရေဘေးကူညီရေး အလှူခံအဖွဲ့(ထားဝယ်) ထံမှ သိရသည်။

ဩဂုတ်လ ၆ ရက်နေ့က ရေဘေး ကူညီ ရေးအလှူခံအဖွဲ့ (ထား ဝယ်)ထံသို့ ထားဝယ်မြို့နယ် အုပ်ချုပ်ရေးဦးစီး ဌာမှ စာရေးမတစ်ဦးက ဖုန်းဆက်၍ လည်းကောင်း၊ ယင်းအလှူခံအဖွဲ့၏ တာဝန်ခံကိုဝေဖြိုး၏ ကွန်ပျူတာ မိတ္တူ ဆိုင်သို့ ရှမ္မလည်ဆွဲ ရပ်ကွက် အုပ်ချုပ် ရေး မှူးရောက်လာ၍လည်းကောင်း မြို့ နယ်အုပ်ချုပ်ရေးမှူးက ပြောခိုင်းသည် ဟုဆိုကာ အလှူခံရငွေများထဲမှ မြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနသို့ ပြန်လှူပေးရန် ပြောဆိုခဲ့သည်ဟု ကိုဝေဖြိုးက ပြော သည်။
“အလှူခံရထားတဲ့ငွေထဲက မြို့နယ် အုပ်ချုပ်ရေးကို ပြန်လှူပေးပါလို့ ဆိုင်မှာ လာမှာထားခဲ့တယ်။ ကျွန်တော် ပြန်လာ ရင် ပြောပေးပါဆိုပြီး။ မြို့နယ်အုပ် ချုပ်ရေးရုံးက စာရေးမဆိုပြီး ဖုန်းလည်း ဆက်တယ်” ဟု ကိုဝေဖြိုးက ဆိုသည်။
ရေဘေးသင့် ပြည်သူများကို ကိုယ် တိုင်သွားလှူရန် စီစဉ်ထားပြီး ဖြစ်သည့် အတွက် အမှန်တကယ် လိုအပ်သောနေရာ များကို ကိုယ်တိုင်သာ သွားလှူမည်ဖြစ်ပြီး မြို့နယ် အုပ်ချုပ်ရေးထံသို့ မလှူဒါန်းနိုင် ဟု ၎င်းက ဆိုသည်။
donation
“အခုက အလှူခံလို့ရထားတဲ့ ငွေ တွေကို ပြန်လာ အလှူခံသလို ဖြစ်နေ တယ်” ဟု ကိုဝေဖြိုးက ဆိုသည်။
ရေဘေး ကူညီရေးအလှူခံ အဖွဲ့ (ထားဝယ်)မှ ဩဂုတ်လ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ထားဝယ်မြို့ပေါ်နှင့် သရက် ချောင်း မြို့နယ်တို့တွင် အလှူခံခဲ့ရာ ၂၂၄သိန်း ၆ သောင်းကျပ်နှင့် ဘတ် ၉၀ ရရှိထားကြောင်း ယင်းအဖွဲ့ထံမှ သိရ သည်။
သို့သော် ယင်းသို့အလှူခံရငွေ များ ကိုပြန်အလှူခံသည်ဟုဆိုခြင်းမှာ မဟုတ် မှန်ဘဲ နားလည်မှုလွဲခြင်းသာ ဖြစ်သည်ဟု ထားဝယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်း သန့်က ပြောသည်။
” ဒီလိုမျိုးကို ဘယ်လုပ်မှာလဲ။ အခု လိုမျိုး အလှူခံအဖွဲ့တွေကို အလှူခံထွက်ဖို့ ဝမ်းသာအားရ ခွင့်ပြုပေးထားပါတယ်။ ဒါက နားလည်မှုလွဲတာ ဖြစ်မှာပါ”ဟု ဦးလင်းသန့်က ဆိုသည်။
ရေဘေးသင့်ဒေသများသို့ လှူဒါန်း ရန် အလှူခံအဖွဲ့များ၏ အစီအစဉ်များကို မေးမြန်းခြင်းသာဖြစ်ပြီး အကယ်၍ အစီ အစဉ်မရှိပါကတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ဦးစီး၍ လှူဒါန်းရန် အစီအစဉ်ရှိ သောကြောင့် ပူးပေါင်းလှူဒါန်းနိုင်ရန် ပြောဆိုခြင်း ဖြစ်သည်ဟု ၎င်းက ဆို သည်။
အကယ်၍ အလှူခံအဖွဲ့များ ကိုယ် တိုင် သွားရောက်လှူဒါန်းမည် ဆိုပါက လည်း မိမိအနေဖြင့် လိုအပ်သည့် အကူအညီများပေးရန် အဆင်သင့်ရှိ သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်း သန့်က ထပ်လောင်း ပြောကြားသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးကပူးပေါင်း ၍လည်း လှူဒါန်းနိုင်သည်ဟုသာ ပြော ဆိုခြင်းဖြစ်သော်လည်းထည့်ဝင် လှူဒါန်း စေလိုသည့် သဘောဖြစ်နေသည်ဟု ထင်မြင်မိကြောင်း ရေဘေးအတွက် ထားဝယ်မြို့အတွင်း လှည့်လည် အလှူခံ သည့် အခြားအဖွဲ့တစ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦး က မှတ်ချက်ပြုသည်။
၎င်းအပြင် ရေဖြူမြို့နယ်တွင် ကျေးရွာတစ်ရွာလျှင် ကျပ်တစ်သိန်း အနည်းဆုံး အလှူငွေထည့်ဝင်ရန် မြို့နယ်အုပ်ချုပ်ရေးက ညွှန်ကြားထား သည်ဟု သတင်းထွက်ပေါ်နေပြီး သစ်တို ထောင့်ကျေးရွာတွင် တစ်အိမ် တစ်ထောင် ကျပ် လိုက်လံ ကောက်ခံနေသည်ဟု သစ်တိုထောင့်ကျေးရွာ ဒေသခံတချို့ထံမှ သိရသည်။