ပြည်ကြီးမဏ္ဍိုင် မူလွန်ကျောင်း ကျောင်းသား ၁၀၀ ကျော် တပြိုင်တည်း ဖျား

0
454

ကော့သောင်းခရိုင် ပြည်ကြီးမဏ္ဍိုင် မြို့ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း တွင် ဇူလိုင်လ ၂၇ ရက်နေ့က ကျောင်းသူ ကျောင်းသား ၁၀၀ကျော် တစ်ပြိုင်တည်း ဖျားနာခဲ့ကြောင်း ပြည်ကြီး မဏ္ဍိုင်မြို့နှင့် ဘုတ်ပြင်းမြို့ အုပ်ချုပ်ရေးတာဝန်ရှိသူ များထံမှ သိရသည်။

ဘုတ်ပြင်းမြို့နယ်၏ မြို့နယ်ခွဲ တစ်ခုဖြစ်သည့် ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ယင်းကျောင်းတွင် ပညာသင်ကြားနေ သည့် သူငယ်တန်းမှ သတ္တမတန်းအထိ ကျောင်းသူ ကျောင်းသား ဦးရေ ၄၃၅ ဦးအနက်၊ ကျောင်းသား ၅၈ ဦးနှင့် ကျောင်းသူ ၅၁ ဦး ဖျားနာခဲ့ခြင်း ဖြစ် ကြောင်း အထက်ပါ အုပ်ချုပ်ရေးတာဝန် ရှိသူများထံမှ သိရသည်။

” ရိုးရိုး တုပ်ကွေး ဖျားတဲ့ သဘောပါ၊ ကျောင်းသားအများစုက စိုးရိမ်ရတဲ့ အနေ အထားမရှိပေမယ့် ၉ ယောက်ကတော့ ဖျားတဲ့အပြင် ဗိုက်ပါအောင့်နေတဲ့အတွက် ပြည်ကြီး မဏ္ဍိုင်ဆေးရုံ တင်ထားတယ်” ဟု ယင်းကျောင်းမှ မူလတန်းပြဆရာမ တစ်ဦးက ဆိုသည်။
တစ်ရက်တည်းတွင် ပျက်ကွက် ကျောင်းသား ၁၀၉ ဦးရှိသဖြင့် အတန်း ပိုင် ဆရာ ဆရာမများမှ တဆင့် ကျောင်း သားမိဘများထံစုံစမ်းရာမှ ယင်းသို့ ဖျား နာသည်ကို သိခဲ့ရကြောင်း အထက်ပါ မူလတန်းဆရာမက ပြော သည်။

အထက်ပါ မူလွန်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား ၂၀ ဦးခန့်သည် လွန်ခဲ့သည့်ရက်အနည်း ငယ်က တုတ်ကွေးဖျားနာ ဖြစ်ပွားခဲ့ပြီး ရက်အနည်းငယ်တွင် ယခုကဲ့သို့ အစုလိုက် ဖျားနာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ” တုပ်ကွေး ဖျားတာက အခန်းထဲက တစ်ယောက်ဖျားရင် သူတို့ အချင်းချင်း ကူးစက်ပြီး တစ်ခန်းလုံး၊ တစ်ကျောင်းလုံး ဖျားနိုင်တယ်”ဟု ယင်းကိစ္စဖြင့် ပြည်ကြီး မဏ္ဍိုင်မြို့သို့ရောက်နေသည့် ဘုတ်ပြင်း မြို့နယ်ကျန်းမာရေးမှူးက ဆိုသည်။
ထိုကြောင့် ကလေးများ ဖျားသည့် အခါ ကျောင်းသို့မလွှတ်ဘဲ ဆရာဝန် ပြပြီး နေကောင်းမှသာ ကျောင်းလွှတ် သင့်ကြောင်း အထက်ပါ ကျန်းမာရေးမှူး က မှတ်ချက်ပြုသည်။

ဖျားနာသည့် ကျောင်းသား၊ ကျောင်း သူများကို ပြည်ကြီးမဏ္ဍိုင်မြို့ ဆေးရုံ တာဝန်ခံမှ လိုအပ်သော ဆေးဝါးကုသမူ ပြုလုပ်ပေးလျက်ရှိသည်။