ရေတားတမံ ကျိုးပေါက်မည်ကို မြိတ်လယ်သမား တချို့ စိုးရိမ်

0
611

မြိတ်မြို့နယ် ကလွင်ကျေးရွာ အုပ်စု ကလွင်ကျေးရွာရှိ လယ်ယာမြေ ၇၀၀ ဧကခန့်ကို ကာရံထားသည့် ရေတားတမံ ကျိုးပေါက်မည်ကို လယ်သမားတချို့ စိုးရိမ်နေကြောင်း လယ်သမားများထံမှ သိရသည်။


ယင်းကဲ့သို့ ရေတိုက်စားခံရသည့် နေရာများကို လယ်သမားများ စုပေါင်း ပြီး ပြုပြင်နေရသည်မှာ ၄ နှစ်ခန့် ရှိနေပြီဖြစ်ပြီး တစ်နှစ်ကို အနည်းဆုံး ၁၂ သိန်းမှ အများဆုံး ၁၅ သိန်းအထိ ကုန်ကျနေသည့်အတွက် ရေရှည်ခံ သည့် ရေတားတမံကို ဆည်မြောင်း ဦးစီးဌာနမှ တာဝန်ယူပြီး တည်ဆောက်ပေးစေချင် ကြောင်း လယ်သမားတစ်ချို့က ပြော သည်။

myeik-farmer-worry
” ပင်လယ်ဘက်က ရေလှိုင်းတွေ ရိုက်ခတ်နေတဲ့အတွက် နှစ်တိုင်းလိုလို တမံကျိုးပေါက်တာနဲ့ ကြုံနေရတာပါ” ဟု ယင်းတမံကို ထိန်းသိမ်းစောင့်ရှောက် နေသော လယ် ၅ ဧကခန့် ပိုင်သည့် လယ်သမားတစ်ဦးက ပြောသည်။
အဆိုပါ ရေတားတမံကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က တနင်္သာရီတိုင်း ဒေသကြီး အစိုးရ ရန်ပုံငွေ ကျပ် ၃၈၀ သိန်းဖြင့် ရေတားတံမံကို မြေထပ်မံ ဖို့ခြင်းနှင့် အမြင့်ပေ ပျှမ်းမျှ ၅ ပေ၊ အရှည် ပေ ၇၀၀ ရှိသည့် လှိုင်းကာ ကျောက်တန်း စီခဲ့ကြောင်း မြိတ်မြို့နယ် ဆည်မြောင်း ဦးစီးဌာမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
” လှိုင်းကာ ကျောက်တန်းက နိမ့် ပြီး တမံက မြင့်နေတော့ ပင်လယ် ရေလှိုင်းများက တမံများအထိ  လာရိုက် ခတ်နေတဲ့အတွက် တချို့ နေရာ တွေမှာ တမံကျိုးပေါက်မယ့် အန္တရာယ်နဲ့ ရင်ဆိုင် နေရပါတယ်” ဟု ကလွင်ကျေးရွာမှ လယ် ၈ ဧကခန့်ပိုင်သူ လယ်သမားတစ်ဦးက ပြောသည်။ရေရှည်အတွက် အသုံးပြုနိုင်ရန်မှာ  မြေထပ်ဖို့ထားသည့် တမံများတွင် မြေ သားများ စိမ့်ဝင်လာချိန်မှ  ထပ်မံလုပ်ရ မည့် လုပ်ငန်းများကို လုပ်ကိုင်ရမည်ဟု အထက်ပါ တာဝန်ရှိသူက  ပြောသည်။
ယင်း ရေတားတံမံကို အစိုးရမှ တာဝန်ယူပြီး ၁၉၆၂ ခုနှစ်မှ ကတည်းက ဆောက်လုပ်ခဲ့ပြီး အထက်ရေပုန်း ရပ် ကွက်မှ တောင်ပြိုကျေးရွာအထိ အရှည် ပေ ၃၂၀၀ ရှိသည်။
ကလွင်ကျေးရွာရှိ တမံအပြင်ဘက် တွင် ဒီရေတောများကို ဒေသခံတချို့မှ ထင်းအဖြစ် ခုတ်ထွင်ခဲ့ကြသဖြင့် တမံကို ပင်လယ်မှ ရေလှိုင်းများ တိုက်ရိုက် ရိုက်ခတ်ခံ နေရသည်ဟု ဆည်မြောင်း ဦးစီးဌာနမှ အထက်ပါ တာဝန်ရှိသူက ပြောသည်။
သို့သော် တမံအပြင်ဘက်၌ ဒီရေ တောများရှိသည့် နေရာများတွင်မူ တမံ အတွက် စိုးရိမ်စရာမရှိဟု ပြောသည်။
ရေတိုက်စားပြီး ကမ်းပြိုနေသည့် နေရာတစ်ချို့မှ လယ်သမားတွေက ကိုယ့် နည်းကိုယ်ဟန်ဖြင့် ပြုပြင်မည် ဆိုပါက တမံပြိုမည်ကို စိုးရိမ်စရာ မရှိဟု ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူက ပြောသော်လည်း နှစ်စဉ်ကျပ် ၁၀ သိန်း နှင့်အထက် ကုန်ကျမှုမှာ လယ်သမားများ အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုဖြစ်နေ သည့်အပြင် လုံခြုံသည့်ခံစားချက်ကို လည်း မရဖြစ်နေကြောင်း လယ်သမား များထံမှ သိရသည်။