တောင်သမန်အင်း ဝန်းကျင်မှ တောင်ထားဝယ်ဗိုလ် အုတ်ဂူ

0
1053

မန္တလေးမြို့ကို ရောက်တဲ့အခါတိုင်း ဆိုင်ကယ်တစ်စီးနဲ့ လျှောက်ပတ် ဖြစ် သည်။ မဖြစ်မနေ ရောက်ဖြစ်နေတဲ့ နေရာ တွေကတော့ တောင်သမန်ဝန်းကျင်နေရာ တွေနဲ့ အမရပူရမြို့ ဟောင်းတစ်ခွင်ပါပဲ။ အမရပူရ မြို့ဟောင်းထဲရောက်ခဲ့ရင် မြို့တော်စေတီ လေးဆူဖြစ်တဲ့ ရွှေလင်း ပင်၊ ရွှေစံကား ၊ ဆင်ကြိုရွေဂူ၊ ရွှေကွန် အုပ်စတဲ့စေတီတွေကို ရောက်ဖြစ်ခဲ့သလို နန်းမြို့ဟောင်း အလယ်မှာရှိနေတဲ့ အမရ ပူရခေတ်နန်းတော်ကြီးရဲ့ လက်ကျန် အဆောက် အအုံကြီးတွေကိုလည်း ခြုံ တွေ တိုးပြီး လိုက်ကြည့်ဖူးပါတယ်။

တစ်ခါတစ်လေတော့လည်း အမရပူရ နန်းမြို့ ဟောင်းအတွင်းမှာ ရှိနေခဲ့တဲ့ ဘိုးတော်ဘုရား အုတ်ဂူ၊ သာယာဝတီ မင်းအုတ်ဂူနဲ့ ဘကြီးတော် စစ်ကိုင်း မင်းရဲ့ အုတ်ဂူတို့ကိုလည်း သွားရောက် လေ့လာလည်ပတ်ပြီး ဂါရ၀ပြုဖြစ်တယ်။
အမရပူရနန်း မြို့ဟောင်းဝန်း ကျင် က ခွာလာပြီးနောက်မှာ ပုထိုး တော်ကြီးနဲ့ အနီးအနားတဝိုက်က စေတီဟောင်းတွေ မွှေပြီး တောင်သမန်အင်းမြောက်ဘက် ကန်ဘောင်တစ်လျှောက် ဆိုင်ကယ် လေးစီးလို့ ဦးပိန်တံတားထိပ် ဝန်းကျင် ကို သွားလိုက်တော့တာပဲ။ အဲဒီလို ဖြတ်သွားဖြစ်တဲ့အခါတိုင်း တောင်သမန် အင်း နံဘေး ပတ်ဝန်းကျင်က အုတ်နံရံ အပိုင်းအစတွေနဲ့ အုတ်ကုန်းရိုးကြီးတွေကို တွေ့ရင်လည်း စိတ်ဝင်တစား ကြည့်ခဲ့မိ သေးတာပါ။ ဒါတောင်မှ တောင်သမန် အင်း အနောက်မြောက်ထောင့်အနားမှာ ရတနာပုံခေတ်က တောင်ထားဝယ် ဗိုလ်တစ်ယောက်ရဲ့ အုတ်ဂူရှိနေခဲ့တာကို ကျွန် တော် မသိသေးဘဲ ဖြစ်နေပါတယ်။ အဲဒီလို ဖြစ်ခဲ့ရတာကလည်း သက်ဆိုင် ရာ မှတ်တမ်းမှတ်ရာများကို လေ့ လာခွင့် မကြုံရသေးလို့ပါ။
south-dawei-bo-fuel
တကယ်တော့ စာများများ ဖတ်ပြီးမှ များများသွား သင့်ပါတယ်။ မှတ်တမ်းမှတ်ရာတွေကို ရှာဖွေမဖတ်ရှုဘဲ သွားပဲသွားနေလို့က တော့ လေ့လာရေးက ထင်သလောက် ခရီးမပေါက်လှပါဘူး။
အခုတော့ ဆရာတော်ကိုပညာ (အမရပူရ)ရဲ့ “တောင်သမန်ဝန်းကျင် သမိုင်းဝင်နေရာများ” ဆိုတဲ့ စာအုပ်မှာ ဖော်ပြထားလို့ တောင် ထားဝယ်ဗိုလ်ရဲ့ အုတ်ဂူအကြောင်းနဲ့ တည်နေရာကို သိရပါပြီ။ ဒီတော့ ထားဝယ်သားဖြစ်တဲ့ ကျွန်တော်က ရတနာပုံခေတ်အတွင်း ထားဝယ်သား (သို့မဟုတ်) ထားဝယ် အဆက်နွယ် မင်းမှုထမ်းတစ်ယောက်ရဲ့ အုတ်ဂူဟာ တောင်သမန်ဝန်းကျင်မှာ ရှိနေတယ် ဆိုတာကို သိလိုက်ရတဲ့အခါ မနေ့က ပဲရောက်ခဲ့သေးတဲ့ တောင်သမန် ဝန်းကျင်ကို အဲဒီတုန်းက ထပ်ပြီးသွား ရပြန်ပါတယ်။

တောင်သမန် အင်းစောင်းမှာ တောင်ထားဝယ်ဗိုလ်ရဲ့ အုတ်ဂူရှိနေခဲ့ တာဟာ သူကွယ်လွန်တဲ့နေရာ အနီးမှာ အုတ်ဂူတည်ထားခဲ့လို့ ဖြစ်ပါတယ်။ တောင်ထားဝယ်ဗိုလ်ဟာ တောင်သမန် အင်းစောင်းက ပုထိုးတော်ကြီးတောင် ဘက် သကျသီဟ ဘုရားပွဲတော်မှာ ကွယ်လွန်ခဲ့တာပါ။ ဘုရားပွဲမှာ မီးရှုး မီးပန်းပူဇော်ပွဲတွေ လုပ်နေတုန်း မီးကျည် မှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ရတာ ဖြစ်ပါ တယ်။ မထင်မှတ်ဘဲ သေဆုံးခဲ့ရတာ ပါပဲ။ တောင်ထားဝယ်ဗိုလ်လေးဟာ မင်းတုန်းမင်းကြီး အားထားရတဲ့ ကိုယ်ရံ တော် အမှုတော်ထမ်းတစ်ယောက်ဖြစ်ခဲ့ပြီး အဝေးမြို့ရွာများကို ထောက်လှမ်းရတဲ့ အဖွဲ့ထဲက အထောက်တော် တစ်ယောက် လည်းဖြစ်တယ်လို့ သိရပါတယ်။ ယောမင်းကြီး ဦးဖိုးလှိုင် ခဏတာမျှ ရာထူးက ချခံထားရပြီး အမရပူရမှာ အကျယ်ချုပ်နဲ့ ထားခံရခြင်းဟာ မင်းတုန်းမင်းကြီးထံ တောင်ထားဝယ် ဗိုလ်က ကုန်းချောပြီး လျှောက်တင်ခဲ့လို့ ဆိုပြီး တချို့သမိုင်းဆရာများက ယူဆ ကြပါတယ်။
ဆရာတော်ကိုပညာရဲ့ စာအုပ်ထဲ မှာ ဖော်ပြထားချက်အရ တောင်ထား ဝယ်ဗိုလ်ရဲ့ အုတ်ဂူဟာ တောင်သမန်အင်း ရဲ့ အနောက်မြောက်ထောင့်က ပုထိုး တော်ကြီးရဲ့ တောင်ဘက် တန်ဆောင်း အနားမှာရှိတယ်လို့ ဆိုပါတယ်။

တကယ် တော့ ပုထိုးတော်ကြီးရဲ့ တောင်ဘက် တန်ဆောင်းဆိုတာ အရင်ကသာရှိခဲ့ပြီး အခုခေတ်လမ်းတွေ ဖောက်လုပ်ထားလို့ ဘာမှ မရှိတော့ပါဘူး။ တောင်ဘက် တန်စောင်းရဲ့ အပိုင်းအစများအဖြစ် တောင်သမန်အင်းအစပ် နားက အုတ်နံရံ အပိုင်းအစများကိုပဲ တွေ့ရတော့တာပါ။ အဲဒီအုတ်နံရံ အပိုင်းအစ အနီးအနား ဝန်းကျင်ဖြစ်တဲ့ တောင်သမန်အင်းရဲ့ အနောက်မြောက် ထောင့်နားမှာတော့ သစ်သား တံတားလေးထိုးထားတဲ့ နတ်ကွန်းလိုလို ဘုရားကျောင်းဆောင် လေးလိုလို အဆောက်အအုံလေးတစ် ခုကို တွေ့ရပါတယ်။ တကယ်တော့ အဲဒါကို အရင်ကလည်း ဒီအရှေ့နားက ဖြတ်သွားရင် တွေ့နေကျပါ။ ဒါပေမယ့် လည်း အဲဒီတုန်းကတော့ နတ်ကိုးကွယ် ယုံကြည်သူတွေ ပသထားတဲ့ နတ်ကွန်း တစ်ခုအဖြစ်ပဲ ထင်ထားမိပါတယ်။ အခုတော့ အဲဒါကိုပဲ တောင်ထားဝယ် ဗိုလ်ရဲ့အုတ်ဂူများ ဖြစ်နေမလားဆိုပြီး အနီးအနားမှာ တွေ့ရတဲ့ ဦးလေးကြီး တစ်ယောက်ကို မေးကြည့်မိပါတယ်။ ကျွန်တော် ထင်သလိုပဲ အဲဒါဟာ တောင် ထားဝယ်ဗိုလ်ရဲ့ အုတ်ဂူဖြစ်ကြောင်း ဒေသခံဖြစ်တဲ့ ဦးလေးကြီးက ပြောပြ ပါတယ်။ အရင်အဆောက်အဦပုံစံက အခုလိုမျိုး မဟုတ်ဘဲ ဘုန်းကြီးပျံ လောင် တိုက်ပုံစံကို အုတ်အင်္ဂတေနဲ့ ဆောက်လုပ် ထားတာဖြစ်ပြီး နောက်ပိုင်း ပျက်စီး သွားလို့ အခုလိုမျိုး ပုံစံနဲ့နှောင်းလူတွေ ပြုပြင် တည်ဆောက်တာဖြစ်ကြောင်း ဦးလေးကြီးက ပြောပြပါသေးတယ် ။

အရင်က တောင်ထားဝယ်ဗိုလ် မီးကျည်မှန်ပြီး သေဆုံးတဲ့နေရာမှာ မာလီတိုင်လို့ခေါ်တဲ့ ကျွန်းတိုင်ကြီး တစ်တိုင်ကို စိုက်ထူထားတယ်လို့ သိရ ပါတယ်။ အုတ်ဂူကိုတော့ မာလီ တိုင်နဲ့ ဝါးခုနစ်ပြန်စာ ဝေးတဲ့နေရာ (လက်ရှိ အုတ်ဂူနေရာ)မှာ ပြုလုပ်ထားတာပါ။ တောင်ထားဝယ်ဗိုလ်ရဲ့ ဇနီးဖြစ်သူက လည်း အုတ်ဂူအနားမှာ သုံးခန်းပတ်လည် အာရုံခံ တန်းဆောင်းကြီး နှစ်ဆောင် ကိုဆောက် လုပ် လှူဒါန်းခဲ့သေးတယ်လို့ သိရပါတယ်။ ဒီလိုဆိုရင်တော့ အရင်က ဒီနေရာမှာ တောင်ထားဝယ်ဗိုလ်ရဲ့ အုတ်ဂူဟာ ထင်ထင်ရှားရှားနဲ့ ခန့်ခန့် ညားညား ရှိနေခဲ့မှာပဲ ယူဆရပါတယ် ။

အခုအချိန်မှာ မြင်တွေ့ရတဲ့ တောင် ထားဝယ်ဗိုလ်ရဲ့ အုတ်ဂူပုံစံက အုတ်ခုံခံ ထားတဲ့ အုတ်ပလ္လင်ပေါ်မှာ ဘုရား ကျောင်းဆောင် သေးသေးလေးကို တင်ထားပါတယ်။ ကျောင်းဆောင် သေးသေးလေးထဲမှာမှ ဆင်းတုတော်သေး သေးလေးတစ်ဆူကို ထားရှိ ပူဇော်ထား တာပါ။ တောင်ထားဝယ်ဗိုလ်ရဲ့ အထိမ်း အမှတ်အုတ်ဂူဟာ တောင်သမန်အင်းရဲ့ အနောက်မြောက် ထောင့်ရေစပ်နားကျ ရောက်နေပြီး ကန်ပတ်လမ်းကနေ သစ် သားတံတားလေးနဲ့ ခံထိုးထားပါတယ်။ ဦးပိန်တံတားကြီးဆီကို တောင်သမန် အင်းရဲ့မြောက်ဘက် ကန်ပတ်လမ်းကနေ သွားမယ်ဆိုရင်တော့ တောင်ထားဝယ် ဗိုလ်ရဲ့ အုတ်ဂူလေးကို လမ်းနဘေးမှာပဲ ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါတယ်။

ဒီနေရာမှာ အလျဉ်းသင့်လို့ တောင် ထားဝယ်ဗိုလ်နဲ့ သူကွပ်ကဲ အုပ်ချုပ်ရတဲ့ တောင်ထားဝယ်စု အမှုထမ်းအဖွဲ့ အကြောင်း လေ့လာမိသလောက်လေးကို ဖော်ပြချင်ပါတယ်။
ဘုရင့်မင်း နေပြည်တော်တွေမှာ တောင်ထားဝယ်ဗိုလ်နဲ့ မြောက်ထားဝယ် ဗိုလ်တို့ကို ခန့်ထားပြီး အမှုထမ်းဆောင် စေခဲ့တာ ဟံသာဝတီ ဆင်ဖြူများရှင် လက်ထက်ကတည်းက စခဲ့တယ်လို့ ဆိုပါတယ်။ သက္ကရာဇ် ၉၂၈ ခုနှစ် နတ် တော်လဆန်း ၅ ရက်နေ့မှာ စတင်တည် တော်မူတဲ့ ဟံသာဝတီရွှေမြို့တော်ကြီးမှာ တံခါးပေါင်း ၂၀ ကို ထည့်သွင်း တည် ဆောက်ခဲ့ပါတယ်။

အဲဒီ တံခါးတွေထဲက တောင်ဘက် မျက်နှာ အနောက်စွန်း တံခါးကို ထားဝယ်မင်းမှုထမ်းများကို တည် ဆောက်စေပြီး အဲဒီတံခါးကိုပဲ ထားဝယ် တံခါးလို့ အမည်မှည့်ခဲ့ပါတယ်။ ဒါ့အပြင် ဟံသာဝတီ ရွှေနန်းတော်ကြီး ထဲမှာလည်း မှန်နန်းဆောင်ရဲ့ အရှေ့ တောင်ယွန်းအရပ်မှာ တောင်ထားဝယ် ဆောင်နဲ့ အနောက်မြောက်ယွန်းအရပ်မှာ မြောက်ထားဝယ်ဆောင်ကို ထည့်သွင်း ဆောက် လုပ်စေခဲ့တယ်လို့ ဆိုပါတယ်။ ဟံသာဝတီခေတ်ကတည်းက အဲဒီလို ထည့်သွင်းဆောက်လုပ်ခဲ့တဲ့ အစဉ်လာ ကိုယူပြီးနောက်ပိုင်း မြန်မာမင်းတို့ရဲ့ ထီးနန်း တည်ဆောက်တဲ့အခါ တိုင်း တောင်ထားဝယ်ဆောင်နဲ့ မြောက် ထားဝယ်ဆောင်တို့ကို မဖြစ်မနေ ထည့် သွင်း တည်ဆောက်ခဲ့တာပါ။ မြန်မာမင်း တို့ရဲ နောက်ဆုံး နန်းတော်ကြီးဖြစ်တဲ့ မန္တလေးက မြနန်းစံကျော်ရွှေနန်းတော် ကြီမှာလည်း ထုံးစံအတိုင်း တောင် ထားဝယ်ဆောင်နဲ့ မြောက်ထားဝယ် ဆောင်တို့ကို ထည့်သွင်း တည်ဆောက် ခဲ့ပါတယ်။

ထားဝယ်နယ်သား မင်းမှုထမ်းတို့ရဲ့ သူကောင်း သားမြေးတို့ကို ရွေးချယ်ပြီး တောင်ထားဝယ်ဆောင်နဲ့ မြောက် ထားဝယ်ဆောင်တို့မှာ နေရာချထားပေး ခဲ့တာဟာလည်း ဟံသာဝတီ ဆင်ဖြူများ ရှင်ရဲ့ လက်ထက်ကတည်းက စတင်ခဲ့ တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ထားဝယ် မင်းမှုထမ်းတို့ စွဲမြဲနေထိုင်ခဲ့တဲ့ အဆောင်တွေကို တောင်ထားဝယ်ဆောင်၊ မြောက်ထားဝယ်ဆောင်ဆိုပြီး အစဉ် အဆက် ခေါ်ဝေါ်လာခဲ့ကြတာပါ။ အလောင်းမင်းတရားရဲ့ စတုတ္ထသားတော် အမရပူရမြို့တည် နန်းတည် ဘိုးတော် မင်း တရားလက်ထက်မှာ ကိုယ်ရံတော် ခြောက်စုကို ဖွဲ့စည်းတော်မူတယ်လို့ ဆိုပါတယ်။ ရွေးချယ်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ တွေကတော့ … တောင်ထားဝယ်ဆောင် မှာ အိပ်ဖန်တက်နေ ထမ်းဆောင်ဖို့ အတွက် တောင်ထားဝယ်စု အမှုထမ်း၊ မြောက်ထားဝယ်ဆောင်မှာ အိပ်ဖန် တက်နေ ထမ်းဆောင်ဖို့အတွက် မြောက် ထားဝယ်စုအမှုထမ်း ၊ မြေနန်း တော်မှာ အိပ်ဖန်တက်နေ ထမ်းရွက်ဖို့ အတွက် မြောက်တစ်ရာ့ငါးဆယ်စု အမှုထမ်း၊ တောင်တစ်ရာငါးဆယ်စု မှုထမ်း၊ မြောက် မာရဘင်အစု အမှုထမ်းနဲ့ ရွှေပြည် မှန်ကင်းအစု အမှုထမ်းစတာတွေ ဖြစ်ပါ တယ်။

တောင်ထားဝယ်စု ကိုယ်ရံတော် အမှုထမ်းဖွဲ့ဖို့အတွက် ကြေးမုံ၊ မုံရွေး၊ နွားထိန်း၊ ရွာပုလဲ၊ ခင်မွန်၊ ရဲထွက်၊ ပုတလင်၊ ဘောက်၊ ကင်းစမ်း၊ ခုံငြင်းဆိပ်၊ အင်တိုင်း၊ အင်းမ၊ မြေနက်၊ ဝက်ခဲနဲ့ ကုံတစ် …. စတဲ့ရွာတွေက အရွယ် ကောင်းပြီး ကျန်းမာသန်စွမ်းတဲ့ သူတွေ ကိုမှ ရွေးချယ်ခေါ်ယူပြီး ဖွဲ့စည်းခဲ့ တာပါ။ ရွေးချယ်ပြီးတဲ့ တောင်ထားဝယ် အမှုထမ်းစုဝင်များရဲ့ လက်ယာဘက် လက်ဖမိုးမှာ ခြေင်္သေ့ရုပ်ထိုးပြီး ဆေး မှတ်စေခဲ့ပါတယ်။
မင်းတုန်း မင်းတရားကြီးနဲ့ သား တော်သီပေါမင်းလက်ထက်တွေမှာ တောင်ထားဝယ်၊ မြောက်ထားဝယ် ကိုယ်ရံတော် အမှုထမ်း အပေါင်းတို့ဟာ ရှင်ဘုရင်နဲ့ အနီးကပ်ဆုံးနေပြီး အမှု တော်ထမ်းဆောင်ခဲ့ကြောင်း သိရပါ တယ်။ တောင်ထားဝယ်စုမှာ အမှု ထမ်း ပေါင်း ၆၇၅ ယောက်ရှိပြီး တစ်ယောက် ကို လစာ ၁၁ ကျပ်ခွဲစီလောက် ရကြတယ်လို့ ဆိုပါတယ်။ အခု တောင် သမန်အင်းစောင်းမှာ တွေ့ရတဲ့ အုတ်ဂူ ပိုင်ရှင် တောင်ထားဝယ်ဗိုလ်ဟာ တောင် ထားဝယ်စု ကိုယ်ရံတော် အမှုထမ်းပေါင်း ၆၇၅ ယောက်ကို ကွပ်ကဲအုပ်ချုပ်ရတဲ့ ထားဝယ်သား သို့မဟုတ် ထားဝယ် အဆက် ဗိုလ်တစ်ယောက်ဖြစ်နိုင်ကြောင်း တချို့ သုတေသီ များက ယူဆကြပါ တယ်။

အကိုးအကား-
၁) တောင်သမန်ဝန်းကျင် သမိုင်းဝင် နေရာများ (ကိုပညာ – အမရပူရ )
၂) ထားဝယ်ဥဒါန်း ( မောင်သန်းဆွေ – ထားဝယ်)