မြေပြို၍ နေအိမ်ဆုံးရှုံးသည့် မိသားစုများအတွက် အိမ်ဆောက်ပေး

0
487

မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြို ကျသဖြင့် နေအိမ်များ ဆုံးရှုံးခဲ့သည့် မိသားစု ၃ စုအတွက် ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ဗိုလ်ရဲလမ်းတွင် အိမ်များ ဆောက်လုပ် ပေးလျက်ရှိကြောင်း အေးရိပ်ငြိမ် ရပ်ကွက်အုပ် ချုပ်ရေးမှူး ထံမှ သိရ သည်။

ကော့သောင်းမြို့နယ် ပိတောက် ရွေဝါရပ်ကွက် မြရည်ပုလဲလမ်းတွင် ဇွန်လ ၁၅ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုသဖြင့် ယင်းသို့ ဆုံးရှုံး ခဲ့ခြင်း ဖြစ်သည်။အဆိုပါ မိသားစုများအတွက် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ရန်ပုံငွေဖြင့် တိုင်းအစိုးရအဖွဲ့မှ မိသားစု တစ်စုအတွက် ကျပ်သိန်း ၃၀ စီ ချထား ပေးသည်ဟု သိရသည်။

အထက်ပါ ရန်ပုံငွေဖြင့် အလျား ၁၈ ပေ ၊ အနံ ၂၀ ပေ အကျယ်ရှိ မြေကွက် ပေါ်တွင် သွပ်မိုးအုတ်ကာ တစ်ထပ် အဆောက်အုံး တစ်လုံးစီကို မိသားစု ၃စု အတွက် ဆောက်လုပ် လျက်ရှိသည်ဟု အထက်ပါ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။
“ဝါဆိုလပြည့်မတိုင်ခင် ဇူလိုင်လ ၃၀ ရက်နေ့ ပြောင်းရွေ့ နေလို့ရအောင် အမြန်ဆုံး ဆောက်နေပါတယ်။ အခု ၅၀ ရာခိုင်နှုန်းလောက်ပြီးနေပြီ”ဟု ၎င်းက ဆိုသည်။
နေအိမ်ဆောက်လုပ်ထားသည့် မြေနေရာကို မြို့နယ်အုပ်ချုပ်ရေးက စီစဉ် ပေးပြီး မြေကိုလည်း ပုံစံ ၁၀၅ ထုတ်ပေး ထားသည်ဟု သိရသည်။