ဘာလို့ သင်္ဘောအော်သံမြည်တာလဲ

0
678

ဇူလိုင်လ ၁၉ ရက်နေ့၊ ၂၀၁၅ ခုနှစ်။
မိုးတွေကလည်း အရမ်းရွာ၊ ရွာတာ မှ တစ်နေ့လုံးပါပဲ။
မိုးရာသီမို့ မိုးရွာတာ မဆန်းပေမယ့် ဒီကနေ့ ရွာလိုက်တဲ့ မိုးကတော့ တမင် အငြိုးနဲ့ ရွာနေသလို။ အဲလို မိုးသည်း သည်းထဲမှာ ဇွဲမာန် စိတ်ဓာတ်အပြည့်နဲ့ ချီတက်နေတဲ့ လူအုပ်ကြီးကိုတွေ့တော့ စိတ်ထဲ လေးစားမိပါတယ်။

လူကြီးတွေရော အဖိုးအဖွားတွေရော ကလေးတွေပါ မိုးရွာကြီးထဲ လမ်းလျှောက် နေတာ ဘာဖြစ်လို့ပါလိမ့်။ တချို့မှာ မိုး ကာတွေ ထီးတွေပါပေမယ့် တချို့ဆို ဘာမှမပါ။ တာဝန်အရလုပ်တဲ့ အမူအယာ မျိုးမဟုတ်ဘဲ ဒီလိုလုပ်ရတာကို ဂုဏ်ယူ နေတဲ့ အရိပ်တွေသူတို့ မျက်နှာမှာ ပေါ်လွင် နေပါတယ်။
ဟုတ်ပါတယ်။

ဒီနေ့မှာ မြန်မာတစ်နိုင်ငံလုံး စိတ် သောကရောက် ဝမ်းနည်းခဲ့ရတဲ့နေ့၊ အာဇာနည်ခေါင်းဆောင်များကို မသမာ သူ လူတစ်စုက အကြံပက်စက်စွာနဲ့ လုပ် ကြံခဲ့တဲ့ နေ့တစ်နေ့ပါပဲ။ ၆၈ နှစ် ကြာခဲ့ ပြီဖြစ်သော်လည်း မြန်မာ တစ်မျိုးသား လုံး ဒီနေ့ထက်ထိ မမေ့ကြသေးပါဘူး။
အာဇာနည်နေ့ ချီတက်အလေးပြုတဲ့ အခမ်းအနားကနေအပြန် ရပ်ကွက်ထဲ ရောက်တော့ ကလေးတစ်သိုက်က ဒီနေ့ သင်္ဘောဥဩသံလိုမျိုးတွေ ဆိုင်ကယ်က ဟွန်းသံတွေ ဘာလို့ တီးနေကြတာလဲတဲ့။
r-zar-ni-day
အဲလို ကြုံလိုက်ရတော့ စိတ်ထဲ ဘဝင်မကျဖြစ်မိသလို စိုးရိမ်မှုလည်း ဖြစ်မိပါတယ်။ ဒါပေမယ့် ကလေးတွေကို သေသေချာချာ ရှင်းပြခဲ့တယ်။ ဒီကနေ့ ဟာ သားတို့ နိုင်ငံရဲ့ လေးစားရတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို လူဆိုးတွေက လုပ်ကြံသတ်ဖြတ်ခဲ့လို့ သေဆုံးသွားတဲ့နေ့။ ဒါကြောင့် ဝမ်းနည်း လွန်းလို့ နှစ်စဉ်နှစ်တိုင်း အခုလိုအချိန်မှာ ချီတက်အလေးပြုတာတွေ လုပ်ပြီး အာ ဇာနည် ခေါင်းဆောင်ကြီးတွေ လုပ်ကြံ ခံရတဲ့ ၁၀ နာရီ ၃၇ မိနစ်မှာ ဥဩသံ အချက်ပေးပြီး အသိအမှတ်ပြုတာလို့ ရှင်းပြလိုက်တော့ ကလေးတွေ ကျေနပ် သွားကြတာ။

ဘာကြောင့်များ ဒီလို မေးခွန်းတွေ ကို ကလေးတွေ မေးကြတာပါလိမ့်လို့ တွေးမိတော့ ကျွန်တော်တို့ ငယ်ငယ်ကဆို ကျောင်းသင်ခန်းစာတွေမှာ ဗိုလ်ချုပ်နဲ့ အာဇာနည် ခေါင်းဆောင်များရဲ့ အတ္ထု ပတ္တိကို အကျယ်တဝင့်ဖော်ပြပြီး စာမေး ပွဲ မေးခွန်းတွေမှာလည်း ထည့်မေးခဲ့ ကတယ်။ ပြီးတော့ ဒီလိုနေ့မျိုး ရောက်ပြီ ဆိုရင် အာဇာနည်နေ့ အခမ်းအနားတွေ၊ ဟောပြောပွဲတွေကို စာသင်ကျောင်းတိုင်း မှာ ဆရာ၊ ဆရာမတွေက ဟောပြောရှင်း ပြကြတာကို လေးလေးနက်နက် ပြုလုပ် ကြပါတယ်။

လူငယ်ဆိုတာ နောက်တစ်ခေတ်ရဲ့ ခေါင်းဆောင်တွေ ဖြစ်လာမယ့် မျိုးဆက် သစ်တွေပါ။ သမိုင်းကြောင်းဆိုတာကလဲ ဖျောက်ဖျက်လို့ မကောင်းသလို မေ့ပစ်ဖို့ မသင့်တဲ့ အရာတွေပါ။ သမိုင်းတွေကို လက်ဆင့်ကမ်းတာဟာ အမုန်းတွေကို လက်ဆင့်ကမ်းဖို့မဟုတ်ဘဲ သင်ခန်းစာ ယူစရာတွေကို လက်ဆင့်ကမ်းဖို့ ဖြစ်ပါ တယ်။ အဲလို လူငယ်တွေကို လက်ဆင့် ကမ်းပေးရမှာကလည်း ရှေ့လူတွေရဲ့ တာဝန်ပါပဲ။
အခုတော့ အဲလို မဟုတ်။

သတိထားမိသလောက်ဆိုရင် ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ အတ္ထုပ္ပတ္တိဟာ မျိုးဆက်သစ် လူငယ်တွေရဲ့ အတွေးထဲ မှာ တဖြည်းဖြည်း မှေးမှိန်လာကြပါတယ်။ ဒါတွေက မဖြစ်သင့်တဲ့ အကြောင်း တရားတွေပါ။ သမိုင်းအမှန်တွေကို သိထားမှသာလျှင် နောင်တစ်ချိန် တိုင်း ပြည်တာဝန်ကို ယူကြတဲ့အခါ၊ နိုင်ငံတ ကာနဲ့ ရင်ဘောင်တန်း အလုပ်လုပ်ကြ တဲ့အခါ အဆင်ပြေချောမွေ့မှာ ဖြစ်ပါ တယ်။
ကျောင်းသင်ခန်းစာတွေမှာ သမိုင်း ဆိုတဲ့ ဘာသာရပ်ကို ထည့်သွင်းခဲ့ကြ သည်က မြန်မာတစ်နိုင်ငံတည်း မဟုတ်ပါ ဘူး။ နိုင်ငံတိုင်းမှာ ရှိပါတယ်၊ တိုးတက် သည့် နိုင်ငံရော မတိုးတက်တဲ့ နိုင်ငံရော သမိုင်းဘာသာရပ်ကို ပါအောင်ထည့် သွင်း သင်ကြားကြပါတယ်။
တခြားမကြည့်ပါနဲ့ အနီးဆုံး အိမ်နီး ချင်း နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာဆို အယုဒ္ဓယ မြို့ဟောင်းဆိုတာ အခုထိ ရှိနေတုန်းပါ။ နိုင်ငံခြားသားတွေ ဝင်လေ့လာရင် ဝင်ကြေး ပေးပြီး ကြည့်ရှု လေ့လာရပါတယ်။ အထဲမှာ ဘာရှိသလဲဆိုတော့ ခေတ်မီ အဆောက်အဦတွေ ထူးဆန်းတဲ့အရာ တွေတစ်ခုမှ မရှိပါဘူး။ တစ်ချိန်က သူတို့ တိုင်းပြည် ကျဆုံးခံရတဲ့ ဖျက်ဆီးခံခဲ့ရတဲ့ အချိန်ကကျန်ခဲ့တဲ့ အပျက်အစီး အပိုင်း အစတွေပဲ ရှိပါ တယ်။ ဒါကိုပဲ ရှက်စရာ လို့ မတွေးဘဲ ဘ၀မမေ့အောင်နောင်လာ နောင်သားတွေ သိအောင် ချိန်ထားခဲ့ ထိန်းသိမ်းထားခဲ့တာဖြစ်ပြီး ကျောင်းသင် ရိုးထဲမှာတောင် မပါမဖြစ် ထည့်သွင်းသင် ကြားရမယ်လို့ ဥပဒေ ထုတ်ပြန်ထားပါ သေးတယ်။

ဒါဆို ကျွန်တော်တို့ နိုင်ငံကို တိုင်းတစ်ပါးသားတွေရဲ့ ကျူးကျော်ရန်စ စော်ကားမှု ခံနေရတဲ့ အခြေအနေကနေ ပြန်လည် ကယ်တင်ခဲ့တဲ့၊ တနည်းအား ဖြင့် သူ့ကျွန်ဘ၀က လွတ်မြောက်အောင် လုပ်ပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေရဲ့ သမိုင်း ကို ဘာလို့ မှေးမှိန်အောင် လုပ်ရမှာလဲ။
ကျောင်းသင်ခန်းစာတွေမှာ အထူး ပြု ဘာသာရပ်အနေနဲ့တောင် သင်ကြား ပေးသင့်တယ်လို့ ထင်ပါတယ်။ ဒီနှစ်မှာ လည်း အစိုးရကနှစ်စဉ်နှစ်တိုင်း လုပ်နေ ကြအတိုင်း အာဇာနည်း ဗိမ္မာန်မှာ လွမ်း သူ့ ပန်းခွေချ၊ အလေးပြုတာ ပုံမုန်လုပ် တာ တွေ့ရပါတယ်။ ဒါပေမယ့် အောက်ခြေ အဆင့် ဌာနဆိုင်ရာတွေ ကျောင်းတွေ၊ ကျောင်းသူ ကျောင်းသား တွေကို အဲလို လုပ်ဖို့ တိုက်တွန်းတာမျိုးကို မတွေ့ရ သေးပါဘူး။
အာဇာနည်နေ့ကို သာမန် ရုံးပိတ် ရက်၊ ကျောင်းပိတ်ရက်လို ထင်နေကြတဲ့ အတွက် စိတ်မကောင်း ဖြစ်မိပါတယ်။ နိုင်ငံရေးပါ တီတွေထဲကတောင် ယခုလို နေ့ထူးနေ့မြတ်ဖြစ်တဲ့ အာဇာနည်နေ့မှာ ပါတီတိုင်း ချီတက် အလေးပြုကြတာကို မတွေ့ရပါ။

အာဇာနည်နေ့ဆိုတာ နိုင်ငံသား တိုင်းနဲ့ သက်ဆိုင်တာပါ။ အဖွဲ့အစည်း တစ်ခု လူတစ်ဦးတစ်ယောက်က အပိုင် ယူထားတဲ့ နေ့ရက်မဟုတ်ပါဘူး။
ထိုင်းဘုရင် မွေးနေ့မှာ ဘုရင်စနစ် ကို ဆန့်ကျင်သူတွေမှအပ အစိုးရကို ကြိုက်သူရော မကြိုက်သူတွေပါ တညီ တညွတ်တည်း ဘုရင်အတွက် ဆုတောင်း ပွဲတွေ လုပ်ကြပါတယ်။ ဆန္ဒပြတာတွေ ရှိရင်လည်း အဲဒီနေ့မှာ ရပ်နားထားပါ တယ်။ ဒါဟာ သူတို့ နိုင်ငံရဲ့ အတုယူစရာ စိတ်ဓာတ်တစ်ခုလို့ ဆိုရမှာပါ။
အကန့်တွေခွဲခြားမြင်တတ် ကြတယ် လို့ ဆိုရမှာပါ။ ကျွန်တော်တို့ နိုင်ငံမှာ လည်း အဲလိုခံယူကြမယ် အကန့်တွေ ခွဲခြားမြင်တတ်ကြမယ်ဆိုရင် ဒီလို အာဇာ နည်နေ့လို နေ့မျိုးမှာ နိုင်ငံ သားအားလုံး၊ အဖွဲ့အစည်းအားလုံး တစိတ်တည်း တဝမ်း တည်းတညီ တညွတ်တည်းဂါရ၀ပြုကြ မယ်ဆိုရင် ဂုဏ်ယူစရာလည်းကောင်း နိုင်ငံတကာကလည်း ပိုပြီးလေးစားကြ မယ် ထင်ပါတယ်။
အခုတော့ အခြေအနေက အဲလို မဟုတ်။

၉ နှစ်သား ကလေးတစ်ယောက်က “ဦး အာဇာနည်က သီချင်းဆိုတာ၊ ဘာလို့ သေသွားတာလဲ”တဲ့။ တခါတခါကျတော့ ရင်နာနာနဲ့ စိတ်ရှည်ရှည်ထား ရှင်းပြရ ပါတယ်။

ကလေးပြောတဲ့ အာဇာနည်ဆိုတာက Rဇာနည် အဆိုတော်၊ လူနာမည်၊ အခု တီဗွီထဲမှာ အလေးပြုနေကြတာက အများ အကျိုးအတွက်လုပ်တဲ့ နိုင်ငံ့ခေါင်းဆောင် တွေ လုပ်ကြံခံရပြီး သေဆုံးသွားလို့၊ အဲလို အများအကျိုးအတွက် လုပ်ရင်း အသက်ပေးလိုက်ရလို့ အာဇာနည် ပုဂ္ဂိုလ် လို့တင်စားတာဆိုတဲ့ အကြောင်း သဘော ပေါက်အောင် တတ်သလောက် မှတ်သ လောက် ရှင်းပြရပါတယ်။ အဲလိုရှင်းပြ တော့ သိပ်မရှင်းသေးပေမယ့် ခွဲခြားပြီး တော့ မြင်သွားတာကိုတော့ တွေ့ရပါ တယ်။
အဲလိုကလေးတွေ ဘယ်လောက်များ များနေမလဲ။

ဒါတွေဟာ တာဝန်ရှိသူတွေရော မိဘတွေရော ဆရာဆရာမတွေပါ အ လေးအနက် စဉ်းစားဖို့ လိုပါတယ်။ အာဃာတတွေ ပုဂ္ဂိုလ်ရေးတွေ မပါဘဲ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ကြဖို့ လိုနေပါပြီ။

အနည်းဆုံးတော့ လူငယ်တွေရဲ့ ရင်ထဲမှာ ၁ဝး၃၇မိနစ်မှာ ဆွဲတဲ့ ဥဩသံ၊ ဟွန်းတီးသံဆိုတာ ငါတို့နိုင်ငံရဲ့ လွတ် လပ်ရေးကို ငါတို့ အားလုံးအတွက် အသက်ပေးပြီး ရယူခဲ့ကြတဲ့ အာဇာနည် ပုဂ္ဂိုလ်များအတွက် ဝမ်းနည်းလွန်း စိတ် မကောင်းဖြစ်လွန်းလို့ အသိအမှတ်ပြု ဂါရ၀ပြုသော အသံဆိုတာကို ရှင်းရှင်း လင်းလင်း သိဖို့လိုနေပါပြီ။ လုပ်ဖို့လည်း လိုနေပါပြီ။ လုပ်ကြပါလို့လည်း ဆန္ဒ ပြုပါတယ်။