ပင်ထောင်တစ်လုံးမှ ရိုက်မရရင် တစ်လုံးမှ သစ်မထုတ်ပါဘူး

0
515

တနင်္သာရီတိုင်းဒေသကြီး ထားဝယ် ခရိုင်အတွင်း ယခုနှစ်တွင် သစ် တော ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းအရ သတ်မှတ်ထားသော အပင်များကိုသာ ခုတ်လဲခွင့်ပြုမည်ဖြစ်ကြောင်း ထားဝယ် ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးတင့်က ပြောကြား သည်။

ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ မြို့နယ်တို့ရှိ သစ်ထုတ် လုပ်ကွက်များ၌ သစ်ခုတ်နိုင်ရန်အတွက် ဩဂုတ်နှင့် စက်တင်ဘာလတို့တွင် အပင်များအား တံဆိပ်ရိုက် (ပင်ထောင်ရိုက်)နိုင်ရန် သစ်တောဝန်ထမ်းများ ကွင်းဆင်းမည် ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးတင့်က ပြောသည်။

လုံခြုံရေးအရ အဆင်ပြေသည့် နေရာများတွင်သာ ပင်ထောင်ရိုက်မည်ဟု အထက်ပါ လက်ထောက် ညွှန်ကြားရေး မှူးက ပြောသည်။
“ဒီနှစ်မှာ ဝင်လို့မရတဲ့ ဒေသတွေ မှာ လုံးဝ သစ်မထုတ်ဘူး၊ ပင်ထောင် တစ်လုံးမှ ရိုက်မရရင် တစ်လုံးမှ သစ် မထုတ်ပါဘူး”ဟု ဦးစိုးတင့်က ဆို သည်။
ယခင်နှစ်များက ပင်ထောင် မရိုက် နိုင်သော်လည်း သစ်ထုတ်ခွင့်ပေးခဲ့ သည်ဟု ၎င်းက ပြောသည်။
thit-dawei
ယခုနှစ်တွင် ထားဝယ်မြို့နယ်၊ ၀ကုန်းကျေးရွာရှိ သစ်ထုတ်လုပ်ကွက်၊ မေတ္တာမြို့နယ်ရှိ သစ်ထုတ်လုပ်ကွက်၊ ရေဖြူမြို့နယ်၊ ထန်းတလုံး သစ်ထုတ်လုပ် ကွက်နှင့် သရက်ချောင်းမြို့နယ် မင်းသား နှင့် ပဝုတ်စသော သစ်ထုတ်လုပ်ကွက် များတွင် သစ်ထုတ်ခွင့်ရရှိနိုင်ရန် တင်ပြ ထားပြီး ထားဝယ်ဒေသတွင် သစ်တန် ၅၀၀၀ ထုတ်ရန် လျာထားကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

“ပြောတဲ့အတိုင်း ထိထိရောက် ရောက် စနစ်တကျ ထုတ်ရင်တော့ ကောင်းပါတယ်” ဟု ထားဝယ်လူငယ် မိတ်သဟာရအဖွဲ့မှ ဦးဘိုဘိုအောင်က ပြောသည်။
ထားဝယ် လူငယ် မိတ်သဟာရအဖွဲ့ သည် ထားဝယ်ဒေသအတွင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ကို အခြား လူမှုအဖွဲ့ အစည်းများနှင့်အတူ လုပ်ကိုင်လျက်ရှိသော အဖွဲ့တစ်ဖွဲ့ ဖြစ် သည်။

ပင်ထောင်ရိုက်သည့်အခါ သစ်တော ဝန်ထမ်းများ တောထဲတွင် လနှင့် ချီ နေရသည့်အတွက် လုံခြုံရေးအနေ အထားအရ ယခင်က ပင်ထောင် မရိုက်ခြင်းဖြစ်သည်ဟု သိရသည်။ ပင်ထောင်ရိုက်ခြင်းဖြင့် ခုတ်ယူသည့် သစ်များကို အသေးစိတ် စစ်ဆေးနိုင်ပြီး ပင်ထောင်မရိုက်ပါက သစ်များကို မည်သည့်လုပ်ကွက်က ခုတ်ခဲ့သည်၊ မည်သည့်နေရာမှ ယူလာ သည်ကို မစစ်ဆေးနိုင်ဟု သိရသည်။

ပင်ထောင်ရိုက်ရန်အတွက် သစ် ထုတ်ခွင့်ပြုသည့် အပင်ဖြစ်မဖြစ်နှင့် သတ်မှတ် လုံးပတ် ရှိမရှိ စသည့်အချက် များဖြင့် စိစစ်သည်ဟု သိရသည်။
ပြီးခဲ့သည့်နှစ်က သစ်တောဦးစီး ဌာနက ထားဝယ်မြို့နယ်နှင့် သရက် ချောင်းမြို့နယ်တို့တွင် သစ်တန် ၅၀၀၀ ထုတ်ရန် လျာထား သော်လည်း မေတ္တာ မြို့နယ် သစ်ထုတ်လုပ်ကွက်နှင့် သရက် ချောင်း မြို့နယ်ရှိ မင်းသား၊ ပဝုတ်၊ စော်ဖျား၊ မယ်ကဲ ကျေးရွာတို့ရှိ သစ်လုပ် ကွက်များမှ သစ်တန် ၂၀၀၀ ကျော်သာ ထုတ်နိုင်ခဲ့သည်ဟု အထက်ပါ သစ်တော ဦးစီးဌာန၏ မှတ်တမ်းအရ သိရသည်။

ပင်ထောင် ရိုက်မထားသည့် အပင် များကို ခုတ်လှဲပါက သစ်တော ဥပဒေ ပုဒ်မ ၄၃(က) အရ အရေးယူမည်ဟု အထက်ပါ လက်ထောက်ညွှန်ကြား ရေး မှူး ဦးစိုးတင့်က ပြောသည်။