တန်ပိုယာဉ်များကြောင့် လမ်းပျက်

0
480

ကော့သောင်းမြို့နယ်၊ ရွှေဇင်ယော် ရပ်ကွက်နှင့် အေးရိပ်ငြိမ်ရပ်ကွက် ကြားရှိ တော်ဝင် ဆိပ်ခံဘောတံတား သွားသည့် မြေနီလမ်းသည် တန်ပိုယာဉ်များကြောင့် ပျက်စီးလျက်ရှိကြောင်း ယင်းလမ်းအတွင်း နေထိုင်သူများထံမှ သိရသည်။

ယင်းလမ်းမှတဆင့် တော်ဝင်ဆိပ်ခံ ဘောတံတားသို့ ကုန်တင်ကားများ၊ ဆယ်ဘီးတပ်ယာဉ်များ၊ မြေသည်ကား၊ သစ်ကားစသည့် တန်ပိုကားကြီးများ နေ့စဉ် အဝင်အထွက် ဖြတ်သန်းမောင်းနှင် လျက်ရှိသည့်အတွက် မိုးရာသီတွင် လမ်းပျက်စီးမှု နှစ်တိုင်းကြုံရသည်ဟု ၎င်းတို့က ပြောသည်။
မြေသားလမ်း ဖြစ်သည့်အတွက် မိုးရာသီရောက်သည့်အခါ ကားဘီး လမ်းကြောင်းရာများအတွင်း ရေဝပ်ကာ ဗွက်ထလမ်းပျက်သဖြင့် လမ်းသွားလမ်း လာများနှင့် ယာဉ်ငယ်များ ဖြတ်သန်း သွား၍မရတော့ဟု သိရသည်။
road-shwezinyaw
ယင်းသို့ အခက်အခဲ ဖြစ်နေသည် ကို ရပ်ကွက် အုပ်ချုပ်ရေးဘက်မှ သိသော် လည်း ကားများကို တစ်စုံတရာ တားမြစ် ပေးခြင်း၊ လမ်းပြုပြင်ပေးခြင်းလည်း မရှိ ဟု ယင်းလမ်းနေ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။” လမ်းက ဗွက်ထနေတော့ ဆိုင်ကယ် တွေ လူတွေက လမ်းအတိုင်း သွားလို့ မရလို့ ရှောင်ကွင်း သွားနေရတယ်” ဟု ယင်းလမ်းတွင် နေထိုင်သူတစ်ဦးက ဆို သည်။

ယင်းလမ်းကို ပြင်မရ ဖြစ်နေသည် မှာ အစိုးရ ရန်ပုံငွေနှင့် လမ်းပြင် စရိတ် မကျခြင်းကြောင့် ဖြစ်ပြီး ပြင်ဆင်စရိတ် မကျသည် ကလည်း ယင်းရပ်ကွက်တွင် ဆောက်လုပ်နေသည့် အိမ်ယာမြေ စီမံကိန်းကို တာဝန်ယူထားသူများက စီမံကိန်း မအပ်သေးသည့်အတွက်ဟု ရွှေဇင်ယော်ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောသည်။

စီမံကိန်း မအပ်နှံနိုင်သေးသည် မှာ ယင်းရပ်ကွက်ရှိ ရေမြောင်းနှင့် လမ်းတချို့ ပြုပြင်ရန် ကျန်နေခြင်းကြောင့်ဟု အမိ မြေအိမ်ယာစီမံကိန်းတာဝန်ခံ ဦးတင်မြင့် က ဆိုသည်။အဆိုပါ ရပ်ကွက် အကျယ်ဝန်း မှာ ၃၈ ဧက ရှိပြီး အိမ်ယာ မြေကွက် ၄၃၂ ကွက်နှင့် လမ်းသွယ် စုစုပေါင်း လမ်း ၆ လမ်းကို ၁၉၉၇ ခုနှစ်တွင် အမိမြေ အိမ်ယာစီမံကိန်းမှ တာဝန်ယူ ဆောင်ရွက် ခဲ့ပြီး ယနေ့အထိ စီမံကိန်းမအပ်နိုင်သေး ပေ။