ထောင့်ကွယ် မြို့ဟောင်း

0
988

ဆရာကြီး ထားဝယ်ကျော်မင်းက ထားဝယ်ဆိုတဲ့ အမည်ကို ဒီလိုပြောင်း လာတယ်လို့ ဆိုတယ်။

(၁) မြို့ပတ်လည်က အရပ် ၈ မျက် နှာမှာ တောင်တွေ ဝိုင်းနေလို့ သက်ကြီး စကားအရ တောင်ဝိုင်းလို့ ခေါ်ရာကနေ ထားဝယ် ဖြစ်လာတယ်။

(၂) ဘုရင့်နောင် မင်းလက်ထက်မှာ ထားဝယ် ဒေသကနေ ဒါးတွေဝယ်တယ်၊ ဒါကြောင့် ဒါးဝယ်ကနေ ထားဝယ်ဖြစ် လာတယ်။

(၃) ပုဂံက နရပတိစည်သူမင်းဟာ တနင်္သာရီကို တိုက်ခိုက်ပြီးအပြန် ထား ဝယ်ကျွန်းဆွယ် အနောက်ဘက် ပင်လယ် ကမ်းခြေမှာ ခေတ္တဝင်နေပြီး ထောင့်ကွယ် ဆိုတဲ့မြို့ကို တည်ခဲ့တယ်။ ဒီထောင့်ကွယ် ကနေ ထားဝယ်ဖြစ်တယ်။

(၄) ယိုးဒယားလို ကြိမ်တွေ အရောင်း အဝယ်လုပ်တဲ့ ဆိပ်ကမ်းကို တာဝိုင်းလို့ ခေါ်တယ်။ ဒီတာဝိုင်းကနေ ထားဝယ် ဖြစ်တယ်။

(၅) ရှင်ဇံမင်းက သူရရှိတဲ့ ဓာတ် တော်တွေကို စေတီတည်တဲ့အခါ ဓာတ် တော်တွေ ကောင်းကင်မှာ ကွန့်မြူး ပျံဝဲ ပါတယ်။ ဒါကြောင့် ဓာတ်ဝဲလို့ ခေါ်ဆိုရာ ကနေ ထားဝယ် ဖြစ်လာတယ်။

(၆) မြတ်စွာဘုရားရှင် (၁၁) ဝါ မြောက်မှာ ကနန်းတောင်ကို ကြွတော်မူ တယ်။ ဒီအခါ ထက်ဝယ်ဖွဲ့ခွေ ထိုင်တော် မူ ဖူးတယ်။ ဒီလို ထိုင်တော်မူတာကို မွန် တွေက ထဝှိုင်းလို့ ခေါ်တယ်။ ဒီထဝှိုင်း ကနေ ထားဝယ်ဖြစ်တယ်လို့ ဆိုတယ်။ ဒီအဆိုတွေကို လေ့လာဆန်းစစ်ဖို့အတွက် ဘာသာဗေဒဆိုင်ရာ ပညာရှင်တွေ၊ လေ့ လာသူတွေ လိုအပ်ပါတယ်။

အထက် ဖော်ပြပါ အဆိုတွေထဲက အမှတ်စဉ် (၃)ဖြစ်တဲ့ ထောင့်ကွယ်မြို့ ဟောင်းကို ကျွန်တော်က စိတ်ဝင်စားပါ တယ်။ ဆရာကြီး ထားဝယ်ကျော်မင်း ရေးသားခဲ့တဲ့ ထားဝယ် အမြုတေ စာအုပ် စာမျက်နှာ ၁၀မှာ မြို့ဟောင်း အမှတ်စဉ် (၁၂) ကောဇာသက္ကရာဇ် ၅၆၆ ခုနှစ်တွင် ပုဂံပြည့်ရှင် အလောင်းစည်သူ၏မြေး နရပတိစည်သူမင်းသည် ထားဝယ် ကျွန်း ဆွယ်အငူနှင့် ခရီးအသင့်အတင့်ကွာ အနောက်ဘက် ပင်လယ်ကမ်းတစ်နေရာ တွင် ထောင့်ကွယ် မြို့ဟောင်းတည်ထား ခဲ့သည်။ ဤနေရာတွင် ယခုအခါ မြို့ရွာ မရှိ မြို့ဟောင်း ရာသာရှိသည်လို့ ဖော်ပြထားပါတယ်။ ကောဇာသက္ကရာဇ် ၅၆၆ ခုဆိုရင် ခရစ်နှစ်အရ ၁၁၀၄ခု ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀ ကျော် ဖြစ် တယ်။

၂၀၀၃ ခုနှစ်မှာ ပထမဆုံးအကြိမ် ကွင်းဆင်း လေ့လာပါတယ်။ ထားဝယ် ကျွန်းဆွယ် အနောက်ဘက် ပင်လယ် ကမ်းခြေ တစ်နေရာလို့ ညွှန်းတယ်။ အခု မြို့ရွာမရှိဘူးလို့လည်းဆိုလို့ ကျောက်နီ မော်အထိ ကားနဲ့သွားပြီး ရှင်မော်အထိ လမ်းလျှောက် လေ့လာပါတယ်။ ကံကောင်း ချင်တော့ ကြက်လွှတ် ရွာသား ရှင်မော် ဘုရား ဂေါပကအဖွဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဦးစိုးမောင်ရဲ့ ရှင်းပြမှုကို ကြားခဲ့ရတယ်။ ထောင့်ကွယ် မြို့ဟောင်း အမည်နဲ့ (၃)နေရာရှိတယ်လို့ ကြားဖူးကြောင်း၊ ယခု(၁) ကြက်လွှတ်ကျေးရွာ၊ (၂) မြင်းခွာအော်နဲ့ (၃) ဝဲမကိုက် (ဆင်ထောက်) ကျေးရွာတွေ ဖြစ်ကြောင်း၊ ကြက်လွှတ် ကျေးရွာမှာ အထောက်အထား မတွေ့ရပေမယ့် အနောက်ဘက် ပင်လယ်ကမ်းဖြစ်တဲ့ မြင်းခွာအော်နေရာတွင် အိုးကွဲတွေ ရဖူး ကြောင်း၊ ဝဲမကိုက်ကို သွားသင့်ကြောင်း ပြောပြပါတယ်။

လူမစွမ်း နတ်မဆိုသလိုဘဲ တိုက် တိုက် ဆိုင်ဆိုင် ညောပြင်ကျေးရွာက တပည့်တွေ ရှင်မော်ကို ဘုရားလာဖူးကြ တယ်။ စကားစပ်မိတာနဲ့ ဝဲမကိုက် လိုက် ပို့ပေးမယ် ပြောတယ်။ ဒါနဲ့ သူတို့လာတဲ့ လှေနဲ့ အောက်ကျောက်ဝပ်ကို လိုက်ခဲ့ တယ်။ ဒီကမှ ညောပြင်မှာ တစ်ည အိပ်ပြီး နောက်နေ့ ညောဗျင် အော်ကို လှေနဲ့ ၄၅ မိနစ်လောက် ဖြတ်ပြီးတဲ့အခါ ဒရောကမ်း လို့ ဒေသခံတွေခေါ်တဲ့ အလွန်လှတဲ့ ကမ်း ခြေကို ရောက်ပါတယ်။ ကမ်းခြေ သဲမြေ ကို ၅ မိနစ်လောက်ဖြတ်ပြီးတာနဲ့ မြို့ ဟောင်းထဲကို ရောက်ပါတယ်။ နန်းဦး တောင်၊ ကျောင်းတောင်၊ ပိဋကတ်တောင်၊ ဆင်ဖြူရုံတွေရှိပြီး ဒီနေရာတွေကို ဆား ကျောက်လို့ခေါ်တဲ့ ရေကျောက် အဝိုင်း လေးတွေနဲ့ လမ်းလုပ်ပြီးဆက်သွယ်ထားပါတယ်။

မြို့ဟောင်း ရဲ့အရှေ့ဘက်မှာရှိတဲ့ နန်းတောင်ဟာ ပေ၃၀၀လောက်မြင့်ပြီး တောင်ထိပ်မှာ စေတီတစ်ဆူနဲ့ ကျောက် ရေတွင်းရှိပါတယ်။ စေတီကို လွန်ခဲ့တဲ့ နှစ် ၂၀လောက်က ပြန်လည်တည်ထားပြီး အမျိုးသမီးရင်သားပုံလို့ ဒေသခံတွေ ခေါ်တဲ့ ရှေးစေတီပုံကို တွေ့ရတယ်။ စေတီအနီးမှာ ရေတွင်းတစ်တွင်း တွေ့ရ ပြီး အပ်ချည်လုံးတစ် လုံးကုန်တဲ့အထိ အောက်မရောက်ဘူးလို့ ဒေသခံတွေက ဆိုတယ်။

ဒီနန်းတောင်ကနေ အနောက်ဘက် တည့်တည့်မှာ ကျောင်းတောင်နဲ့ပိဋကတ် တောင်ရှိတယ်။ ပေ ၂၀၀၀ ကျော် ရှည် ပြီး ပျမ်းမျှအကျယ် ၁၀ ပေ၊ အမြင့် ၅ ပေရှိတဲ့ ကျောက်စီလမ်းလုပ်ထားတယ်။ ကျောင်းတောင်ဆိုတာ ဆရာတော် နေ ထိုင်ရာဖြစ်ပြီး ပိဋကတ်တောင်ဆိုတယ် ပိဋကတ် ၃ ပုံထားရှိရာနေရာလို့ ဆိုတယ်။ ဒီနန်းတောင်၊ ကျောင်းတောင်နဲ့ ပိဋကတ် တောင်အခြေတွေမှာ ဒီနေ့အထိ အသုံးပြု နေဆဲ ရေချိုတွင်းတွေရှိနေတယ်။

နန်းတောင်ကနေ ကျောက်စီလမ်း အတိုင်း ပေ ၁၇၀၀ ကျော်လောက်သွားခဲ့ရင် မြောက်ဘက်ကို ချိုးသွားတဲ့ ကျောက်စီ လမ်း ၁ လမ်းရှိပါသေးတယ်။ ပေ ၅၀၀ လောက်သွားပြီးရင် ပေ ၁၀၀ အချင်းရှိပြီး မြက်ပင်ကလွဲလို့ ဘာအပင်ကြီးမှ မပေါက် တဲ့ မြေဝိုင်းတစ်နေရာရှိပါတယ်။ ဒီနေရာ ကို ဒေသခံတွေက ဆင်ဖြူရုံ လို့ဆိုတယ်။ လွန်ခဲ့တဲ့နှစ် ၅၀ လောက်က သစ်ဆွဲဆင် တစ်ကောင်ကို ဝဲမကိုင်ရွာထဲ ခေါ်လာရာ ရွာအဝင်ချောင်းဖြတ်ကူးပြီး ကျေးရွာနယ် ထဲအရောက် သစ်ဆွဲဆင်ဟာ ပြင်းထန် စွာအော်ပြီး လဲကျသေဆုံးဖူးကြောင်း ပြောတယ်။ ဒေသခံတွေအနေနဲ့ အခုချိန် တိုင် ဆင်ဖြူတော်ရှိနေပြီး ကျေးရွာကို စောင့်ရှောက်နေကြောင်း ဆိုတယ်။

မြို့ဟောင်းရာနဲ့ ကပ်ပြီးပေါက်နေတဲ့ ဒီရေတောတွေကို ဖြတ်ပြီး မြောက်ဘက် ကို ဆက်လျှောက်ခဲ့ရင် ပေ ၁၀၀ ကျော် မြင့်တဲ့တောင်ကုန်းပေါ်မှာ ဝဲမကိုက် (ဆင်ထောက်)ကျေးရွာလေး ရှိပါတယ်။ အိမ်ခြေ ၃၀ လောက်၊ မူလတန်းကျောင်း ၁ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းရှိပါတယ်။ ကျေးရွာအုပ်ချုပ် ရေးမှူးက ပို့စကတ်ကြီးတစ်ခုထုတ်ပြ ပါတယ်။ တစ်ရွာလုံးမှာ တစ်ခုဘဲရှိတော့ ကြောင်းလည်းပါတယ်။ လေ့လာကြည့်တဲ့ အခါ ၁၉၇၄ ခုနှစ်မှာ ဆရာကြီးထားဝယ် ကျော်မင်းထုတ်ဝေခဲ့တဲ့ ဝဲမကိုက် (ဆင် ထောက်ရွာ ဆင်ဦးတောင် ဆုတောင်း ပြည့်ဘုရားနဲ့ အခြားသမိုင်းမှတ်တမ်း များပါတဲ့) သမိုင်းပို့စကတ်ဖြစ်တယ်။ ဆရာကြီးဟာ ၁၉၇၀ ဝန်းကျင်လောက်က တည်းက ဒီမြို့ဟောင်းကို လေ့လာခဲ့ တယ်လို့ သိရတယ်။ ဆရာကြီးရဲ့သား ဦးဌေးလွင်ကျော်ကို မေးမြန်းပြီး ထားဝယ် ယဉ်ကျေးမှုပြတိုက်မှာ ပြန်ရှာတဲ့အခါ ဒီပို့စကတ်ဟာ ဗီရိုထဲမှာ ရှိနေပါတယ်။

ဒီမှတ်တမ်းမှာ ထားဝယ်ကျွန်းဆွယ် လောင်းလုံးမြို့နယ် သကြက်တောကျေးရွာ အနောက်ယွန်းယွန်း ပင်လယ်ကမ်း ( ယခု နန်းတော်ရိုင်လို့ခေါ်တယ်) နေရာမှာ ထောင့်ကွယ်မြို့ဟောင်းကို သက္ကရာဇ် ၅၆၆ခုမှာ နရပတိစည်သူမင်းကတည် တယ်။ ဒီမင်းနေပြည်တော်ပြန်တဲ့အခါ ပအို့မင်းသမီးမှမြင်တဲ့သားတော် သနိသ ဝတ်ကို အုပ်စိုးစေတယ်။ ဒီနောက်မှာ ကနိသာဝရ၊ မင်းဆုတို့ ဆက်လက် အုပ်စိုး တယ်။ သက္ကရာဇ် ၆၃၀မှာ မင်းဆုက ဝေဒီမြို့သစ်ကို တည်ထောင်ပြီးထောင့် ကွယ်မြို့ဟောင်းကနေ ပြောင်းရွေ့ခဲ့တယ် လို့ဆိုတယ်။

ဆရာကြီးရွှေဝယ်ဧရဲ့ ထားဝယ် ရာဇဝင်သမိုင်းစာမျက်နှာ ၁၂၉ ရှိ ဝေဒီမြို့ တည်ခြင်း ခေါင်းစဉ်အောက်မှာ ထောင့် ကွယ်မြို့ (ယခု ကြက်လွှတ်ရွာ )ကို တည် ထောင်ကြသည့် ကနိကဝတ်မင်း၊ ၎င်း သားတော် ကနိဌာသူ၊ ၎င်း သားတော် ကနိဌာသံ၊ ၎င်းသားတော် ကနိဌာဝါ၊ ၎င်းသားတော် စောသူရ၊ ထိုမင်းလက် ထောင့်ကွယ်မြို့မှ ပြောင်း၍ ကောဇာ သက္ကရာဇ် ၇၉၂ခုနှစ် ဝေဒီမြို့ကို တည် လေသည် လို့ဖော်ပြထားပါတယ်။

ဒီထောင့်ကွယ် မြို့ဟောင်းနဲ့ ပတ် သက်ပြီး မှတ်မှတ်ရရ ရှိတာကတော့ ၂၀၀၄ ခုနှစ်လေ့လာရေးခရီးဖြစ်တယ်။ အာဖရိကနှင့် အရှေ့တိုင်းပညာလေ့လာရေးကျောင်း က ဒေါက်တာ အဲလီဇဘက်မိုး၊ ဦးသန်းဆွေ ( မောင်သန်းဆွေ-ထားဝယ်) (ယခု ပြည်ထောင် စုဒုဝန်ကြီး၊ ယဉ်ကျေးမှုဝန်ကြီးဌာန)တို့နဲ့ သွားတဲ့အခေါက်ပါ။ မြို့ဟောင်း လေ့လာ နေတုန်း ဆူနာမီဖြစ်ပါတယ်။ ဒေသခံတွေ လှမ်းထားတဲ့ ငါးခြောက်တွေရေထဲပါ သွားပါတယ်။ ဒီတော့ ဒေသခံအချို့က ဒီဒရောကမ်းခြေကို စောင့်တဲ့နတ်ရှင်မ စိတ်ဆိုးပြီး ရေကြီးတယ်။ ဒီလိုစိတ် ဆိုးတာ အင်္ဂလိပ်မလာလို့ ဖြစ်တယ်။ ဒါကြောင့် အင်္ဂလိပ်မက လျော်ကြေးပေးရ မယ်လို့ ဆိုလာပါတယ်။ အတော်ဖြေရှင်းခဲ့ ရပါတယ်။

ဒီလေ့လာချက်အရ ဒီမြို့ ဟောင်းက ယာယီနေထိုင်ခဲ့တာဖြစ်နိုင် ကြောင်း၊ စစ်ရှောင်တာလည်း ဖြစ်နိုင် သလို ဗေဒင်ကိန်းခန်းအရ ခေတ္တပြောင်း ရွေ့ တာလည်းဖြစ်နိုင်ကြောင်း၊ ပင်လယ် ဘက်ခြမ်း ရေကြောင်းလုံခြုံရေး စခန်း လည်းဖြစ်နိုင်ကြောင်း တွေ့ရတယ်။ တွေ့ ရတဲ့ အင်္ဂတေအပိုင်းအစတွေအရ အချိန် များစွာမကြာသေးဘူး၊ လမ်းခင်းထားတဲ့ ကျောက်တွေကတော့ ရာသီဥတုကြောင့် ရေညှိတက်ပြီး မည်းနေတယ်။ ဒီပြောင်း လဲမှုကို သေချာလေ့လာနိုင်ရင် ခေတ်ပြော နိုင်မယ်ထင်တယ်။ ဘာဘဲဖြစ်ဖြစ်လူနေ သွားတယ်ဆိုတာ ကျိန်းသေပြော နိုင်ပါ တယ်။

အရင်တုန်းက လူမသိတဲ့မြို့ဟောင်း ရာလေးက အေးချမ်းခဲ့ပါတယ်။ ၂၀၁၁ ခုလောက်ကစပြီး ရဘဲကျေးရွာကနေ ကားလမ်းဖောက်ခဲ့ပြီး အသွားအလာ အဆင်ပြေခဲ့ပါတယ်။ ဒီနောက်မှာတော့ မြေယာအရောင်းအဝယ် အရှုပ်အထွေး တွေ များစွာဖြစ်ခဲ့ရတယ်။ ဝဲမကိုက် ကျေး ရွာရဲ့ သင်္ချိုင်းမြေပါရောင်းတဲ့အထဲ ပါ သွားလို့ အတော်ဖြေရှင်းရတယ်လို့ ကြား ရတယ်။ သူဌေးတစ်ဦးကလည်း ကျောင်း တောင်ဘက်မှာ မြေတွေဝင်ယူကာ တော ရှင်းပြီး ရာဘာစိုက်ဖို့ လုပ်နေကြောင်း ရွာသားတစ်ဦးက အကြောင်းကြားလာ တယ်။ ဝမ်းသာစရာ တစ်ခုက ခရိုင်သစ် တောဌာနက ဒီရေတောတွေ ထိန်းဖို့ လုပ် နေတယ် ကြားတယ်။

ဒီလိုတိမ်မြုပ်ပြီး တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားမယ့် ရှေးမြို့ဟောင်း တွေ၊ အထိမ်းအမှတ်တွေ တနင်္သာရီတိုင်း ဒေသကြီးအတွင်း အမြောက်အမြား ရှိ နေပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ကော၊ ပြည်သူလူထု အနေနဲ့ကော ဝိုင်းဝန်း လက်တွဲပြီး ဖော်ထုတ်ထိန်းသိမ်း ကြပါ စို့လို့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။

ဆရာဇော် (စိတ်ပညာ)