လာမည့် ရွေးကောက်ပွဲ မွန်ကိုယ်စားလှယ် မထပ်ရေး ဆွေးနွေး

0
601

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မွန်ကိုယ်စားလှယ်လောင်း မထပ်ရေး ဆွေးနွေးခဲ့ကြောင်း မွန်အမျိုးသား ရွေး ကောက်ပွဲ အောင်နိုင်ရေး အကျိုးဆောင် အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မင်းရဲမွန်ထံ မှ သိရသည်။

မွန်အမျိုးသား ကိုယ်စားပြု လွှတ် တော်ကိုယ်စားလှယ် အရေအတွက် ပိုများစေရန် မွန်အမျိုးသားရွေးကောက်ပွဲ အောင်နိုင်ရေး အကျိုးဆောင်အဖွဲ့၏ ကြိုးပမ်းမှုဖြင့် ၁၉၉၀ နှင့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲနိုင် ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို ဇွန်လ ၂၇ ရက်နေ့နှင့် ဇူလိုင်လ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
ဇူလိုင်လ ၁၂ ရက်နေ့ ဆွေးနွေး ပွဲတွင် ၁၉၉၀ ရွေးကောက်ခံ ကိုယ်စား လှယ်၂ ဦး၊ ကိုယ်စားလှယ်လောင်း ၇ ဦး၊ ၂၀၁၀ ရွေးကောက်ခံ အမတ် ၇ ဦးနှင့် အကျိုးဆောင်အဖွဲ့မှ ၁၁ ဦးတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း အကျိုးဆောင်အဖွဲ့ ၏ ပြန်ကြားရေး တာဝန်ခံ မင်းမင်းနွယ်က ပြောသည်။

” မွန်နှစ်ပါတီ စလုံးပေါ့ ဝင်ပြိုင် မယ့် ကိုယ်စားလှယ်တွေ မထပ်ဖို့ အခုလို ဆွေးနွေးနေတာပါ” ဟု ၁၉၉၀ ရွေးကောက် ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။အကယ်၍ မညှိနှိုင်းဘဲ ဝင်ပြိုင်ပါက မဲပြန့်၊ ကိုယ်စားလှယ် လောင်းထပ်ကာ မွန်လူမျိုးများအတွက် လွှတ်တော် ၃ ရပ် စလုံးတွင် ကိုယ်စားလှယ်အရေအတွက် နည်းသွားမည် ဖြစ်ကြောင်း ဒေါက်တာ မင်းကြည်ဝင်းက ထောက်ပြသည်။
ယင်းဆွေးနွေးပွဲကို ပါတီကိုယ်စား ပြုတက်ခြင်းမဟုတ်ဘဲ ၎င်းတို့၏ သဘော ဆန္ဒအရ တက်ရောက် ဆွေးနွေးခြင်း ဖြစ်ကြောင်း တက်ရောက်လာသည့် ကိုယ်စားလှယ်များက ပြောသည်။

” ပါတီအနေနဲ့က အားလုံး လက်ခံ နိုင်မယ့် အနေအထားတော့ မတွေ့သေး ဘူး” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီမှ ချောင်းဆုံ မဲဆန္ဒနယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦး က ပြောသည်။မွန်နှစ်ပါတီစလုံးက ရွေးကောက် ပွဲတွင် အချင်းချင်း မညှိနှိုင်းဘဲ ဝင်ပြိုင် မည်ဟုသိရကာ ပါတီအချင်းချင်း ညှိနှိုင်း မည့် အနေအထား မတွေ့သည့် အတွက် ယင်းသို့ ကြားဝင် ညှိနှိုင်းခြင်းဖြစ်ကြောင်း အကျိုးဆောင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မင်းရဲမွန်က ပြောသည်။

သို့သော် လက်ရှိအချိန်အထိ ယင်း ဆွေးနွေးနေမှုနှင့်ပတ်သက်ပြီး မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုး သားပါတီတို့က လက်ခံမည့် အနေ အထား မတွေ့သေးဟု အထက်ကိုယ်စား လှယ်များက ပြောပြီး ပါတီခေါင်းဆောင် များကလည်း ညှိနှိုင်းဆွေးနွေးရန် အစီ အစဉ်မရှိဟု ပြောသည်။
လွှတ်တော်အသီးသီးတွင် မွန်ကိုယ် စားလှယ် အရေအတွက်များများ ရောက်ရှိ ရန်အတွက် လိုအပ်သည့်နေရာမှ ဝိုင်းဝန်း လုပ်ဆောင်ပေးနိုင်ရန် ဘက်မလိုက်သည့် မွန်အမျိုးသား ရွေးကောက်ပွဲ အောင် နိုင်ရေး အကျိုးဆောင်အဖွဲ့ကို ဧပြီလ ၁၄ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည်။
လက်ရှိတွင် လွှတ်တော် ၃ ရပ်တွင် မွန်အမျိုးသား ကိုယ်စားပြု အမတ် ၁၆ ဦးရှိပြီး အားလုံးမှ မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီမှ ဖြစ်သည်။
အထက်ပါ အကျိုးဆောင်အဖွဲ့သည် ဇူလိုင်လ ၁၄ ရက်နေ့က မွန်အမျိုးသား ပါတီနှင့် သီးသန့်တွေ့ဆုံခဲ့ပြီး ဆွေးနွေး မှု ရလဒ်ကိုမူ မထုတ်ပြန်သေးပေ။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီနှင့် သီးသန့်တွေ့ဆုံရန် ယင်းပါတီ သို့ အကြောင်းကြားထားပြီး ပါတီမှ အကြောင်းပြန်သည်ကို စောင့်နေသည်ဟု ဦးမင်းမင်းနွယ်ထံမှ သိရသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီသည် မွန်ပြည်နယ်၊ ကရင်ပြည် နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မဲဆန္ဒ နယ် ၅၃ နေရာဝင်ပြိုင်မည်ဖြစ်ပြီး မွန် အမျိုးသားပါတီသည် မွန်ပြည်နယ် အပြင် ကရင်ပြည်နယ်၊တနင်္သာရီတိုင်း၊ ပဲခူးတိုင်း နှင့် ရန်ကုန်တိုင်းတို့တွင် မဲဆန္ဒနယ် ၆၀ ဝင်ပြိုင်သွားမည်ဖြစ်ကြောင်း သက်ဆိုင် ရာ ပါတီများထံမှ သိရသည်။