ထားဝယ်နှင့် မြိတ်တွင် ကျောင်းသား ထောက်ပံ့ပစ္စည်းများ အပြည့်အစုံ မရသေး

0
653

တနင်္သာရီတိုင်းအတွင်း ခရိုင် ၃ခု အနက် ထားဝယ်နှင့် မြိတ်ခရိုင်တွင် ကျောင်းဖွင့်ပြီး တစ်လကျော်အကြာ အထိ ကျောင်းသူကျောင်းသားများ အား အခမဲ့ပေးမည်ဟု ထုတ်ပြန်ထား သည့် ထောက်ပံ့ပစ္စည်းများ အပြည့်အစုံ မရသေးဟု ယင်းသို့ အပြည့်အစုံမရ သေးသည့် ကျောင်းများရှိ ဆရာ ဆရာမ များထံမှ သိရသည်။

အခြေခံပညာ ကျောင်းသူ ကျောင်း သားများအား အခမဲ့ပေးမည်ဟု ပြော ထားသည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ အပြည့်အစုံ မရသေးသည့်အပြင် မူလ တန်း ကျောင်းသူ ကျောင်းသားများကို ပေးမည်ဟု ပြောထားသည့် ကျောင်းဝတ် စုံနှင့် ကျောင်းသုံးဗလာစာအုပ်များ လုံး ၀မရသေးဟု အထက်ပါ ဆရာ ဆရာမ များက ပြောသည်။

” တကယ်ဆိုရင် ကျောင်းလာအပ် ကတည်းက ပြည့်ပြည့်စုံစုံ ပေးသင့် တယ်” ထားဝယ်မြို့ပေါ် မူလတန်း ကျောင်းအုပ်တစ်ဦးက ဆိုသည်။
ကျောင်းသုံး ပုံနှိပ်စာအုပ်များကို ကော့သောင်းခရိုင်တွင် အပြည့် အစုံပေး ပြီးဖြစ်ကာ ထားဝယ်နှင့် မြိတ်ခရိုင် အတွင်း လိုအပ်သည့် အရေအတွက်ကို စာရင်းပြုစု၍ ထပ်မံမှာယူထားဆဲဖြစ် သည့်အတွက် မဖြန့်ဝေပေးနိုင်သေးခြင်း ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူးရုံးမှ တာဝန် ရှိသူက ပြောသည်။

” သူငယ်တန်း၊ ပထမတန်း၊ ၆ တန်း၊ ၇တန်းတွေကို ရာနှုန်းပြည့် ပေး နိုင်ပြီ၊ ကျန်အတန်းတွေကိုတော့ ရာနှုန်း ပြည့်မပေးနိုင်သေးဘူး” ဟု ထားဝယ်နယ် ပညာရေး သမဝါယမလီမိတက် (GEC) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ထားဝယ်ခရိုင်တွင် ကျောင်းဝတ်စုံ ၄၃၀၀၀ စုံ ကျော်နှင့် မြိတ်ခရိုင်တွင် ၂၂၀၀၀စုံခန့် ထပ်မံ ဖြန့်ဝေရမည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
သို့သော် ကျောင်းသုံး ပုံနှိပ်စာအုပ် များနှင့် ကျောင်းဝတ်စုံများကို ဒုတိယ အသုတ် မည်သည့်အချိန်တွင် ပေးနိုင် မည်ကိုမူ အတိအကျ မပြော နိုင်သေးဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် နှစ်များကလည်း ကျောင်း သုံး ပုံနှိပ်စာအုပ်များကို ဖြန့်ဝေရန် လချီ နောက်ကျလေ့ရှိသည်။
ယခုပညာသင်နှစ်တွင် အခြေခံ ပညာ အထက်တန်းနှင့် အလယ်တန်းကျောင်း သူကျောင်းသားများကို ကျောင်းသုံး ပုံနှိပ်စာအုပ်များကို အခမဲ့ ဖြန့်ဝေပေး မည့်အပြင် မူလတန်း ကျောင်းသား ကျောင်းသူများကိုလည်း ကျောင်းသုံး ပုံနှိပ်စာအုပ်၊ ဗလာစာအုပ် ၆အုပ်နှင့် ကျောင်းဝတ်စုံ ၁ စုံ စီကို အခမဲ့ ဖြန့်ဝေ ပေးမည်ဟု တနင်္သာရီတိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူးရုံးမှ သတင်း ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် အခြေခံပညာအထက်တန်းကျောင်း ၅၆ ကျောင်း၊ အလယ်တန်း ၉၅ ကျောင်း၊ မူလတန်း ၁၀၃၄ ကျောင်း၊ အခြေခံ ပညာ မူလတန်း ကျောင်းခွဲ ၁၁၂ ကျောင်း စုစုပေါင်း ၁၂၉၇ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၄၀ ကျော်သည်ဟု သိရသည်။
အခမဲ့ပညာသင်ကြားရေးစနစ်ကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှ စခဲ့ပြီး မူလတန်း ကျောင်းသုံးပုံနှိပ် စာအုပ်၊ ဗလာစာအုပ် ၆အုပ်၊ ထောက်ပံ့ငွေ တစ်ဦးလျှင် ကျပ် ၁၀၀၀ စီတို့ကို ပညာ သင်နှစ်အလိုက် အဆင့်ဆင့်တိုးမြှင့်ကာ ထောက်ပံ့ပေးခဲ့သည်။
၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် အခြေခံ ပညာမူလတန်းအပြင် အခြေခံ ပညာ အလယ်တန်းကျောင်းသူ ကျောင်း သားများအတွက် ကျောင်းသုံး ပုံနှိပ် စာအုပ်အခမဲ့ စတင် ဖြန့်ဝေပေးခဲ့သည်။

ထို့အပြင် ကျောင်းအပ်နှံရာတွင် ယခင်က ထည့်ဝင်ရလေ့ရှိသော မိဘ ဆရာအသင်းကြေး၊ ကျောင်းလခ စသည်တို့ကို ပေးစရာ မလိုတော့ပေ။