လ၀ပူရ

0
546

မြန်မာမင်းများ အရေးတော်ပုံ ၆ စောင်တွဲ (စတုတ္ထအကြိမ်) မဟာအတု လမင်းကြီး ပြုစုသည့် ညောင်ရမ်း မင်းတရား အရေးတော်ပုံ (စာ ၄၀၁)တွင် တောင်ပုံလ၀ဆိုတဲ့ အမည် ဖော်ပြထား ပါတယ်။

ယိုးဒယားတော်ဝင် မြေပုံများ မှာလည်း ထားဝယ် အရှေ့ဘက်ခြမ်း ယိုးဒယား နယ်စပ်တစ်လျှောက် ထားဝယ် နဲ့ ယိုးဒယားကြား နှစ်ဖက်စစ်တပ်တွေ လုံခြုံရေးဖော်ပြတဲ့အခါ လ၀ခံတပ်ဆို တာ တွေ့ရပါတယ်။
ဒီအရေးတော်ပုံ မှတ်တမ်းအရ ၁၆၁၃ ခုနှစ် ကာလများက ထားဝယ် အခြေအနေကို မှတ်တမ်းတင်ထားပါ တယ်။ သီပေါ စော်ဘွားအကြောင်းလည်း တွေ့ရလို့ မြို့ဟောင်း (သာဂရ) ကျေးရွာ အနီးက သီပေါတိုက်ကျောင်းကလည်း သမိုင်းတစ်ခုကို ဖော်ပြနေပါတယ်။ ဒီနေရာမှာ ကျွန်တော် စိတ်ဝင်စားတာက တောင်ပုံလ၀ဆိုတဲ့ လူတွေအကြောင်း ဖြစ်ပါတယ်။

lopburi-thailand
” လ၀”  ဆိုတာ ဘယ်သူတွေလည်း ရှာကြည့်တဲ့အခါ ကချင် အစု၊ ကယား အစု၊ ကရင်စု၊ ချင်းစု၊ ဗမာစု၊ မွန်စု၊ ရခိုင်စု၊ ရှမ်းစုဆိုတဲ့ လူမျိုး ၁၃၅  မျိုး မှာ ရှာမတွေ့ဘူး။ ဆရာကြီး ဒေါက်တာ သန်းထွန်းရဲ့ မြန်မာသမိုင်းပုံ (၂၀၀၄ ခုနှစ်) မှာ ခရစ်နှစ် ၁ ရာစု လောက်ကစပြီး ကုန်းနေ လူညိုတွေဟာ မဒမပင်လယ်ကွေ့ ဝန်းကျင်မှာ နေထိုင်ကြတယ်။ အဲဒီလူစု မှာ မွန်၊ ပလောင်၊ ၀နဲ့ ရယန်တွေက ထင်ရှားတဲ့ လူမျိုးစုတွေ ဖြစ်တယ်လို့ တွေ့ရတယ်။ ပညာရေးဝန်ကြီးဌာန၊ လူ့ စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးဌာန၊ ၀တိုင်းရင်းသားများ၏ လူမှုစီးပွားရေး ဘ၀ ( ၁၉၉၉-ဇူလိုင်လ၊ စာ ၈၄) တွင် ၀တိုင်း ရင်းသားများကို အချို့က လ၀လို့ ခေါ်တယ်လို့ တွေ့ရပါတယ်။
ဆရာကြီး ပါမောက္ခ ဒေါက်တာ နိုင်ပန်းလှရဲ့ သုတေသနစာတမ်းများ         (၁၉၉၈)စာအုပ်မှာ လော့ဗူရီ (သို့မဟုတ်) လာဗိုလို့ တွေ့ရတယ်။ ဒီလော့ဗူရီ  ( Lopburi ) ဆိုတာ လ၀ပူရလို့ ပညာရှင် အချို့က ဆိုတယ်။     အဓိပ္ပာယ်ပြန်ရင် လ၀မြို့တော်လို့ ရပါတယ်။ ယိုးဒယား မှာရှိတဲ့ ဒွါရ၀တီခေတ် ( အေဒီ ၆ ရာစုမှ အေဒီ ၁၁ ရာစုထိ) မှာ ပထမမြို့တော်က နခုံပထုံ (သို့) ပရပထုံဖြစ်ပြီး ဒုတိယ မြို့တော်က လော့ဗူရီ ဖြစ်ပါတယ်။
လော့ဗူရီမြို့ဟာ ဘန်ကောက်မြို့ မြောက်ဘက် မိုင် ၁၀၀ ခန့်မှာ တည်ရှိပြီး ယိုးဒယားနိုင်ငံ အလယ်ပိုင်းမှာ တည်ရှိ ပါတယ်။ ရှေးယဉ်ကျေးမှု အများစု ထွန်း ကားခဲ့တဲ့အတိုင်း လော့ဗူရီမြစ်ကို အခြေ ပြုတယ်။ ချောင်ဖရာမြစ်ထဲကို လော့ဗူရီ မြစ်က စီးဝင်ပါတယ်။ ယိုးဒယားတို့ရဲ့ ရွှေခေတ်ဖြစ်တဲ့ အယုဒ္ဓယခေတ် ထူထောင် နိုင်ဖို့ လော့ဗူရီဟာ အရေးပါဆုံးဖြစ် ကြောင်း ဆိုပါတယ်။
၁၃ ရာစု ရောက်တဲ့အခါ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ ဆူကိုထိုင်းနိုင်ငံ ပေါ် ထွန်းခဲ့ပေမယ့် လော့ဗူရီကတော့ ဆက် လက် ထွန်းကားခဲ့တယ်။ အယုဒ္ဓယ ခေတ်ရဲ့ အထင်ရှားဆုံး ဘုရင်နရိုင်က လော့ဗူရီမှာ နန်းတော်ဆောက်ပြီး သူ့ ဘ၀ရဲ့အချိန် တော်တော်များများကို လော့ဗူရီမှာဘဲ ကုန်ဆုံးစေတယ်လို့ တွေ့ ရတယ်။ ဒီနောက်မှာတော့ လော့ဗူရီ ဟာ ကျဆင်းသွားခဲ့ပါတယ်။

၂၀ ရာစုအစ လောက်မှာ မောင်းကွတ်ဘုရင် (ရာမ ၄)က သူရဲ့ နိုင်ငံအလယ်ပိုင်း တော်ဝင်နန်း တော်ကို ပြန်လည်တည်ဆောက်ခဲ့ပြီး လော့ဗူရီကို ပြန်လည်အသက်သွင်းခဲ့ တယ်။
သုတေသနတွေအရ လော့ဗူရီဒေသ မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၅၀၀နဲ့ ၄၀၀၀ လောက်ကတည်းက လူနေထိုင်နေ ပြီလို့ သိရတယ်။ ကျောက်လက်နက်တွေ၊ ကြေးလက်နက်တွေနဲ့ သင်္ချိုင်းရာတွေ တွေ့ရတယ်။ ယိုးဒယားမြောက်ပိုင်း မှတ် တမ်းတွေအရ လော့ဗူရီကို အေဒီ ၆၄၈ခု မှာ ကလဝါနဒစ်ဘုရင် ( King Kala-varnadish) က တည်ထောင်တယ်လို့ ဆိုတယ်။ ဒီဘုရင်က အခုပါကစ္စတန် (ရှေးက အိန္ဒိယမြောက်ပိုင်း)ရှိ တက္ကသီ လာက လာတယ်လို့ ဖော်ပြထားပါတယ်။
နောက်ယိုးဒယား မှတ်တမ်း တစ်ခု ကတော့ ယိုးဒယားမြောက်ပိုင်း တိုင်းပြည် တစ်ခုက ကကဘတ်ဘုရင် ( King Kakabatr) ဆိုတာရှိတယ်။ ဒီဘုရင်က သက္ကရာဇ်တစ်ခုကို အေဒီ ၆၃၈ မှာ တီထွင် ခဲ့တယ်။ လော့ဗူရီဒေသမှာ ဒီသက္ကရာဇ်ကို သုံးနေတုန်းလို့ ဆိုတယ်။ စိတ်ဝင်စားဖို့ ကောင်းတာက မြန်မာသက္ကရာဇ်ကလည်း ဒီနှစ်မှာ စတယ်။ ဝီကီပီဒီယား ( Wiki-pedia) ရဲ့ History of Lopburi မှာ ဖတ်ကြည့်ပါ။ ဒီဘုရင်ရဲ့သားဖြစ်သူ ကလဝါနဓဇ ဘုရင်( King Kakabatr) က ၆၃၈ ခု နောက်ပိုင်း ဆယ်စုနှစ် အနည်းငယ်အကြာမှာ လော့ဗူရီ မြို့ကို တည်တယ်လို့ တွေ့ရပါတယ်။
လော့ဗူရီမှာ တွေ့ရတဲ့ ယဉ်ကျေးမှု လက်ရာတွေထဲမှာ အရေးကြီးဆုံး တွေ့ရှိ ချက်ကတော့ မွန်ကျောက်စာ ဖြစ်ပါ တယ်။ မွန်စာပေ သမိုင်းအရ ဒီကျောက် စာကို ခေတ်ဦးမွန်စာပေလို့ သတ်မှတ် ပါတယ်။ အေဒီ ၈ ရာစု (လွန်ခဲ့တဲ့နှစ် ပေါင်း ၁၂၀၀ ကျော်က)လို့ သတ်မှတ်တာ လည်း လေ့လာရပါတယ်။ ဒီကျောက်စာ ကို ၁၉၀၄ ခုနှစ်မှာ တွေ့ခဲ့ပြီး အခု ဘန်ကောက်ရှိ အမျိုးသားပြတိုက်မှာ ပြ ထားတယ်။
ဒီလော့ဗူရီ ကျောက်စာပါ အရေး အသား အက္ခရာများက အေဒီ ၆ ရာစုလို့ သတ်မှတ်တဲ့ ပရပထုံ မွန်ကျောက်စာ (ယိုးဒယား)နဲ့ ခမာ ကျောက်စာများရဲ့ အရေးအသား အက္ခရာ အလွန်တူတယ်။ ပြီးတော့ အေဒီ ၅ ရာစုလို့ သတ်မှတ်တဲ့ သရေခေတ္တရာ ကျောက်စာ ( မြန်မာ)တို့နဲ့လည်း နီးစပ်တယ်လို့ ဆရာကြီး နိုင်ပန်းလှက ရေးခဲ့တယ်။ ဒီကျောက်စာ မင်ကူးကို ဆရာကြီး ဒေါက်တာနိုင်ပန်းလှ နဲ့ ဆရာကြီး ဦးသာမြတ်တို့က ဘာသာ ပြန်ခဲ့တယ်။ အလှူမှတ်တမ်း တစ်ခုဖြစ် ကြောင်း တွေ့ရတယ်။
တရုတ်မှတ်တမ်းတွေအရ လော့ဗူရီ ကို တိုလိုဟော် (သို့) တိုလိုပိုတီ ဆိုပြီး ဖော်ပြခဲ့တယ်။ တန်မင်းဆက် ( ၆၁၈-၉၀၇ အေဒီ)၊ ဆုန်မင်းဆက် ( ၉၆၀-၉၀၇ အေဒီ)တွေမှာ တရုတ်ပြည်ကို သံအဖွဲ့    တွေ စေလွတ်ခဲ့တယ်။ အေဒီ ၁၁၁၅ မှာ ဆိုရင် တစ်နှစ်တည်း ၂ ကြိမ် စေလွတ်ခဲ့ တယ်။ ဒီအချိန် ဆုန်မှတ်တမ်းတွေမှာ လော့ဗူရီကို လိုဟူဆိုပြီး ဖော်ပြပါတယ်။ မာကိုပိုလို ( ၁၂၇၁-၁၃၆၈)ရဲ့ မှတ်တမ်း အရ လော့ဗူရီကို လိုကတ်လို့ဖော်ပြခဲ့ပြီး ဂျင်ဂျစ်ခန်ရဲ့ တပ်တွေဟာ ယူနန်နယ်နဲ့ ဝေးလွန်းတဲ့အတွက် လော့ဗူရီကို သွား ရောက် တိုက်ခိုက်ခြင်းမလုပ်ခဲ့ဘူးလို့ ရေးသား ထားပါတယ်။
လော့ဗူရီသမိုင်းကို လေ့လာတဲ့အခါ ထင်ရှားတဲ့ အမျိုးသမီးခေါင်းဆောင် တစ်ဦးကို တွေ့ရပါတယ်။ သမိုင်း မှတ်တမ်းတွေမှာ စမ္မဒေဝီလို့ ဖော်ပြ ထားပါတယ်။ ဆရာကြီး ဒေါက်တာ နိုင်ပန်းလှက မွန်ဘုရင်မလို့ ဆိုပါတယ်။ စမ္မဒေဝီဟာ လော့ဗူရီကနေ အေဒီ ၇ရာစု ဒုတိယအပိုင်းလောက်မှာ ရဟန်း ၅၀၀ အပါအဝင် နောက်လိုက်များစွာနဲ့ ယိုးဒယား မြောက်ပိုင်း ဇင်းမယ်အနီးရှိ လန်ဖွန်း မြို့ကို ထွက်ခွာခဲ့တယ်။ ယိုးဒယားတွေရဲ့ ယုံကြည်ချက်အရ ဒီလန်ဖွန်းမြို့ကို စမ္မ ဒေဝီ တည်ထောင်ခဲ့တယ်။ ဟာရီဘုဉ္စလို့ လည်း ခေါ်တယ်။
အေဒီ ၁၅ ရာစု ဆရာတော် ဗောဓိ ရာမ်သီရေးသားတဲ့မှတ်တမ်းကို စမ္မဒေဝီဝံ သလို့ခေါ်တယ်။ ဒီမှတ်တမ်းအရ စမ္မဒေဝီ ဟာ လော့ဗူရီ ဘုရင်၏ သမီးတော်ဖြစ်ပြီး ရာမညမွန်ဘုရင်နဲ့ လက်ထပ်ခဲ့တယ်။ အေဒီ ၆၆၃ မှာ ခင်ပွန်းကို စွန့်ခွာပြီး ယိုးဒယား မြောက်ပိုင်းရှိ လန်ဖွန်းကို သာသနာပြု ခေါင်းဆောင်အဖြစ် သွားခဲ့ တယ်။ ဒီလို သွားတဲ့အခါ ကိုယ်ဝန်ပါ သွားပြီး လန်ဖွန်းမှာ အမြွာသားတော် နှစ်ပါး မွေးတယ်။ သားတော်တစ်ပါးက လန်ဖွန်း ဘုရင်ဖြစ်လာပြီး အခြားတစ်ပါး က လန်းပိုင်မှာ ဘုရင်ဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။
အခုအချိန်မှာ လ၀ လို့ခေါ်တဲ့ ၀လူမျိုးတွေကို ရှမ်းပြည်မြောက်ပိုင်း မြန်မာ-တရုတ် နယ်စပ်ဒေသမှာပဲ ရှိ တယ်လို့ လေ့လာတွေ့ရှိရပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၀ခန့်က တည် ထောင်ခဲ့တဲ့ ဒွါရ၀တီခေတ်မှာ လ၀ ခေါ် ၀လူမျိုးတွေဟာ အရေးပါတဲ့ လူမျိုးတွေ လားဆိုတာ လေ့လာစရာတစ်ခု ဖြစ် တယ်။ လော့ဗူရီဟာ လ၀ပူရ – လ၀မြို့ တော်ဆိုရင် ကြီးကျယ်ခမ်းနားတဲ့ လူမျိုးစု ဖြစ်စရာရှိပါတယ်။ ဒွါရ၀တီကို မွန်တိုင်း ပြည်လို့ သတ်မှတ်ရင် မွန်အုပ်ချုပ်သူ တွေနဲ့ မွန်တိုင်းရင်းသားအများစု ဖြစ်နိုင် ချေရှိတယ်။ ပြီးတော့ လ၀ ခေါ် ၀ လူ မျိုးတွေလည်း ရှိတယ်လို့ တွေးဆနိုင်ပါ တယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀ကျော်က ရေးသားခဲ့တဲ့ မြန်မာမင်းများ အရေး တော်ပုံ (၆)စောင်တွဲ ( စတုတ္ထအကြိမ်)  မဟာအတုလ မင်းကြီးပြုစုသည့် ညောင်း ရမ်း မင်းတရား အရေးတော်ပုံ (စာ ၄၀၁)ပါ တောင်ပုံလ၀ဆိုတာ ဒီလူတွေလား ဆိုတာ စဉ်းစားစရာပါ။ ဒီကျမ်း အလိုအရ ၁၆၀၀ ပတ်ဝန်းကျင်မှာ လ၀ ခေါ် ၀ လူမျိုးတွေ ရေးမြို့နဲ့ ထားဝယ်မြို့ ကြား မှာရှိနေတယ်လို့ သိရပါတယ်။ ကျွန် တော်တို့ သမိုင်းကိုလေ့လာတဲ့အခါ ပျောက်ကွယ်သွားတဲ့ အကြောင်း အရာ များစွာရှိကြောင်း သတိထား မှတ်သား မိပါတယ်။ အထူးအဖြင့် အုပ်ချုပ်ရေး မထူထောင်နိုင်ဘဲ အင်အားကြီး လူမျိုး စုများနဲ့ အတူယှဉ်တွဲနေထိုင်ခဲ့တဲ့ လူမျိုး စုငယ်များအကြောင်း ဖြစ်ပါတယ်။