တည်းခိုခန်းများတွင် ဧည့်သည် ဟန်ဆောင် ပစ္စည်းခိုးသူကို ဖမ်းမိ

0
520

ကော့သောင်းမြို့ပေါ် တည်းခိုခန်း များတွင် ဧည့်သည် ဟန်ဆောင်ကာ အခြား တည်းခိုသူများ၏ ပစ္စည်းများကို ခိုးယူသူ အမျိုးသားတစ်ဦးအား သက်သေခံပစ္စည်း များနှင့်အတူ ဇူလိုင်လ ၁၄ ရက်နေ့တွင် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း ကော့သောင်းမြို့မ ရဲစခန်းမှ သိရသည်။

ခိုးမှုကျူးလွန်သည်ဟု စွပ်စွဲခံရသူ သည် ပိတောက် ရွှေဝါရပ်ကွက် အာသာ ၀တီတည်းခိုခန်းတွင် တည်းခိုနေသည့် အမျိုးသား တစ်ဦးထံမှ ရွှေလက်စွပ် ၇ ကွင်း၊ လော့ကက် ၁ ခု၊ နားဆွဲ ၁ ရံ၊ ဆွဲကြိုး ၁ ကုံးနှင့် ဘတ်ငွေ ၃၇၀၀ ကို ခိုးယူခဲ့ပြီး ငွေအနည်းငယ်မှအပ ကျန် ပစ္စည်းများ ပြန်ရခဲ့သည်ဟု အထက်ပါ ရဲစခန်းမှ စခန်းမှူးထံမှ သိရသည်။

အဆိုပါ အမျိုးသားသည် နံနက် စောစောထကာ အခြားတည်းခိုခန်း တစ်ခုဖြစ်သည့် အဏ္ဏဝါရပ်ကွက်ရှိ နေလ တည်းခိုခန်းသို့ ပြောင်းရွှေ့ တည်းခိုသဖြင့် မသင်္ကာ ဖြစ်ကာ စစ်ဆေးမေးမြန်းရာမှ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း စခန်းမှူးက ပြောသည်။
ခိုးမှုကျူးလွန်သည်ဟု စွပ်စွဲခံရသူ သည် ဟင်္သာတမြို့နယ်၊ ကျောက်ကုန်း ကျေးရွာနေသူဖြစ်ပြီး အရိုးအသွား ၈ လက်မခွဲခန့်ရှိ ဓားဦးချွန်ကို အသုံးပြုကာ တည်းခိုခန်းများတွင် ဧည့်သည်အသွင် ဆောင်ပြီး အဖိုးတန်ပစ္စည်းများ လိုက်လံ ခိုးယူနေသူဖြစ်ကြောင်း ၎င်း၏ထွက်ဆို ချက်ကို ကိုးကားပြီး စခန်းမှူးက ပြောသည်။

လက်ရှိတွင် အဆိုပါ အမျိုးသားအား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၈၀ ^ ၅၀၄ အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြို့မ ရဲစခန်းမှ သိရသည်။