လမ်းဖိုး ကောက်ခံငွေဖြင့် တံတားဆောက်သည့် ရာအိမ်မှူး ဝေဖန်ခံရ

0
468

မြိတ်မြို့နယ် မြိတ်တောင် ကျေးရွာ အုပ်စု ရွှေပြည်တန်ရပ်ကွက်ရှိ မေဓါဝီ လမ်းတွင် မြေသားလမ်းခင်းရန် ကောက်ခံ ထားသည့် ငွေကျပ် ၅ သိန်းကို ရာအိမ် မှူးဆိုသူက ပေါင်းကူးတံတားဆောက်ရာ တွင် သုံးလိုက်သည့်အတွက် လမ်းသူလမ်း သားများနှင့် လမ်းကော်မတီဝင်များက မကျေမနပ် ဖြစ်လျက်ရှိသည်။

ယင်းလမ်းသည် မြေနိမ့် ရေဝပ်နေ သည့် လမ်းဖြစ်နေသည့်အတွက် မြေသား များခင်းပြီး ပြန်လည်မြှင့်တင်ရန်အတွက် ပြီးခဲ့သည့်နှစ် ဧပြီလမှစပြီးအိမ်တစ်ဆောင် ကို ငွေလေးသောင်း စီထည့်ဝင်ကြပြီး လမ်းခင်းရန် စီစဉ်ရခြင်းဖြစ်ကြောင်း ကော်မတီ အဖွဲ့ဝင်တစ်ချို့က ပြောသည်။
” လမ်းခင်းဖို့ ကောက်ခံထားတဲ့ငွေ ကို လမ်းထိပ်က ပေါင်းကူးတံတား ဆောက် လုပ်ဖို့အတွက်ဆိုပြီး သုံးလိုက်တာ ဘယ်သူ မှ မသိလိုက်ရဘူး” ဟု လမ်းကော်မတီ ဝင် တစ်ဦးဖြစ်သူ ဦးချိုလွင်က ပြောသည်။

လမ်းသူလမ်းသားများထံမှ ကောက်ခံ ရရှိထားသည့် ငွေများကို ငွေထိန်းထံ အပ်နှံထားကာ ငွေထိန်းဆီမှ ရာအိမ်မှူးက ငွေလာတောင်းသည့်ကိစ္စကို လမ်းသူ လမ်းသားများနှင့် လမ်းကော်မတီအဖွဲ့ဝင် များမှ မသိလိုက်ဘဲ ပြီးခဲ့သည့်တစ်လက ပေါင်းကူးတံတား ဆောက်လုပ်ပြီးစီးမှ သာ ငွေများကို တံတားအတွက် သုံးလိုက် သည်ကို သိခဲ့ရသည်ဟု လမ်းသူ / သား တစ်ချို့က ပြောပြသည်။

ရပ်ကွက်ရာအိမ်မှူးနှင့် လမ်းကော်မတီ ဥက္ကဋ္ဌတို့နှစ်ဦး ငွေလာတောင်းသည်ကို ယုံကြည်၍ ပေးလိုက်မိသည်ဟု ငွေထိန်း ဖိုးစိန်သင်းက ပြောသည်။
အဆိုပါကိစ္စ ရာအိမ်မှူးကို ဆက် သွယ် မေးမြန်းရာ ရေစီးရေလာကောင်း စေရန်အတွက် ပေါင်းကူးတံတားကို အရင် လုပ်ခြင်းဖြစ်ပြီး လာမည့် သီတင်းကျွတ် တွင် ပိုက်ဆံပြန်ကောက်ကာ လမ်းခင်း ရန် စီစဉ်ထားကြောင်း ရာအိမ်မှူး ဦးသား သားက ပြောသည်။

” လမ်းခင်းဖို့ဆိုပြီး ငွေထည့်ပေး ထားတာ အခုက တံတားအတွက် သုံးလိုက် တယ်ဆိုတော့ နောက်ထပ် ပြန်ထည့်ပေးဖို့ စဉ်းစားရလိမ့်မယ်” ဟု မေဓါဝီလမ်းနေ အသက် ၃၀ နှစ်ရှိ အမျိုးသမီးတစ်ဦး က ပြောသည်။လက်ရှိ လမ်းပေါ်တွင် မိုးကောင်း ရေကြောင့် ရေများပြည့်လျှံနေသည့် အတွက် သွားလာရေး အဆင်ပြေအောင် နေအိမ်များမှ စေတနာအလျှောက် ထည့်ဝင် ငွေများဖြင့် ယာယီ သစ်သားတံတား ထိုးပြီး သွားလာနေကြရသည်ဟု လမ်းနေ ပြည်သူများမှ သိရသည်။

ပေါင်းကူးတံတားကို အခြားလမ်း များတွင် စည်ပင်က လုပ်နေသည့်အတွက် ယခုကဲ့သို့ ပြုလုပ်လိုက်ခြင်းသည် ရပ် ကွက်က လုပ်သကဲ့သို့ ဖြစ်နေပြီး ပေါင်း ကူးတံတားကြောင့် လမ်းများပေါ်ရှိ ရေများ ကျသွားခြင်း မရှိသည့်အတွက် ယခုလုပ်ရပ်သည် အဓိပ္ပါယ်မရှိသည့် လုပ်ရပ် ဖြစ်နေသည်ဟု ဦးချိုလွင်က ဝေဖန်သည်။

ရွှေပြည်တန်ရပ်ကွက်အတွင်းရှိ အိမ်ခြေ ၇၀၀ ဝန်းကျင်ခန့်မှ နှစ်စဉ် မိုးကောင်းရေကြောင့် ရေဆင်းမြောင်း ကောင်းကောင်းမရှိသဖြင့် လမ်းပေါ်များ နှင့် ရပ်ကွက်အတွင်း ရေကြီးရေလျှံလေ့ ရှိသည်။