ဘုရားကိုင်ချောင်း ကျူးကျော်များ ဖျက်ရန် သုံးရက်ကြို အကြောင်းကြားမည်

0
542

မြိတ်မြို့နယ် နယ်မြေသုံးခု အကြားရှိ ဘုရားကိုင်ချောင်း ကျောက်တန်းစီရန်အတွက် ယင်းချောင်း အတွင်း ကျူးကျော် နေထိုင်သူများအား နေအိမ်ဖြိုဖျက်ရန် ၃ ရက် ကြိုတင်အကြောင်းကြားမည်ဖြစ် ကြောင်း ချောင်းနံဘေးနေထိုင်သူများထံမှ သိရသည်။

အဆိုပါ ဘုရားကိုင်ချောင်းရိုးတစ်လျှောက် ဝဲယာများကို ဇွန်လ နောက်ဆုံးပတ်မှစပြီး လုပ်ငန်း စတင်လျက်ရှိပြီး တနင်္သာရီတိုင်းဒေသကြီး ရေအရင်းမြစ်နှင့် မြစ်ကြောင်း ထိန်းသိမ်းရေးဦးစီးဌာန၏ ရံပုံငွေ ကျပ်သိန်း ၈၀၀၀ ကို အသုံးပြုမည်ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

” အိမ်တစ်ခြမ်းပါနေလို့ စည်ပင်ကဖြိုပေးရမယ်လို့ ပြောထားပါတယ်၊ ကြိုပြီးလည်း အကြောင်း ကြားပေးမယ်လို့ ပြောထားပါတယ်” ဟု ထားဝယ်ကမ်းရပ်ကွက်မှ ချောင်းနံဘေးနေ ဒေါ်စန်းကြည် က ပြောသည်။ဘုရားကိုင် တံတား၏အောက်ဘက်ပိုင်းတွင် ပိုင်ဆိုင်မှု အထောက်အထားမရှိဘဲ ကျူးကျော် နေထိုင်နေကြသည့် နေအိမ်များနှင့် ငါးလှမ်းစင်စုစုပေါင်း ၃၀ ခန့်ရှိသည်ဟု စည်ပင်မှ တာဝန်ရှိ အင်ဂျင်နီယာတစ်ဦးက ပြောသည်။

လက်ရှိတွင် နေအိမ်များနှင့် လွတ်နေသည့် နေရာများတွင်သာ ကျောက်တန်းစီနေပြီး နောက်ပိုင်း မှသာ ကျူးကျော်နေအိမ်များဘက်တွင် လုပ်ကိုင်သွားမည်ဟု စည်ပင်မှသိရသည်။