ထားဝယ် အများပိုင်ကုမ္ပဏီ မြေယာအသုံးပြုခွင့် ဒေသခံ ၇၀၀ ဦးကျော် ကန့်ကွက်

0
563

ထားဝယ်အများပိုင်ကုမ္ပဏီက မောင်းမကန်ကမ်းခြေရှိ မြေဧက ၂၅၄.၈၀ ဧကကို အသုံးပြုခွင့်လျှောက်ထားသည် ကို ဒေသခံ ၇၀၀ ဦးကျော်က လက်မှတ် ရေးထိုးပြီး ကန့်ကွက်ထားကြောင်း သိရ သည်။


အထက်ပါကုမ္ပဏီမှ မြေအသုံးပြု ခွင့်အတွက် ယခုနှစ်ဇွန်လတွင်လျှောက် ထားသည်ကို ဒေသခံများကဇူလိုင်လ ၉ ရက်နေ့တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်တိုင်း အုပ်ချုပ်ရေးမှူးတို့ထံ လိပ်မူပြီး ကန့်ကွက် စာပေးပို့ထားကြောင်း မောင်းမကန် ကျေးရွာမှ ဦးထွန်းကြည်က ပြောသည်။
” လက်ရှိအချိန်မှာလုပ်ကိုင်ခွင့်ရရှိထားသော မြေဧရိယာထဲမှာတောင် ဟိုတယ်စီမံကိန်းကို ပြည့်ဝအကောင် အထည် မဖော်နိုင်ဘဲနဲ့ ၂၅၄.၈၀ ဧက ကိုထပ်ပြီး လျှောက်လာလို့ ကန့်ကွက် တာ” ဟု ဦးထွန်းကြည်က ဆိုသည်။
ddpc-reject
ထို့အပြင် သစ်တောကြိုးဝိုင်းကြိုးပြင် ကာကွယ်တောအတွင်း ကျရောက်လျက် ရှိသော မောင်းမကန်ကျေးရွာ ဧရိယာ အတွင်း အများပိုင်ကုမ္ပဏီများက ဟို တယ်စီမံကိန်း အကောင်အထည်ဖော် လျက်ရှိသည့်အပေါ်မောင်းမကန်ကမ်း ခြေ၌ ဇူလိုင်လ ၁၁ ရက်နေ့တွင် မောင်းမ ကန်ဒေသခံများကသတင်းစာရှင်းလင်းပွဲပြုလုပ်ကာ သဘောထားထုတ်ပြန်ချက် တစ်စောင်ကိုထုတ်ပြန်ခဲ့သည်။

ထားဝယ်အများပိုင်သည် တပ်မ တော်မှ သိမ်းယူထားသော မောင်းမကန် ကမ်းခြေ မြေဧရိယာ ၅၀ခန့်တွင် ကနဦး ဘန်ဂလိုတည်ဆောက်ပြီးနောက် ၂၀၁၄ ခုနှစ်၌ မြေဧရိယာ ၁၄၈.၄၀ဧကတွင် ဟိုတယ်စီမံကိန်းတည်ဆောက်ရန် လုပ် ပိုင်ခွင့်ရှိခဲ့သည်ဟု အထက်ပါသဘော ထား ထုတ်ပြန်ချက်အရ သိရသည်။
ထိုနောက်တွင် ကုမ္ပဏီမှ ဧရိယာ သတ်မှတ်ကာ ခြံစည်းရိုးကာရံခဲ့သဖြင့် ယခင်က ယင်းမြေနေရာတစ်ဝိုက်တွင် ထွက်သည့် သီးနှံအပင် ၁၂ မျိုးကိုမဆွတ် ခူးရတော့ဘဲ ဒီရေတောများတွင်လည်း ရှာဖွေစားသောက်ရန် အခက်အခဲရှိလာ သည်။

ထို့အပြင်ရေလုပ်သားများ စက်လှေ ဆိပ်သို့သွားသည့်လမ်းကိုလည်း တားဆီး ခဲ့ကြောင်း ဒေသခံများက ပြောပြသည်။
သစ်တောကြိုးဝိုင်း ^ကြိုးပြင်ကာ ကွယ်တောများကို အများပိုင်ကုမ္ပဏီများ အတွက် ပယ်ဖျက်ပေးခြင်း၊ နှစ်အလိုက် မြေငှားရမ်း အသုံးပြုခွင့်ပေးခြင်းတို့ကို တာဝန်ရှိသူများနှင့် ဆက်စပ်ဌာနများ ကပြုလုပ်နေသော်လည်း ကျေးရွာသူ/သားအများစု၏ မြေယာကိုမူ ကြိုးပြင် ကာကွယ်တောမှ ပယ်ဖျက်ခွင့်မရရှိ သေးသည့်အပေါ် ဒေသခံများက မေးခွန်း ထုတ်လျက်ရှိသည်။

ကျေးရွာဧရိယာအတွင်း အများ ပိုင်ကုမ္ပဏီများကို ဟိုတယ်စီမံကိန်း လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုသကဲ့သို့ ယင်းအများပိုင်ကုမ္ပဏီများ နည်းတူ မောင်းမကန်ကျေးရွာသူ^သားများ၏ မိဘဘိုးဘွားအစဉ်အဆက်လုပ်ကိုင်စား သောက်နေထိုင်လာခဲ့သော မြေယာများကို အသုံးပြုလုပ်ကိုင်ခွင့်ရရှိစေရေးအတွက် လျင်မြန်စွာလုပ်ဆောင်ပေးရန်လိုအပ် နေပြီဖြစ်ကြောင်း အထက်ပါသဘောထား ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
မောင်မကန်ကမ်းခြေတွင် ဟိုတယ် စီမံကိန်းများကို ကမ်းခြေ၏ မြောက်ဖက် တွင် ထားဝယ်အများပိုင် ကုမ္ပဏီက ၂၀၁၂ခုနှစ် ဩဂုတ်မှစတင်ကာ အကောင် အထည်ဖော်လာခဲ့ပြီးနောက် ကမ်းခြေ၏ တောင်ဖက်တွင် တနင်္သာရီအများပိုင် ကုမ္ပဏီက ၂၀၁၃ ခုနှစ်တွင် ထပ်မံ၍ ဟို တယ်စီမံကိန်းကို အကောင်အထည်ဖော် လုပ်ကိုင်လာခဲ့သည်ဟု သိရသည်။