အထွက်နည်းလာသည့် ကျွန်းစုပျားရည် ဈေးတက်

0
583

ကျွန်းစုမြို့နယ်ထွက် ပျားရည်များ ယခုနှစ်အတွင်း အထွက်နည်းလာသည့်အတွက် ပျားရည်တစ်ဗူး ကျပ်၆၀၀၀ အထိ ပေါက်ဈေးရှိနေကြောင်း ယင်းမြို့ခံတချို့ထံမှ သိရသည်။


ပြီးခဲ့သည့်နှစ်က အများဆုံး ကျပ်  ၅၀၀၀ အထိသာ ပေါက်ဈေးရှိခဲ့သည့် ကျွန်းစုပျားရည်များ ယင်းသို့ ဈေးတက် လာခြင်းဖြစ်သည်။
မေလက ပျားရည်တစ်ဗူးကို  ကျပ် ၄၀၀၀ အထိသာ ပေါက်ဈေးရှိရာမှ ဇွန်လမှစပြီး တဖြည်းဖြည်း မြင့်တက်လာရာ လက်ရှိတွင် ကျပ် ၆၀၀၀ အထိ ပေါက်ဈေးရှိကြောင်း ကျွန်းစုမြို့ခံတချို့ထံမှ သိရသည်။
ကျွန်းစုမြို့နယ် ထိန်ချောင်းကျေးရွာတွင် နှစ်စဉ်ကဆုန်လပြည့်နေ့တိုင်း သံဃာတော်များအား ပျားရည်ဆွမ်းလောင်းလှူပွဲကို ကျင်းပလေ့ရှိပြီး ယင်းလတွင် ပျားရည် အထွက်များသည့်လဖြစ်ကြောင်း သိရသည်။ ပျားရည်ဆွမ်းလောင်းလှူနိုင်ရန် တောနက်ထဲမှ ပျားကောင်များ ရှိနိုင်မည့် နေရာများတွင် ထင်းရှုး သစ်သား ပုံးများ ချထားပေးခဲ့ပြီး သစ်သားပုံးတွင် ပျားကောင်များ ဝင်ရောက်သည့်အခါ နေအိမ်သို့ ပြန်လည် သယ်ဆောင်လာကာ ဆွမ်းလောင်းလှူပွဲ မတိုင်ခင် ရက်ပိုင်းအလိုတွင် ပျားရည်ဖွတ်ကြသည်ဟု ထိန်ချောင်းရွာသားတစ်ချို့က ပြောပြသည်။
” ပျားပုံးတွေထဲမှ ပျားသိပ်မဝင်ကြလို့ ပျားရည်လည်း သိပ်မရကြတော့၊ အထွက်နှုန်းကျတာပါ” ဟု ကန့်တလူ ရွာသားတစ်ဦးဖြစ်သူ ဦးငွေလွင်က ပြောသည်။
ကျွန်းစုမြို့နယ်အတွင်းရှိ ထိန်ချောင်း၊ မရမ်းချောင်း၊ တောင်တွင်းကြီး၊ ကန့်တဘူကျေးရွာတို့တွင် ပျားရည် အဓိကထွက်ပြီး အခြား ကျေးရွာတစ်ချို့မှလည်း ပျားရည်များ ထွက်ရှိ ကြကြောင်း မြို့ခံတစ်ချို့က ပြောသည်။